နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၉ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၉ မေ ၂၀၂၁)
ပုံ - မန္တလေးမြို့ရှိ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်ကောင်စီကျရှုံးရေး ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း(Photo - EPA)

ရန်ကုန်တိုင်းဒေသကြီး

• သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၄ ရပ်ကွက်၊ ဇောတိကလမ်းရှိ ရပ်ကွက်ရုံးတွင် ယမန်နေ့က အသွားအလာကန့်သတ်ထားသည့် ည ၈ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနီးရှိ ကားတစ်စီး ပျက်စီးခဲ့သည်။ 

• ရန်ကုန်မြို့၊ ဝန်ကြီးများရုံးအနီးရှိ နေအိမ်တစ်ခုမှ ကိုဟင်နရီထက်အောင်ဆိုသူနှင့် အသက်မပြည့်သေးသူ လူငယ်နှစ်ဦးအား စစ်အုပ်စုလက်နက်ကိုင်များ ယမန်နေ့ ည ၁၁ နာရီခွဲခန့်က အင်အား ၅၀ ခန့်ဖြင့် နေအိမ်အတွင်း ဝင်ရောက်စီးနင်း၍ ဖမ်းဆီးသွားသည်။ 

• ရန်ကုန်အပါအဝင် မြို့ကြီးများတွင် ဗုံးပေါက်ကွဲမှုများ ရှိနေသည့်အတွက် မြန်မာနိုင်ငံတွင်းရှိ နိုင်ငံသားများ အမြန်ဆုံးထွက် ခွာရန်နှင့် အန္တရာယ်ရှိမှုဆိုင်ရာ အမြင့်ဆုံး အဆင့် ၄ သတ်မှတ်ထားသည့်အတွက် နိုင်ငံသားများအနေဖြင့် မြန်မာပြည်သို့ မလာရောက်ကြရန် အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။ 

• လှိုင်မြို့နယ်တွင် နံနက် ၇ နာရီခွဲခန့်က မြန်မာနိုင်ငံ ကြက်ခြေနီလူနာအသင်းမှ အရေးပေါ်လူနာတင်ယာဉ်အား လူတစ်စုမှ မီးပုလင်း၊ ဓာတ်ဆီပုံးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကားလေကာမှန်ကွဲကာ ကားအနောက်ခြမ်းနှင့် ကားနောက်ဘီးများ မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။ 
• သာကေတမြို့နယ်၊ မြေနီလမ်းမှတ်တိုင် အတွင်းပိုင်းတွင် ယနေ့နံနက် ၉ နာရီခွဲခန့်က တက္ကသိုလ်ကျောင်းသားများ စုပေါင်း သပိတ်စစ်ကြောင်းထွက်ရန် လူစုနေစဉ် စစ်အုပ်စုလက်နက်ကိုင်များက ဆိုင်ကယ်များဖြင့် လာရောက်ဖြိုခွင်းခဲ့သည့်အတွက် အမျိုးသမီး တစ်ဦးနှင့် အမျိုးသားနှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ 

• ရွှေပြည်သာမြို့နယ်နေ လူငယ်များကလည်း မင်းတပ်မြို့နှင့် အတူရှိနေကာ "ငါတို့သည် ကောက်ရိုးမီး မဟုတ်ပါ" ဟူသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ Paper Strike ပြုလုပ်ခဲ့သည်။ 

• ရွှေပြည်သာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ မဟာမြိုင်လမ်းမပေါ်ရှိ အ.မ.က (၂၁) ကျောင်းတွင် နေ့လယ် ၁၁ နာရီခန့်က ပေပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ အဆိုပါကျောင်းတွင် ယမန်နေ့က စစ်အုပ်စုလက်နက်ကိုင်များက မြတ်ခုတ်ရှင်းလင်းမှု များ ပြုလုပ်ထားသည်။ 

• တိုက်ကြီးမြို့နေ ပြည်သူများကလည်း "မြေဖြူကိုင်တဲ့လက် သမိုင်းတရားခံ အဖြစ်မခံနဲ့"၊ "ပလ္လင်ပေါ် ခွေးတက် လူတွေ ဘေးထွက်" ဟု ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း Paper Strike ပြုလုပ်၍ ဆန္ဒပြခဲ့ကြသည်။ 

• တောင်ဥက္ကလာပမြို့နယ် လူငယ်တွေက "အနိုင်မခံ အရှုံးမပေး တ/ဥ နွေဦးတော်လှန်ရေး" စာတန်းကိုင်ဆောင်ကာ ရပ်ကွက်အတွင်း လှည့်လည်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ရန်ကုန်အပါအဝင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင်ပါ ပုဒ်မ ၁၂၄ (က)၊ ၅၀၅ (ခ) တို့ဖြင့် NLD အစိုးရလက်ထက် အမှုဖွင့်ခံ ထားရသူ စစ်အုပ်စုလက်ပါးစေ မိုက်ကယ်ကျော်မြင့်၏ အမှုများအား စစ်အုပ်စုလက်အောက်ခံ တရားရုံးများက အမှုပြန်လည် ရုပ်သိမ်းပေးလိုက်သည်။ 

• စစ်အုပ်စုက အသစ်ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို တက်ရောက်မည့် ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီမှ မန္တလေးတိုင်း ပါတီဥက္ကဋ္ဌနှင့် ပါတီဝင်အချို့ နုတ်ထွက်ကုန်ပြီ ဖြစ်သည်။ 

• မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်စံပြကျေးရွာတွင် ကျေးရွာတွင်းသုဿန်အုတ်ဂူများ၌ စစ်အုပ်စုခေါင်းဆောင်ပုံများ ကပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အသုဘသပိတ်ပြုလုပ်ခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး

• ကျောက်ပန်းတောင်တွင် စစ်အုပ်စုက မြို့နယ်အလိုက် ၎င်းတို့ဖမ်းဆီးလိုသည့်သူများစာရင်းကို လိုက်လံကပ်ထားလျက် ရှိသည်။ 

• မိုးကုတ်တွင် ယနေ့နံနက် ၅ နာရီခန့်က မြို့ခံပြည်သူ သုံးဦးအား အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက နေအိမ်များ သို့ ဝင်ရောက်ဖမ်းဆီးသွားကာ မည်သည့်အတွက်ကြောင့် ဆိုသည်ကိုမူ စုံစမ်းဆဲ ဖြစ်သည်။ မိုးကုတ်တွင် မြို့နေရာအနှံ့အပြား၌ စစ်အုပ်စုဘက်က လုံခြုံရေးချ စစ်ဆေးမှုများ ပြုလုပ်နေကာ ညပိုင်းများတွင်လည်း ခြောက်လှန့်ပစ်ခတ်မှုများ ရှိနေသည်ဟု သိရသည်။ 

• မိုးကုတ်တွင် ယမန်နေ့ည ၈ နာရီခန့်က ကြံ့ခိုင်ရေးပါတီရုံးနှင့် မိုးလုံလေလုံအားကစားကွင်းအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ပါတီရုံးညစောင့် ဗုံးဆံထိမှန်ခဲ့ပြီး ထွက်ကြည့်သည့် ကျောင်းအုပ်ဆရာတစ်ဦးမှာလည်း စစ်အုပ်စုဘက်မှ အဆင်ခြင်မဲ့ပစ်ခတ် မှုကြောင့် ရင်ဘက်တွင် ကျည်ထိမှန်ကာ ပြင်ဦးလွင်ဆေးရုံး၌ ကုသနေရသည်။

• မန္တလေးတွင် ယမန်နေ့ည ၆ နာရီခွဲခန့်က ၃၅ လမ်း (၇၁ နှင့် ၇၂ လမ်းကြား) ရှိ မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းရုံးရှေ့တွင် အလျား ၇ လက်မခန့်ရှိ သံပိုက်ဖြင့် ပြုလုပ်ထားကာ အဝေးထိန်းခလုပ် တပ်ဆင်ထားသည့် လက်လုပ်ဗုံးတစ်လုံးအား တွေ့ရှိခဲ့သည်။ ထို့ပြင် ည ၁၀ ခွဲခန့် အသွားအလာကန့်သတ် ထားသည့်အချိန်ကလည်း ၃၅ လမ်းပေါ်ရှိ ပြည်ကြီးတံခွန်ရဲစခန်း ဘက်တွင် အနည်းဆုံး သေနတ်ပစ်သံ သုံးချက် ကြားခဲ့ရကြောင်းလည်း မန္တလေးမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။ 

• မန္တလေးတွင် စစ်အုပ်စုဘက်က သပိတ်များအား နည်းပေါင်းစုံဖြင့် ဖြိုခွင်းနေသည့်ကြားကပင် တပ်ပေါင်းစုသပိတ်စစ်ကြောင်းက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ တပ်ပေါင်းစုတွင် တမ္ပဝတီ၊ ချမ်းမြသာစည်မြို့နယ် ကျောင်းသားသမဂ္ဂ၊ ချမ်းမြသာစည်၊ ဘုရားကြီး၊ စိန်ပန်း၊ ဗကသ၊ အ.ထ.က (၇) ကျောင်းသား ဟောင်းများ သပိတ်စစ်ကြောင်းတို့ ပါဝင်သည်။ 

• မန်း တကသများ သပိတ်စစ်ကြောင်းကလည်း ယခင်နေ့များကဲ့သို့ လမ်းများပေါ်တက်ခြင်း မလုပ်ဘဲ မြို့ပေါ် စားသောက် ဆိုင်တစ်ခုအတွင်း စုဝေးကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကြွေးကြော်၍ ပုန်ကန်တော်လှန်ခဲ့သည်။ 

• မန္တလေး လေးပြင်ရပ်သံဃာတော်များနှင့် ပြည်သူများ ပူးပေါင်းထားသည့် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကလည်း စစ်အာ ဏာရှင်စနစ် အလိုမရှိကြောင်းနှင့် NUG အစိုးရထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မန်း စက်မှုစုပေါင်း၊ အ.ထ.က (၂၇) နှင့် Gen-Z လူငယ်များ စုပေါင်းကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြ သည်။ 

• စစ်အုပ်စုခေါင်းဆောင် ပြန်သွားပြီးနောက် မန္တလေးမြို့ပေါ်တွင် လက်နက်ကိုင်လုံခြုံရေးတပ်များဖြင့် လုံခြုံရေးတင်းကြပ်မှု များကို ပြန်လည်လျှော့ချထားပြီဖြစ်ကာ ဆိုင်ကယ်နှင့် စက်ဘီးစီးနင်းကာ အားကစားဘောင်းဘီဝတ်ဆင်ထားသည့် ပုံမှန် မဟုတ်သည့်သူများ ပိုမိုများပြားလာလျက်ရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ၇၈ လမ်းနှင့် သိပ္ပံလမ်းထောင့်တွင် ရဲကား ပေါ်မှ အသက် ၂၀ နှင့် ၂၅ နှစ်အရွယ်ကြား လူငယ်လေးဦး ဆင်းလာကာ ယင်းပတ်ဝန်းကျင်၌ ပြည်သူများအသွင် သွားလာ လှုပ်ရှားလျက်ရှိသည်ဟု မန္တလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီတွင် အတည်ပြုပြောဆိုပြီး အတည်မပြုနိုင်သေးသည့်သတင်း များအရ သင်တန်းဆင်းရဲလူငယ်များအား အရပ်သားအသွင် ယူခိုင်းထားခြင်းဖြစ်သည်ဟု သိရသည်။ 

• ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမရွာရှိ တရုတ်ဂတ်စ်ပိုက်လိုင်းနှင့် ရေနံ/သဘာဝဓာတ်ငွေ့စက်ရုံစောင့် ရဲတပ်ဖွဲ့ဝင် သုံးဦးအား မေလ ၅ ရက်က အသတ်ခံရမှုဖြင့် အမျိုးသား ကိုးဦးအာ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။ မေလ ၁၅ ရက်က ကိုဇင်မျိုးထွေး (ခ) ထွေလာဂျီအား Top Myanmar ပီနီအိတ်စက်ရုံတွင် လည်းကောင်း၊ မေလ ၁၆ ရက်တွင် ကိုကျော်ဇင်လတ်၊ ကိုဖြိုးမောက်၊ ကိုဇော်ပိုင်မွေး၊ ကိုဂျစ်တူး၊ ကိုဆန်းထူးဝေ၊ ကိုထွန်းကို၊ ကိုကျော်စိုးဝင်းနှင့် ကိုမောင်ထိုက်တို့ကို ၎င်းတို့၏ နေအိမ်များတွင်လည်းကောင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

• မိတ္ထီလာခရိုင်၊ မလှိုင်မြို့တွင်လည်း ဒေသခံများက နှာခေါင်းစည်းများတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း စာများ ရေးကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။ 

• ရှေးဟောင်းပုဂံဒေသ ညောင်ဦးတွင် ပင်မစစ်ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ရပ်ကွက်များတွင်း လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ပဲခူးတိုင်းဒေသကြီး

• ပြည်မြို့၊ အမှတ် (၅) ကျောင်းအနီးတွင် ယမန်နေ့ညပိုင်း ၇ နာရီခွဲခန့်က ဆိုင်ကယ်စီးလာသူ ဒေသခံ ကိုငွေသိန်းဆိုသူအား စစ်အုပ်စုလက်နက်ကိုင်များက အကြောင်းမဲ့ပစ်ခတ်ခဲ့ကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ နံနက်ပိုင်းတွင် အလောင်းလာ ယူရန်အတွက် မိသားစုထံ အကြောင်းကြားထားသည်ဟု သိရသည်။ 

• ပြည် နည်းပညာတက္ကသိုလ် BE-Civil နောက်ဆုံးနှစ် ကျောင်းသား ကိုသန့်ဇင်ထွန်း စစ်အုပ်စုလက်နက်ကိုင်များက စစ်အုပ်စုလက်အောက်ခံ တရားရုံးက ပုဒ်မ ၅၀၅ (က)၊ သဘာဝေဘေး ဥပဒေ ပုဒ်မ ၂၅ တို့ဖြင့် တစ်မှုလျှင် ထောင်ဒဏ်သုံးနှစ်စီ ဖြင့် စုစုပေါင်း ခြောက်နှစ် သီးခြားစီ ကျခံစေရန် တစ်ဖက်သက် အမိန့်ချမှတ်ထားသည်။ ၎င်းမှာ ဖေဖော်ဝါရီလ ၁၉ ရက်က ပြည်မြို့ အကောင်းစားလက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် ပြည်မြို့နယ်စခန်းမှူး သန်းဇော်ဝင်းက ဖမ်းဆီးသွားခြင်း ဖြစ်သည်။ 

• ပြည်မြို့၊ ကမ်းနားစည်ပင်ရုံးအနီးတွင် ယနေ့နံနက် ၈ နာရီခွဲခန့်က ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူ မရှိဟု သိရသည်။ ထို့ပြင် ကြံ့ခိုင်ရေးပါတီရုံးနှင့် ခရိုင်တရားရုံးတွင်လည်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကာ ထိခိုက်ဒဏ် ရာရသူ မရှိခဲ့ဟု သိရသည်။ 
• ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ဥဿာလမ်းတွင် ယမန်နေ့ည ၁၀ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များက လမ်းအတွင်း ဝင်ရောက်လာကာ လမ်းအတွင်း နေထိုင်သူများကို အိမ်ရှေ့ထွက်ထိုင်ခိုင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အပြင် ၎င်းတို့ လမ်းအတွင်း ဝင်ရောက်စဉ် လမ်းပေါ်ရှိနေရာမှ နေအိမ်တွင်း ဝင်ပြေးခဲ့သူ မောင်စိုးအောင် (၁၈ နှစ်)၊ မောင်ကျော်ကျော် (၁၄) နှစ်နှင့် မောင်ဝင်းသူ (၁၄ နှစ်) တိုပကို ရိုက်နှက်ဖမ်းဆီးသွားသည်။ 

• ဝေါမြို့နယ်၊ ညောင်ခါးရှည်စံပြကျေးရွာ (၂) လမ်းရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနေအိမ်တွင် ယနေ့နံနက် ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ဟု သိရသည်။ ထို့ပြင် မပေါက်ကွဲသေးသည့် ဗုံးနှစ်လုံးကိုလည်း ထပ်မံ တွေ့ရှိခဲ့ရာ စစ်အုပ်စုလက်နက်ကိုင်များက စစ်ကား အနည်းဆုံး ငါးစီးခန့်ဖြင့် ကျေးရွာတွင်းရောက်ရှိနေကာ စျေးဆိုင်များ ပိတ်ထားရန်နှင့် ဒေသခံများ အိမ်ပြင်မထွက်ကြရန် လိုက်လံကြေညာလျက်ရှိသည်။ မေလ ၁၈ ရက်ကလည်း ကျေးရွာ အ.ထ.က ကျောင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စျေးကုသနေသည့် ဆရာဝန်တစ်ဦးအား ဖမ်းဆီးသွားခဲ့သည်။ 

