ဆေးရုံအုပ်အပါအဝင် စစ်သားများနဲ့ ရဲများက သေနတ်ဖြင့်ချိန်ကာ ခြိမ်းခြောက်မှုပြုလုပ်သဖြင့် ဗဟိုအမျိုးသမီးဆေးရုံ(ရန်ကုန်)ရှိ CDM ဝန်ထမ်းများ အိမ်ယာကနေ ထွက်ပြေးတိမ်းရှောင်

ဆေးရုံအုပ်အပါအဝင် စစ်သားများနဲ့ ရဲများက သေနတ်ဖြင့်ချိန်ကာ ခြိမ်းခြောက်မှုပြုလုပ်သဖြင့် ဗဟိုအမျိုးသမီးဆေးရုံ(ရန်ကုန်)ရှိ CDM ဝန်ထမ်းများ အိမ်ယာကနေ ထွက်ပြေးတိမ်းရှောင်

မေ ၂၄၊ ရန်ကုန်

ဗဟိုအမျိုးသမီးဆေးရုံ(ရန်ကုန်)ရှိ ဆေးရုံအုပ်အပါအဝင်၊ စစ်သားများနဲ့ ရဲများက မေလ ၂၃ ရက်နေ့မှာ ဝန်ထမ်းအိမ်ရာရှိ CMD ဝန်ထမ်းများကို သေနတ်နှင့် ချိန်ကာ ခြိမ်းခြောက်ပြီး အလုပ်ပြန်ဆင်းရန် အကြပ်ကိုင်မှုကြောင့် ဝန်ထမ်းအားလုံးနီးပါး အိမ်ရာကနေ ထွက်ပြေးသွားခဲ့ပါတယ်။

“ဝန်ထမ်းအိမ်ရာမှာ တအိမ်ကို တယောက်နှုန်းနဲ့ အိမ်ပြင်ထွက်ခိုင်းပြီး သေနတ်နဲ့ချိန်ထားတယ်။ ပြီးတော့ နောက်နေ့ အလုပ်ပြန်ဆင်းမလား၊ ဒါမှမဟုတ် အချုပ်ကားနဲ့ တခါတည်း လိုက်မလားဆိုပြီး CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်တယ်”လို့ ဗဟိုအမျိုးသမီးဆေးရုံမှ သူနာပြုတစ်ဦး၏ ခင်ပွန်းဖြစ်သူက မဇ္ဈိမကို ပြောပါတယ်။

လက်နက်အပြည့်အစုံကိုင်ဆောင်ထားတဲ့ စစ်သားနဲ့ ရဲအင်အား ၄၀ ခန့်က ဆေးရုံရှိ CDM ဝန်ထမ်းများ သေနတ်ဖြင့် ချိန်ပြီး ခြိမ်းခြောက်မှု ပြုလုပ်ခဲ့တဲ့ အဆိုပါ ဖြစ်စဉ်ဟာ မေလ ၂၃ ရက်၊ ည ၉  နာရီခန့်မှာ ဒဂုံမြို့နယ်၊ ပြည်လမ်း၊ အနောက်ရပ်ကွက်ရှိ ဗဟိုအမျိုးသမီးဆေးရုံ ဝန်ထမ်းအိမ်ရာနဲ့၊ လမ်းမတော်မြို့နယ်ထဲပါဝင်တဲ့ ဗဟိုအမျိုးသမီးဆေးရုံ ဝန်ထမ်းအိမ်ရာ(တိုးချဲ့ဘွိုင်လာ)ဝင်းထဲမှာ ဖြစ်ပွားသွားခဲ့တာပါ။

“သူတို့က သေနတ်နဲ့ ချိန်ထားတဲ့အပြင် မျက်နှာတွေကိုလည်း ဓါတ်ပုံရိုက်တယ်။ နောက်နေ့ကြရင် ဒီဝန်ထမ်းတွေ အလုပ်ပြန်ဆင်းတာ မြင်ချင်တယ်တဲ့။ မနက်ကြရင် အလုပ်ပြန်ဆင်းမလား၊ ဒါမှမဟုတ် အခု တခါတည်း အချုပ်ကားပေါ်လိုက်မလားဆိုပြီးပြောတာ။ မနက် အလုပ်ပြန်ဆင်းပါမယ်ဆိုမှ ခံဝန်ထိုးခိုင်းပြီး အိမ်ပြန်ခိုင်းတာ”လို့ အမည်မဖော်လိုတဲ့ CDM ဝန်ထမ်းက ပြောပါတယ်။

သေနတ်နဲ့ချိန်ပြီး ဝန်ထမ်းများကို ခြိမ်းခြောက်မှုကြောင့် ဝန်ထမ်းအများစုက ဒီကနေ့ (မေလ ၂၄) ရက်နေ့ နံနက် ၈ နာရီမှာ လုပ်ငန်းခွင် ပြန်ဝင်မယ်ဆိုတဲ့အကြောင်း ခံဝန်ကတိ လက်မှတ်ရေးထိုးပေးခဲ့လိုက်ပေမယ့် အဲဒီ ညတွင်းချင်းမှာပဲ ပြောင်းရွှေ့ထွက်ပြေးသွားကြတဲ့ ဝန်ထမ်းတွေ ရှိသလို၊ ဒီကနေ့ နံနက် မိုးမလင်းခင်ကတည်းက ရှောင်တိမ်းသွားခဲ့တဲ့ ဝန်ထမ်းတွေလည်း ရှိခဲ့ပါတယ်။

ဗဟိုအမျိုးသမီးဆေးရုံဟာ အခြေခံဝန်ထမ်း ၃၀၀ ကျော်ရှိပြီး၊ အဲဒီဝန်ထမ်းတွေရဲ့  ၉၀ ရာခိုင်နှုန်းခန့်ဟာ အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုကို ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly