ပုဂ္ဂလိကဘဏ်များ ပြိုလဲဖို့ဖြစ်လာရခြင်းရဲ့ တရားခံ ဘယ်သူလဲ

ပုဂ္ဂလိကဘဏ်များ ပြိုလဲဖို့ဖြစ်လာရခြင်းရဲ့ တရားခံ ဘယ်သူလဲ
Photo - AFP

မေ ၁၇

လွန်ခဲ့တဲ့ နှစ် (၅၀) စစ်အာဏာသိမ်းမှုနဲ့ စစ်အုပ်ချုပ်ရေးတွေကြောင့် မြန်မာနိုင်ငံ တိုင်းပြည်ပျက်ခဲ့ရတယ်။ အခုတခါ ဗဟိုဘဏ်ကိုပါ စစ်အာဏာသိမ်းလို့ စစ်ကောင်စီရဲ့ ဉာဏ်မမှီပဲ ဘဏ်လုပ်ငန်း မှာ ဝင်ရောက်စွက် ဖက်မှုဟာ ပုဂ္ဂလိက ဘဏ်လုပ်ငန်းကဏ္ဍ ပြိုလဲစေဖို့ မီးလောင်ရာလေပင့် ဖြစ်လာရပါတယ်။ စစ်အာဏာသိမ်းပြီး ခါစ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေ CDM မှာ ပါဝင်နေပြီး ဘဏ်တွေ ပိတ်ထားရချိန်မှာ တ ကယ်လို့ ပုဂ္ဂလိက ဘဏ်တွေ ပြန်ဖွင့်ရင် ဘဏ်တွေ ပြိုလဲမလား၊ မလဲဘူးလား အခြေအတင် ဆွေးနွေးငြင်းခုံတဲ့ debate တွေ ဆိုရှယ်မီဒီယာမှာ ဖြစ်ခဲ့တယ်။ ဧပြီလ (၂၉) ရက်နေ့ နောက်ဆုံးထားပြီး ရုံးပြန်မတက်ရင် အလုပ်ဖြုတ်မယ်လို့ ဖိအား အပေးခံရပြီးနောက် ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတချို့ ရုံးပြန်တက်လာပြီး ဘဏ် ဝန်ဆောင်မှုတွေ အကန့် အသတ်နဲ့ ပေးလာပါတယ်။ ဘဏ်တွေ ပိတ်ထားတုန်းက ပြန်ဖွင့်ရင် ပြိုလဲမလား၊ မလဲ ဘူးလား မသဲကွဲတဲ့ အချက်ဟာ ဘဏ်တွေ ပြန်ဖွင့်ပြီးတဲ့အခါ ကွဲကွဲပြားပြားဖြစ်လာတယ်။

ပြည်သူတွေရဲ့ အသစ် စုငွေမရှိ၊ စီးပွားရေးလုပ်ငန်းတွေဖက်က ချေးငွေအတွက် အတိုးရော၊ အရင်းပါ မရသ လောက် ဖြစ်နေချိန် ငွေအပ်သူအားလုံး အပ်ငွေတွေကို ပြန်ထုတ်သွားတဲ့ တရက်ဟာ ဘဏ်တွေမှာ ငွေမရှိ တော့တဲ့ နေ့ပါ။ ဘဏ်တွေမှာ ငွေမရှိတော့ဘူးဆိုရင် ပြိုလဲတာပါပဲ။ အကန့်သတ်နဲ့ အပ်ငွေပြန်ထုတ်ပေးနေ ခြင်းဟာ ဘဏ်တွေမှာ ငွေကုန်တဲ့ရက်ကို ဆွဲဆန့်ခြင်း (တနည်း) ဘဏ်အပြီးအပိုင် ပြိုလဲမဲ့ နေ့ရက်ကို အချိန် ဆွဲဆန့်နေခြင်းသာဖြစ်ပါတယ်။ ဘဏ်တွေ ပြိုလဲဖို့ ဦးတည်နေပါပြီ။ ဘာကြောင့် ဒီလို ဖြစ်လာရတာပါလဲ။