• ပဲခူးလူငယ်နှင့် အ.က.သ လူငယ်များကလည်း စစ်ကျွန်ပညာရေး လက်မခံရန်အတွက် ကျောင်းမတက်ရေး လှုံဆော်စာများကို မြို့နယ်တွင်း စျေးများ၌ ဖြန့်ဝေခြင်း၊ လမ်းမများပေါ် ကြဲချခြင်းများ ပြုလုပ်ခဲ့သည်။ 

• ပေါင်းတည်၊ စစ်အုပ်စုခန့် ဆင်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးငကြိုင် (ခ) ဦးသိန်းကြိုင်မှာ မေလ ၁၇ ရက် ည ၈ နာရီခန့်တွင် လူ ၁၀ ဦးခန့်က တူမီးသေနတ်များဖြင့် နေအိမ်အား လာရောက်ပစ်ခတ်ခံရပြီးနောက် နုတ်ထွက်စာတင်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်များကလည်း ပေါင်းတည်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး လေးဦးအိမ်အား တူမီးသေနတ်နှင့် အသံဗုံးပစ်ခတ်ခံရမှုများ ရှိခဲ့သည်။

• သာယာဝတီခရိုင်၊ မိုးညိုမြို့နေ လူငယ်များကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း Paper Strike ပြုလုပ်ခဲ့သည်။ 

• ပဲခူးတိုင်း၊ ဒိုက်ဦးမြို့အား ယနေ့တွင် စစ်အုပ်ချုပ်ရေးကြေညာလိုက်သည်။ ဒိုက်ဦးတွင် ယမန်နေ့ ညပိုင်းက လမ်းသွားလမ်းလာ သုံးဦးအား စစ်အုပ်စုလက်နက်ကိုင်များက ပစ်ခတ်ခဲ့ရာ ဦးအောင်ကျာ်မိုးဆိုသူ ကွယ်လွန်ခဲ့သည်။ ဒိုက်ဦးတွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းက မြို့ပေါ်နေ ပြည်သူများအား စစ်အုပ်စုလက်နက်ကိုင်များဘက်က အကြောင်းမဲ့ပစ်ခတ်မှုများ၊ နေအိမ်များသို့ ဝင်ရောက်၍ စီးနင်းရှာဖွေခြင်းများ ပြုလုပ်ခဲ့သေးသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• မြောင်မြို့နယ်၊ ရွှေပေါက်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်နှင့် ၎င်း၏ သမီးနှင့် မြေးဖြစ်သူတို့မှာ ယမန်နေ့ ည ၈ နာရီခွဲခန့်က သေနတ်နှင့် ဓားကိုင်ဆောင်ထားသည့် မျက်နှာဖုံးစွပ်လူတစ်စုက ဝင်ရောက်သတ်ဖြတ်သွားသည်ဟု သိရသည်။ ဦးစိုးညွန့် အုပ်ချုပ်ရေးမှူးလုပ်စဉ်ကလည်း ဒေသခံများက သံဗုံးတီး ကန့်ကွက်ခဲ့ကြသေးပြီး လက်ရှိတွင် ရုပ်အလောင်းများကို မြိုင်မြို့ဆေးရုံ ရင်ခွဲရုံ၌ ထားရှိထားသည်။ 

• စစ်ကိုင်း၊ ကလေးမြို့တွင် ဒေသခံများက စစ်ကြောင်းလေးကြောင်း စုပေါင်းကာ အင်အား ၂၀၀ ကျော်ဖြင့် "လုံးဝအုပ်ချုပ်ခွင့် မရစေရ" နှင့် "We support NUG” ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လှည့်လည်ဆန္ဒပြခဲ့ကြသည်။ ကလေးခရိုင်တွင် စစ်အုပ်စုလက်အောက် အလုပ်လုပ်ရန် ငြင်းဆန်ကာ ပြည်သူနှင့် ရပ်တည်၍ CDM လုပ်နေသူ အထက်တန်းပြဆရာ/ဆရာမ ၃၄၀ ဦးကို အလုပ်မှ ယာယီရပ်ဆိုင်းထားသည်။ ထို့ပြင် အလယ်တန်းပြ ဆရာ/ဆရာမ ၆၅၇ ဦးကိုလည်း အလုပ်မှ ယာယီရပ်ဆိုင်းထားသည်။ ကလေးမြို့တွင် ယမန်နေ့ညပိုင်းကလည်း ဘူတာလမ်းခွဲ၌ စစ်အုပ်စုလက် နက်ကိုင်များဘက်က ခြောက်လှန့်ပစ်ခတ်မှုအချို့ ပြုလုပ်ခဲ့သည်ဟု ကလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီတွင် အတည်ပြု ပြောဆိုသည်။ 

• ကလေးမြို့နယ်၊ ရာဇဂြိုဟ်ရွာတွင် ယနေ့နံနက် ၃ နာရီခန့်က ဘောလုံးပွဲကြည့်နေသည့် ဒေသခံငါးဦးအား စစ်အုပ်စုလက် နက်ကိုင်များက ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးခံရသူများတွင် တက္ကသိုလ်ကျောင်းသားနှစ်ဦး ပါဝင်သည်။ 

• မော်လိုက်မြို့နေ ပြည်သူများကလည်း ချင်းတွင်းမြစ်ကမ်းဘေး၌ "အသံတိတ်နေတာ ကြောက်လို့ မဟုတ်ဘူး ဒလန်တွေ များလို့" ၊ "မင်းတပ်မြို့လေး ဘေးရန်ကင်းပါစေ" စသည့် စာရွက်များကိုင်ဆောင်ကာ ပျောက်ကြားသပိတ်ပြုလုပ်၍ စစ် အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• ဖောင်းပြင်မြို့နယ်မှ ပညာရေးဝန်ထမ်း ၂၇၄ ဦးကို ပြည်သူဘက်ရပ်တည်ကာ CDM ပြုလုပ်၍ စစ်အာဏာရှင်ယန္တရားများ မလည်ပတ်ရေး လုပ်ဆောင်မှုဖြင့် အလုပ်မှ ယာယီရပ်ဆိုင်းထားပြီ ဖြစ်သည်။ 

