KNLA တပ်မဟာ ၂ ခုနှင့် တိုက်ပွဲ ၂ ရက်တာအတွင်း စစ်အုပ်စုဘက်က ၃ ဦးသေ ၉ ဦးဒဏ်ရာရ

KNLA တပ်မဟာ ၂ ခုနှင့် တိုက်ပွဲ ၂ ရက်တာအတွင်း စစ်အုပ်စုဘက်က ၃ ဦးသေ ၉ ဦးဒဏ်ရာရ

မေ ၂၅

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၅)၊ တပ်မဟာ (၃) တို့နဲ့ နှစ်ရက်တာတိုက်ပွဲအတွင်း အာဏာသိမ်းစစ်အုပ်စုဘက်က သုံးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU သတင်းနဲ့ ပြန်ကြားရေးက မေလ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက် မနက်ပိုင်းက KNLA တပ်မဟာ (၅)၊ တပ်မဟာ (၃) ပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်အုပ်စုတို့ ခဲဒိုးအုပ်စု၊ လယ်ပူထာ၊ ဝါမီလူနယ်မြေတွေအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှာ အကြမ်းဖက်စစ်အုပ်စုဘက်က  သုံးဦးသေဆုံး၊ ခြောက်ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် MA - 1 တစ်လက်၊ MA - 2 တစ်လက်ကို KNLA က သိမ်းဆည်းရရှိခဲ့ပြီးတော့  KNLA ဘက်က ထိခိုက်ကျဆုံးမှုမရှိဘူးလို့ ပါရှိပါတယ်။ 

မေလ ၂၄ ရက် မနက်မှာလည်း KNU တပ်မဟာ (၅)၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ပါဟက်အုပ်စု၊ ကော်ဘောဒဲ နယ်မြေအတွင်းမှာ KNLA နဲ့ အကြမ်းဖက်စစ်အုပ်စုတို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြပြီး အကြမ်းဖက်စစ်အုပ်စုဘက်က သုံးဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာကြောင့် တိုက်ပွဲနှစ်ရက်တာအတွင်း စစ်အုပ်စုဘက်က သုံးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့တာပါ။

ညနေပိုင်းမှာတော့ ဖာပွန်အခြေစိုက် ခမရ (၁၉) နဲ့ ခမရ (၃၄၀) က အကြမ်းစစ်အုပ်စုတပ်ဖွဲ့တွေဟာ KNU တပ်မဟာ (၅) မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်အတွင်းရှိ ပြည်သူလူထုတွေရဲ့ ဥယျာဉ်ခြံအတွင်းကို လက်နက်ကြီး ၇ လုံး ပစ်ချခဲ့တဲ့ထဲက ၆ လုံးပေါက်ကွဲခဲ့ပြီး ၁ လုံးကတော့ မပေါက်ကွဲခဲ့ဘူးလို့ ပါရှိပါတယ်။

အဲ့ဒီနောက် KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေအတွင်းရှိ ဃူဘီးထွီကနေ ကမမောင်းဘက်ကို ခြောက်ဘီးကားနဲ့ ၁ဝ ဘီးကား စုစုပေါင်း ကား ၁၃ စီးဖြင့် စစ်အင်အားရိက္ခာတွေ ပို့ဆောင်ခဲ့တယ်လို့ KNU က ဆိုပါတယ်။

KNLA နဲ့ အကြမ်းဖက်စစ်အုပ်စုတို့အကြား နေ့တိုင်းလိုလိုပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပြီး စစ်အုပ်စုဘက်က ပြည်သူလူထုတွေရဲ့ လုပ်ငန်းခွင်တွေကျေးရွာတွေအတွင်းကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့လည်း KNU သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required