ဗဟိုဘဏ်ကို စစ်အာဏာသိမ်းတဲ့ ကိစ္စ

သူများနိုင်ငံတွေမှာ ဥပမာ ကမ္ဘာမှာ စစ်အာဏာသိမ်းမှု အများဆုံးဖြစ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ စစ်အာဏာ သိမ်းသူတွေဟာ နိုင်ငံရေး အာဏာကိုသာ သိမ်းပါတယ်။ လွတ်လပ်စွာထားရမဲ့ ဌာနတွေနဲ့ ကဏ္ဍတွေကို ဘယ် တော့မှ မစွက်ဖက်တဲ့အတွက် စစ်အာဏာသိမ်းမှုဟာ စီးပွားရေးကို ထိခိုက်မှု မဖြစ်စေပါဘူး။ ဒါကြောင့်လဲ ထိုင်း နိုင်ငံစီးပွားရေးဟာ စစ်အာဏာသိမ်းမှုတွေကြားမှာ တိုးတက်သထက် တိုးတက်နေတာပါ။ မြန်မာ့ စစ်အာဏာ သိမ်း ဗိုလ်ချုပ်တွေကတော့ လွတ်လပ်ရမဲ့ ကဏ္ဍတွေဖြစ်တဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံ့ သမိုင်း ကအစ အားလုံးကို အာဏာသိမ်းပါတယ်။ ဈေးကွက်စီးပွားရေး စနစ်ကို အဓိက ကျားကန်ပေးရတဲ့ ဗဟို ဘဏ်ဆိုတာ အာဏာသိမ်း စစ်အစိုးရ မပြောနဲ့ ဒီမိုကရေစီ အရပ်သား အစိုးရကတောင် ဝင်စွက်ခွင့် မရှိပဲ လွတ် လပ်စွာ လည်ပတ်ခွင့်ပေးရတဲ့ တိုင်းပြည်ငွေကြေးစနစ်နဲ့ ဘဏ္ဍာရေးစနစ်ရဲ့ အဓိက ဒေါက်တိုင်ပါ။ ဖေဖေါ်ဝါရီလ (၁) ရက် အာဏာသိမ်းတဲ့အချိန် ဗဟိုဘဏ် အုပ်ချုပ်ရေးအဖွဲ့ကို ဖယ်ရှား၊ ဖမ်းဆီး၊ ထောင်ချ၊ ညှဉ်းပန်းနှိပ်စက် ပြီး၊ အုပ်ချုပ်ရေးအဖွဲ့ အသစ်နဲ့ အစားထိုးကာ အာဏာသိမ်းခဲ့ပါတယ်။ ဗဟိုဘဏ်ကို စစ်အာဏာသိမ်းခြင်းဟာ သူ့ညွှန်ကြားမှုအောက်မှာ လုပ်ငန်းဆောင်ရွက်နေရတဲ့ ပုဂ္ဂလိကဘဏ် လုပ်ငန်းကဏ္ဍကို အာဏာသိမ်းခြင်း လည်း ဖြစ်တယ်။ ဗဟိုဘဏ် အုပ်ချုပ်ရေးအဖွဲ့သစ်ကတဆင့် ပုဂ္ဂလိကဘဏ်လုပ်ငန်းမှာ ဝင်ရောက်စွက်ဖက်၊ ထိန်းချုပ်လာတယ်။ 

ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းမှုကစလို့ စစ်အစိုးရဟာ တိုင်းပြည် ငွေရေးကြေးရေးကဏ္ဍကို ထင်သလို အလွဲ သုံးစား လုပ်ခဲ့တာကို လူထုတရပ်လုံး ခါးစည်းခံခဲ့ကြရပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၅၀) စစ်အစိုးရ အုပ်ချုပ်တဲ့ ကာလတွေမှာ တရားဝင်ငွေကြေးကို တရားမဝင်ကြေငြာခြင်း (demonetization) ကို ၁၉၆၄ မှာ တကြိမ်၊ ၁၉၈၅ မှာတကြိမ်၊ ၁၉၈၇ မှာတကြိမ်၊ စုစုပေါင်း သုံးကြိမ်လုပ်ခဲ့ပါတယ်။ အခု စစ်အာဏာသိမ်းကောင်စီက ငွေစက္ကူ ဖျက်သိမ်းလေမလား လူထုစိုးရိမ်တာ မဆန်းပါဘူး။ ကမ္ဘာ့ အထူးဆန်းဆုံး ငွေစက္ကူ တန်ဖိုးတွေဖြစ်တဲ့၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ် တန်၊ ၄၅ ကျပ်တို့၊ ၉၀ ကျပ် တန်တို့ကို ဗိုလ်ချုပ်နေဝင်းက ယတြာချေတဲ့အနေနဲ့ ထုတ် ဝေခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံတိုင်းလိုလို နိုင်ငံတော် အကြီးအကဲ (သို့မဟုတ်) အာဇာနည်ခေါင်းဆောင်တွေကိုသာ ငွေစက္ကူမှာ ရိုက်နှိပ်ဖေါ်ပြပေမဲ့ နဝတ၊ နအဖ စစ်ခေါင်းဆောင်တွေက ဗိုလ်ချုပ်အောင်ဆန်း အရုပ်အစား တိ ရစ္ဆာန်အရုပ်တွေနဲ့ အစားထိုး ရိုက်နှိပ်ခဲ့ပါတယ်။ ယခု စစ်အာဏာသိမ်းခြင်းနဲ့အတူ ဗဟိုဘဏ်ကို အာဏာသိမ်း လိုက်တာဟာ ဒီစစ်ကောင်စီက ဘဏ်လုပ်ငန်းစနစ်ကို အလွဲသုံးစားလုပ် ချယ်လှယ်ဖို့ ကြံစည်နေပြီလားလို့ အတိတ်ကာလ အတွေ့အကြုံတွေအရ တွေးစရာဖြစ်လာပါတယ်။ ကိုယ်ပိုင်ငွေ သိန်း ၂၀၀ လက်ထဲမှာရှိရင်ပဲ နိုင်ငံတော် စီးပွားရေး ထိခိုက်စေမှုနဲ့ အရေးယူ ခံရမယ်ဆိုတာ အပါအဝင် မဟုတ်မဟတ်၊ အမြော်အမြင် မရှိတာတွေကို ဗဟိုဘဏ်က ပြောဆို၊ လုပ်ကိုင်နေတာတွေဟာ ပုဂ္ဂလိကဘဏ်တွေ ပြိုလဲဖို့ တွန်းအားတွေ ဖြစ်လာပါတယ်။ အများပြောနေတဲ့ ဘဏ်လုပ်ငန်းစနစ်ကို ယုံကြည်မှု ပျက်ပြားတယ်ဆိုတာ ဗဟိုဘဏ်ကို စစ်အာဏာသိမ်းလို့ ဖြစ်လာရတာပါ။

ခေတ်နောက်ကျတဲ့ ငွေစက္ကူ အခြေခံ ငွေပေးချေစနစ်

အရောင်းအဝယ်၊ ဝန်ဆောင်မှု၊ ငွေလွှဲ ငွေယူ စတဲ့ နေ့စဉ် ငွေပေးချေမှု financial transaction ကိစ္စ အဝဝမှာ ငွေစက္ကူကို အခြေခံပြီး လုပ်ဆောင်ရတဲ့ စနစ်ကို ငွေစက္ကူအခြေခံစီးပွားရေး cash economy လို့ စီးပွားရေး ပညာရှင်တွေက သတ်မှတ်ပါတယ်။ ငွေစက္ကူတွေကို လက်ထဲ ကိုင်သုံးတဲ့ စနစ်ပါ။ တနည်း ငွေစက္ကူနဲ့ ပေးချေ တဲ့စနစ် cash transaction ဖြစ်ပါတယ်။ Cash transaction ဟာ စာရင်းဇယား မှားယွင်းဖို့ လွယ်ကူတာ၊ လာဘ်ပေး လာဘ်ယူလုပ်ဖို့ လွယ်ကူတာ၊ ငွေကြေး ခဝါချဖို့ လွယ်ကူတာ စတာတွေကြောင့် ကမ္ဘာ့နိုင်ငံတွေမှာ cash economy/ cash transaction ကို စွန့်ခွါပြီး ငွေပေးချေမှုတွေကို ဘဏ်လုပ်ငန်းစနစ်၊ ခေတ်မှီ IT နည်း ပညာတွေနဲ့ ပေါင်းစပ်ပြီး online က လုပ်ဆောင်လို့ရတဲ့ digital transaction ကို ပြောင်းလဲပြီး ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ စီးပွားရေးရှိတဲ့ နိုင်ငံတိုင်းမှာ digital transaction ကို မဖြစ်မနေ ကျင့်သုံးနေပါတယ်။ 