• စစ်ကိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်၊ သပြေသာအုပ်စု တောင်သူများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းအား ပဲစိုက်ခင်းများအတွင်း၌ ဆန္ဒထုတ်ဖော်ပြခဲ့ကြသည်။ 

• တန့်ဆည်နေ ပြည်သူများကလည်း "လူသတ်စစ်ကောင်စီ လုံးဝ အလိုမရှိဘူး"၊ "CDM လုံးဝအပျက်မခံဘူး" စသည့် ဆိုင်များ ကိုင်ဆောင်ကာ မြို့နယ်တွင်းရှိ ကျေးရွာများ၌ လှည့်လည်၍ ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့သည်။

• မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းမှာလည်း လူအင်အား ၁၀၀ ကျော်ဖြင့် မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီး တိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်နေ ပြည်သူ့စုပေါင်းသပိတ်စစ်ကြောင်းကလည်း ယနေ့နေ့လယ်ပိုင်းက ကျေးရွာများ အတွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

မကွေးတိုင်းဒေသကြီး

• သရက်မြို့၊ စည်ပင်ရုံးတွင် ယမန်နေ့ည ၉ နာရီကျော်နှင့် ၉ နာရီခွဲခန့်တွင် ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့ရာ ထိခိုက်မှုမရှိခဲ့သော်လည်း ယင်းအနီးရှိ ရပ်ကွက်အတွင်းမှ ပြည်သူသုံးဦးကို စစ်အုပ်စုလက်နက်ကိုင်များက ဖမ်းဆီးသွားသည်။ 

• ဆောမြို့နယ်၊ လောင်းရှည်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်အုပ်စု သတင်းပေးဒလန်များကို ဦးစားပေးချေမှုန်းမည် ဟု ထုတ်ပြန်ထားသည်။ 

• မကွေး၊ အောင်လံမြို့အခြေစိုက် တပ်မ ၇၁ အနီးတွင် ယနေ့နံနက်အစောပိုင်းက တပ်မတော်သားများ ပြည်သူနှင့်အတူ ရပ်တည်ပေးရန် မြို့ခံများက Paper Strike ပြုလုပ်ခဲ့သည်။ 

• ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ ဒေသခံများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်းဘုတ်များ စိုက်ထူကာ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။ 

• ပခုက္ကူခရိုင်၊ ကမ္မမြို့တွင် ယနေ့နံနက်ပိုင်းက ဒေသခံအင်အား ၁၀၀ ကျော် ပါဝင်သည့် သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ်ကြောင်း လှည့်လည်ဆန္ဒပြခဲ့ကြသည်။ 

• မြိုင်မြို့နယ်၊ မန်ကျည်းကန်ဇုံရှိ ကျောင်းသားနှင့် မိဘပြည်သူများက စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အခြေခံပညာကျောင်းသားများပါ ပါဝင်သည့် မြိုင်မြို့နယ်၊ အနောက်ပိုင်းဇုန်သပိတ်စစ် ကြောင်းကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မင်းလှမြို့နယ်၊ မန်းသံပုရာကန်လူငယ်များကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ပွင့်ဖြူမြို့နေ လူငယ်များကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း Paper Strike ပြုလုပ်ခဲ့သည်။ 

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်မြို့တွင် ဒေသခံများက လမ်းမကြီးများပေါ်တွင် ဆေးအနီများ ပတ်ဖြန်း၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း အာရုဏ်ဦးသွေးသပိတ် ပြုလုပ်ခဲ့သည်။ ထားဝယ်တောင်ပိုင်းကျေးရွာများ ပူးပေါင်းသပိတ်စစ်ကြောင်းကလည်း ကျေးရွာများအတွင်း ဆိုင်ကယ်များဖြင့် လှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အင်ဂျင်နီယာ၊ နည်းပညာကျောင်းသား၊ LGBT အစုအဖွဲ့နှင့် ပြည်သူများ ပါဝင်သည့် ပင်မသပိတ်စစ်ကြောင်းကလည်း အာရုဏ်ဦးသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ခဲ့သည်။ 

• ထားဝယ်ပင်မသပိတ်စစ်ကြောင်းအား မေလ ၁၇ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုလက်နက်ကိုင်များက ကားဖြင့် ဝင်တိုက်ကာ ဖြိုခွဲခဲ့စဉ်က ဖမ်းဆီးခံရသူများအနက် အသက်မပြည်သေးသူ ကျောင်းသားနှစ်ဦးအား မေလ ၁၈ ရက်က အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ 

• သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာ၊ သရက်နှစ်ခွရွာနှင့် သင်းကျွန်းရွာနေ ပြည်သူများက အာရုဏ်ဦးသပိတ် များပြုလုပ်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့သည်။ 

• လောင်းလုံမြို့နယ် ညင်းမော်ကျေးရွာ၊ မောင်းမကန်၊ အောက်ရေဖြူစသည့် ကျေးရွာများတွင်လည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကျေးရွာသပိတ်စစ်ကြောင်းများ ဖွင့်ကာ ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဖောင်းတောရွာနေ လူငယ်များကလည်း အနက်ရောင်အိင်္ကျီများ ဆင်တူဝတ်ဆင်ကာ စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်အလိုမရှိကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

ဧရာဝတီတိုင်းဒေသကြီး

• ဧရာဝတီတိုင်းအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်များမှ ဝန်ထမ်း ၄၆ ဦးအား စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ CDM ပြုလုပ်သည့်အတွက် အလုပ်မှ ထုတ်ပစ်လိုက်ပြီ ဖြစ်သည်။ 

• လပွတ္တာတွင် အခြေခံပညာကျောင်းများမှ သင်ကြားရေးနှင့် စီမံရေးဝန်ထမ်း ၁၁၆ ဦးအား စစ်အုပ်စုကို ဆန့်ကျင်သည်အတွက် အလုပ်မှ ယာယီရပ်ဆိုင်းလိုက်သည်။ 

• ပုသိမ်မြို့၊ ဘုရားကြီးကုန်းကျေးရွာတွင် ကိုဗစ်ကာလ စေတနာ့ဝန်ထမ်းလုပ်ခဲ့သည့် ကိုနေအောင် အပါအဝင် သုံးဦးအား ယနေ့နေ့လယ်ပိုင်းက စားသောက်ဆိုင်တွင် ထိုင်နေစဉ် အကြမ်းဖက်စစ်အုပ်စုလက်နက်ကိုင်များက အိမ်စီးကား လေးစီးဖြင့် ရောက်လာကာ လက်နက်ကိုင်အရပ်ဝတ်အချို့က ဖမ်းဆီးသွားကြောင်း သိရသည်။ ယမန်နေ့ ညပိုင်းကလည်း ပုသိမ်မြို့၊ အမှတ် (၈) ရပ်ကွက်၊ အောင်မင်္ဂလာ (၄) လမ်းနေ အသက် ၁၉ နှစ်အရွယ် ကိုကောင်းသန့်နေအိမ်အား ဧည့်စာရင်းအကြောင်းပြ ဝင်ရောက်၍ စစ်ဆေးစရာရှိသည်ဟုဆိုကာ ၎င်းအား ဖမ်းဆီးသွားခဲ့သည်။

• ကန်ကြီးထောင့်မြို့နှင့် ကျောင်းကုန်းမြို့အကြား ရန်ကုန်-ပုသိမ်ကားလမ်းပေါ်ရှိ ဂုံမင်းကျေးရွာထိပ်တွင် စစ်သား၊ ရဲနှင့် စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းထားသည့် အဖွဲ့များက ဖြတ်သန်းသွားလာနေသည့် ယာဉ်များအား ရပ်တန့်ခိုင်းကာ ယာဉ်ပေါ်ပါပြည်သူများအား တစ်ဦးချင်း စစ်ဆေးလျက် ရှိသည်ဟု သိရသည်။ 

မွန်ပြည်နယ်

• ချောင်းဆုံ ပညာရေးမှူးရုံး၊ စည်ပင်ရုံးနှင့် ဝန်ထမ်းအိမ်ရာများအနီးတွင် ယမန်နေ့ညပိုင်း ၉ နာရီခန့်က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေ။ 

• မော်လမြိုင်လူငယ်များကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF ထောက်ခံကြောင်း ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ 

• သိမ်ဇရပ်နေ ပြည်သူများကလည်း စစ်ကျွန်ပညာရေး လက်မခံကြရန် လှုံ့ဆော်စာများကို မြို့ပေါ်လမ်းမများ၌ ကြဲဖြန့်၍ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• ပေါင်မြို့နယ်နေ လူငယ်များကလည်း စစ်အာဏာရှင်စနစ် လက်မခံကြောင်း ပျောက်ကြားသပိတ်ပြုလုပ်ခဲ့သည်။ 

ကချင်ပြည်နယ်

• အကြမ်းဖက်စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ည ၉ နာရီကျော်ခန့်က ဗန်းမော်မြို့ အမှတ် (၁) သီရိရတနာစျေးအတွင်းရှိ ပြည်သူများပိုင်ဆိုင်သည့် စျေးဆိုင်ခန်းများအတွင်းမှ ကုန်ခြောက်နှင့် ပစ္စည်းများအား လက်နက်ဗန်းပြ ခြိမ်းခြောက်၍ ရယူသွားခဲ့သည်။ 

• ဖားကန့် တာမခန်မြို့သစ်နေ ပြည်သူများကလည်း ဖမ်းဆီးခံထားရသည့် ခေါင်းဆောင်များ လွှတ်ပေးရေး၊ NUG အစိုးရထေက်ခံကြောင်း ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် လှည့်လည်ဆန္ဒထုတ်ဖော် ခဲ့သည်။ ထို့ပြင် ဖားကန့်၊ မရှီကထောင်ရပ်ကွက်နေ ပြည်သူများကလည်း လူထုသပိတ်ပြုလုပ်ကာ ရပ်ကွက်တွင်းလှည့်လည် ၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သည်။ ဖားကန့် လုံးခင်းရပ်ကွက်နေ ပြည်သူများကလည်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။ 

• ဝိုင်းမော်မြို့၊ နောင်စီပေါရွာရှိ အ.လ.က (ခွဲ) တွင် ဒေသခံလူငယ်ကျောင်းသားများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်းနှင့် အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး စာများ ရေးသားထားသည့် စာရွက်များ ကပ်ကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• ရွှေကူ၊ ရေလဲကျေးရွာတွင် CDM မပြုလုပ်ဘဲ စစ်အုပ်စုလက်အောက် အလုပ်လုပ်ရန် ရောက်ရှိနေသည့် ဆရာ/ဆရာမများအား ဒေသခံများက ယနေ့ နံနက်ပိုင်းတွင် သံဗုံးတီး၍ မောင်းထုတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ရွှေကူမြို့ပေါ်တွင်လည်း စစ် အုပ်စုလက်နက်ကိုင်များက ဧည့်စာရင်းအကြောင်းပြကာ လွှတ်တော်ကိုယ်စားလှယ် အချို့၏ နေအိမ်များက ဖျက်ဆီးဝင်ရောက် ရှာဖွေခဲ့ကာ တစ်ဦးမှာ ထိန်းသိမ်းခံထားရပြီးဖြစ်ကာ တစ်ဦးမှာ တိမ်းရှောင်လျက်ရှိသည်။ ထို့ပြင် ပြည်သူ ၁၀ ဦးခန့်ကိုလည်း ဖမ်းဆီးခဲ့ကာ ယင်းညတွင်ပင် ပြန်လွှတ်ပေးခဲ့သည်။ 