Digital transaction မှာ နိုင်ငံသားတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အစိုးရဌာနတွေဟာ သူတို့ ပိုင်ဆိုင်တဲ့ငွေ၊ အမြတ်ရရှိတဲ့ အခွန်ငွေ ဆိုတာတွေကို online စာရင်းအရသာ သိနေရပြီး၊ နိစ္စဓူ၀ ငွေပေးချေမှုတွေကို ကဒ် ပြား၊ online နဲ့ App တမျိုးမျိုးကနေ လုပ်ဆောင်ပါတယ်။

ငွေစက္ကူဆိုတာကို လက်နဲ့တောင် တို့ထိစရာ မလိုတဲ့ စနစ်ပါ။ ငွေပေးချေမှု အားလုံးကို digital နည်းစနစ်နဲ့ အတိအကျ၊ စက္ကန့်ပိုင်းနဲ့အညီ ၁၀၀ ရာနှုန်း မှန်ကန်စွာ မှတ်တမ်း တင်နိုင်ပါတယ်။ Digital transaction စနစ်မှာ ငွေစက္ကူ ကိုင်သုံးရခြင်း မရှိတဲ့အတွက် ငွေစက္ကူ လိုအပ်ချက် ပြသနာလည်း မရှိသလောက်ပါ။ ငွေစက္ကူကို မရှိမဖြစ် သုံးရတဲ့ အခြေအအနေ အနည်းအကျဉ်း (ဥပမာအားဖြင့် ငွေပေးချမှု အားလုံးရဲ့ တစ် ရာနှုန်းခန့်) သာ ရှိပါတယ်။ Cash transaction စနစ်ကို အဓိက အားထားနေဆဲ မြန်မာနိုင်ငံမှာ အခုကြုံရတဲ့ ပြသနာတွေ digital transaction စနစ်မှာ မရှိပါ။ ကမ္ဘာ့နိုင်ငံ အနည်းအကျဉ်းမှာ cash transaction ကို အားထားနေရသေးပေးမဲ့ digital transaction စနစ်ကို အနှေးနဲ့ အမြန် အပြည့်အ၀ ပြောင်းသွားပါလိမ့်မယ်။ ဒါက တကမ္ဘာလုံး ချီတက်နေတဲ့ လမ်းကြောင်း trend ဖြစ်ပါတယ်။ 

မြန်မာ့ပုဂ္ဂိက ဘဏ်လုပ်ငန်းတွေ ယခင် နဝတ၊ အနဖ စစ်အစိုးရလက်ထက်မှာ ပြန်လည် အသက်သွင်းခဲ့တယ် ဆိုပေမဲ့ ၂၀၁၁ ခုနှစ် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်လာပြီးနောက်ပိုင်းမှ လမ်းကြောင်းမှန်ပေါ် တက်စပြု လာပါတယ်။ အင်တာနက်တွေကို အဲဒီကာလမှာမှ ဖွင့်ပေးလိုက်တာမို့ တခြားနိုင်ငံတွေမှာ ဆယ်စုနှစ် သုံး-လေး ခုလောက် စောပြီး ကျင့်သုံးနေတဲ့ digital transaction ဟာ မြန်မာနိုင်ငံမှာ အပင်ပေါက်လေး အဆင့် ရောက် လာပါတယ်။ Wave Money တို့၊ Mobile banking တို့၊ ဘာ Pay ၊ ညာ Pay တို့၊ ငွေပေးကဒ် စနစ်တို့၊ online shopping တို့ ဆိုတာတွေကို မြန်မာလူထု အရသာ စမ်းခွင့် ရလာပါတယ်။ ပြည်သူတွေ ဘဏ် ဝန်ဆောင်မှု လုပ်ငန်းတွေကို သက်တောင့်သက်သာ ရရှိနိုင်သလို တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကိုလည်း မြှင့် တင်နိုင်ခဲ့ပါတယ်။ သို့သော် မြန်မာ့စီးပွားရေးကြီးတခုလုံးထဲမှာ cash transaction ကတော့ ကြီးကြီးမားမား ရှိ နေပါသေးတယ်။ Digital transaction ဟာ အပင်ပေါက်လောက်သာရှိပြီး ငွေစက္ကူရဲ့ အခန်းကဏ္ဍဟာ နေ့စဉ် ငွေပေးချမှုမှာ အဓိက ကျနေတုန်းပါ။