• မိုးကောင်းနေ ပြည်သူများကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF အား ထောက်ခံကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင် ကာ စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးအတွက် လမ်းများပေါ်တက် လှည့်လည်ဆန္ဒပြခဲ့ကြသည်။ 

• မိုးညှင်းမြို့နေ ကိုမင်းသုမွန်၊ ကိုကြက်ပတီးနှင့် ကိုမောင်လေးတို့ သုံးဦးအား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ည ၉ နာရီခန့်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်မူ ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။

• တနိုင်းမြို့နေ လူငယ်များကလည်း "စာက ပြန်သင်လို့ ရတယ် သမိုင်းက ပြန်ပြင်လို့ မရဘူး"၊ "သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ အိမ်တွင်း Paper Strike ပြုလုပ်ခဲ့သည်။ 

ကယားပြည်နယ်

• ဖရူဆိုမြို့နယ်၊ ထီးတရဲရပ်ကွက်တွင် အသွားအလာကန့်သတ်ထားသည့် ယမန်နေ့ည ၉ နာရီခန့်က အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက ရပ်ကွက်တွင်းဝင်ရောက်ကာ လူငယ်အချို့အား ရိုက်နှက်ဖမ်းဆီးသွားသည်ဟု သိရပြီး သေနတ်ပစ် ဖောက်မှုများလည်း ရှိခဲ့သည်။ 

• ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဆည်မြောင်းကျေးရွာနေ ကျော်ဇော်ဟိန်းနှင့် ကျော်ဇော်သိန်းတို့ ညီအစ်ကိုနှစ်ဦးအား စစ်အုပ်စုလက်နက်ကိုင်များက သတင်းပေးဒလန်များ အကူအညီဖြင့် စစ်ကား နှစ်စီး၊ အင်အား ၁၀၀ ခန့်ဖြင့် ယနေ့ နံနက် ၇ နာရီခွဲက ၎င်းတို့နေအိမ်အတွင်း လာရောက်ဖမ်းဆီးသွားသည်။ ၎င်းတို့ နှစ်ဦးသည် စစ်အာဏာရှင်စနစ် ဆန့်ကျင် ရေး လှုပ်ရှားမှု လူထုသပိတ်များတွင် အမြဲပါဝင် လိုက်ပါလေ့ရှိသူများ ဖြစ်သည်။ ဒီးမော့ဆိုမြို့နယ်၊ ဒေါတဝီဂိတ်တွင်လည်း စစ်အုပ်စုလက်နက်ကိုင်များက ဖြတ်သန်းသွားလာသည့် ယာဉ်နှင့် ဆိုင်ကယ်များကို စစ်ဆေးခြင်းများ ပြုလုပ်လျက် ရှိသည်။ 

• လွိုင်ကော်၊ ပန်ကန်းဂိတ်နှင့် ရှမ်း-ကယားနယ်စပ် ပီကင်းကောခူဂိတ်များတွင် ဖြတ်သန်းသွားလာနေသည့် ဆိုင်ကယ်နှင့် ကားများကို စစ်အုပ်စုလက်နက်ကိုင်များက တားဆီးကာ ဖုန်းများကိုပါ စစ်ဆေးလျက် ရှိသည်ဟု သိရသည်။ 

ကရင်ပြည်နယ်

• ဘုရားသုံးဆူမြို့၊ (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းကို ၎င်းဖွင့်ထားသည့် ဒေါနလမ်းသွယ် (၁) ရှိ ကားရေဆေးဆိုင်တွင် အမည်မသိလူတစ်စုက ယနေ့နံနက် ၉ နာရီကျော်တွင် သေနတ်ဖြင့် လာရောက်ပစ်သတ်သွားသည်ဟု သိရသည်။ ဦးကျော်ဇင်မင်းမှာ ဒုတပ်ရင်းမှူးရာထူးဖြင့် တပ်မှ အငြိမ်းစားယူထားသူဖြစ်ကာ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးလည်း ဖြစ်သည်။ 

ချင်းပြည်နယ်

• ဟားခါးမြို့အနီး ဟားခါး-မတူပီလမ်းရှိ Loklung ကျေးရွာတွင် စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်နေသည့်အတွက် ဒေသခံကျေးရွာနေပြည်သူများ တိမ်းရှောင်နေကြရသည်ဟု သိရသည်။ ယမန်နေ့ ညပိုင်းကလည်း Chinland Defense Force – Hakha တပ်ဖွဲ့ဝင်များနှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။ 

• တီးတိန်တွင် ပညာရေးဝန်ထမ်း (သင်ကြား/စီမံ) ၁၀၀၀ ကျော်အား စစ်အုပ်စုကို ဆန့်ကျင်ကာ ပြည်သူ့ဘက်ရပ်တည်၍ CDM ပြုလုပ်နေသည့်အတွက် တာဝန်မှ ယာယီရပ်ဆိုင်းထားသည်။ 

• ကန်ပက်လက်မြို့ပေါ် စာသင်ကျောင်းနှင့် ရဲစခန်းတို့တွင် စစ်အုပ်စုလက်နက်ကိုင်တပ်သား ၆၀ ခန့် တပ်စွဲထားနေပြီး တိုက်ပွဲများ ဖြစ်လာနိုင်သည့်အတွက် မြို့ပေါ်နေပြည်သူအများစု ထွက်ပြေးတိမ်းရှောင်နေကြသည်။ 

ရှမ်းပြည်နယ်

• သိန္နီမြို့နယ်၊ ရေပူဂိတ်တွင် ယနေ့နံနက်ပိုင်းက ပစ်ခတ်သံများ ကြားနေရသည့်အတွက် ကျေးရွာနေပြည်သူအချို့ လားရှိုးမြို့ သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။ မြို့ပေါ်နေ လူငယ်များကလည်း ရောင်စုံစက္ကူများဖြင့် လှေပုံစံများ ချိုးကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းစာများရေး၍ ရေမျှောခြင်းများ ပြုလုပ်ကာ "လှိုင်းကြီးလှေအောက်သပိတ်" ပြုလုပ်ခဲ့သည်။ 

• မူဆယ် ၁၀၅ မိုင် လူငယ်များက "ပြောင်းလဲချင်ရင် ကျောင်းထဲ မဝင်နဲ့" စာတမ်းများ ကိုင်ဆောင်ကာ စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• ကယားလူမျိုးစု အများဆုံးရှိသည့် ဖယ်ခုံတွင် စစ်အုပ်စုဘက်က မီတာခပေးဆောင်ရန် ဖိအားခြိမ်းခြောက်လျက်ရှိရာ ပေးဆောင်မည့်ငွေများသည် က်နက်ခဲယမ်းစုဆောင်းရန် ပံ့ပိုးပေးရာ ရောက်သည့်အတွက် မပေးဆောင်ကြရန်နှင့် စစ်အုပ်စုအား အမြစ်ပြုတ်တိုက်ထုတ်ကြရန် တိုက်တွန်းကြောင်း မြို့နယ်လူထုလှုပ်ရှားမှုသပိတ်ကော်မတီက တိုက်တွန်းထားသည်။ 

• တောင်ကြီးတွင် ယနေ့နံနက် ၂ နာရီခန့်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြမှုဖြင့် ပုဒ်မ ၅၀၅ (က) တပ်ခံထားရသူ ကိုထွန်းထွန်းအား ၎င်းနေထိုင်နေသည့် ရေအေးကွင်းရပ်ကွက်ရှိ နေအိမ်တွင် စစ်ကား ၁၀ စီးခန့်ဖြင့် လမ်းပိတ်ကာ ရိုက်နှက်ဖမ်းဆီးသွားသည်ဟု သိရသည်။

• ရှမ်းပြည်နယ်တွင်း မြန်မာ့စီးပွားရေးဘဏ်များရှိ ဝန်ထမ်း ၅၀ ဦးအား စစ်အာဏာရှင်လက်အောက် အလုပ်လုပ်ရန် ငြင်းဆန်ကာ CDM ပြုလုပ်သည့်အတွက် အလုပ်မှ ထုတ်ပစ်လိုက်ပြီ ဖြစ်သည်။

• သီပေါတွင် ဒေသခံများက ထီးများတွင် စစ်အာဏာရှင် အလိုမရှိကြောင်းစာများ ရေးသားထားသည့် စာရွက်များ ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ထီးသပိတ် ပြုလုပ်ခဲ့သည်။ 

• ကျောက်မဲဒေသခံများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ်ကို နေ့စဉ်ပြုလုပ်လျက် ဆန့်ကျင် တော်လှန်လျက်ရှိသည်။ 

ရခိုင်ပြည်နယ်

• စစ်တွေမြို့နယ်၊ ပါဒလိတ်ကျေးရွာအနီးတွင် စစ်အုပ်စုလက်နက်ကိုင် ၂၃၂ တပ်ရင်းက လက်နက်ငယ်များ ပစ်ခတ်စမ်းသပ်မည် ဖြစ်၍ ၎င်းဧရိယာအတွင်း လူနှင့် အိမ်မွေးတိရစ္ဆာန်များ ဖြတ်သန်းသွားလာခြင်းမပြုရန် သတိပေးထားသည်။ 

• မေလ ၂၁ ရက်တွင် ပြုလုပ်မည့် စစ်အုပ်စုဖွဲ့ ရွေးကောက်ပွဲကော်မရှင်အသစ်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ရခိုင်အမျိုး သားပါတီ - ANP တက်ရောက်မည် မဟုတ်ပေ။ စစ်အုပ်စု အာဏာသိမ်းပြီးချိန်တွင် ပြန်လွတ်လာသူ ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင်ဦးဆောင်ပါတီ - AFP ကမူ တက်ရောက်မည်ဖြစ်ကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် - ALD ကမူ ဖိတ်စာမရောက်သည့်အတွက်ဟုဆိုကာ ဆုံးဖြတ်ထားခြင်း မရှိပေ။ 

နေပြည်တော်

• ပျဉ်းမနားမြို့ပေါ် ကျောင်းသား/သူများကလည်း "စကစကြောင့် လူရာချီသေထားတာ သူတို့ဖွင့်တဲ့ကျောင်း မတက်ချင်ဘူး" အပါအဝင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်းရေးသားထားသည့် ဆိုင်းဘုတ်ငယ်များ ကိုင်ဆောင်ကာ Paper Strike ပြုလုပ်ခဲ့သည်။ 

မေ ၁၉ သုံးသပ်ချက်

• ရန်ကုန်တွင် မြို့နယ်အလိုက် သပိတ်များရှိကာ ပေါက်ကွဲမှုများလည်း ဆက်တိုက် ရှိလာနေသည်။ စစ်အုပ်စုဘက်က အင်အားသုံး ဖြိုခွင်းခြင်းထက် ဆိုင်ကယ်နှင့် အိမ်စီးကားသုံး ဖြိုခွင်းမှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိပါသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required