တကယ်လို့သာ အခုအချိန်မှာ မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေမှာလို digital transaction အားကောင်းနေရင် အခုကြုံနေတဲ့ ငွေစက္ကူလိုအပ်ချက်ကြောင့် ဖြစ်နေရတဲ့ ပြသနာမျိုးတွေ မရှိနိုင်ပါ။ မိမိအပ်ငွေရဖို့ ဘဏ်မှာ တိုကင်ယူ ထုတ်ရတာ၊ ATM မှာ အရစ်ကျ နည်းနည်းချင်းစီ နာရီပေါင်းများစွာ တန်းစီထုတ်ရတာ၊ ထုတ်လို့ ရလာတဲ့ ငွေကို ရန်သူမျိုး ငါးပါးရန်က စိတ်မချလို့ ရွှေဝယ်ရမလား၊ ဒေါ်လာ ဝယ်ရမလား၊ မီးခံသေတ္တာမှာ သိမ်းရမလား၊ ဘာလုပ်ရင် ကောင်းမလဲ သောက ဗျာဗာဒ ဖြစ်ရတာတွေ မရှိနိုင်ပါ။ 

အင်တာနက် ဖြတ်တောက်မှု

အပင်ပေါက်လေးဖြစ်နေတဲ့ digital transaction ကို အညွန့်ချိုးသလို ဖြစ်စေတဲ့ လုပ်ရပ်ကတော့ အင်တာနက် ဖြတ်တောက်ခြင်း ဖြစ်ပါတယ်။ အင်တာနက်နဲ့အတူ ကြီးထွားဖို့ တာစူနေတဲ့ digital transaction ရဲ့ အခြေခံ တွေဖြစ်တဲ့ Wave Money တို့၊ Mobile banking တို့၊ ဘာ Pay ၊ ညာ Pay တို့၊ ငွေပေးကဒ်စနစ်တို့၊ online shopping တို့ ရပ်ဆိုင်း သွားရပါတယ်။ အဲဒီအခြေအနေဟာ digital transaction ဘက်ကို သွားဖို့ ပြင်နေတဲ့ ငွေပေးချေမှုတွေကို  cash transaction ဘက် ပြန်လည် တွန်းပို့ခြင်းဖြစ်ပြီး၊ နိုင်ငံသားတိုင်း၊ စီးပွားရေးလုပ်ငန်း ရှင်တိုင်းအတွက် ငွေသားလိုအပ်ချက်က နံပါတ်တစ် ဦးစားပေး ပြန်ဖြစ်လာရပါတယ်။ 

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ခန့်က mobile internet မရှိဘဲ မိုဘိုင်းဖုန်းကနေ လုပ်လို့ရတဲ့ ဘဏ်ဝန်ဆောင်မှု တချို့ ပြန်ရလာပါတယ်။ အဲဒီလို ရတယ်ဆိုတာဟာလည်း digital transaction အတွက်လိုအပ်တဲ့ ဘဏ်ဝန် ဆောင်မှု အပြည့်အ၀ ရတာမျိုး မဟုတ်တဲ့အတွက် အခုရင်ဆိုင်နေရတဲ့ ငွေစက္ကူလိုအပ်အချက် ပြသနာကို မဖြေ ရှင်းနိုင်ပါ ဘူး။ ဒါ့အပြင် အဲဒီ အင်တာနက်မပါပဲ လုပ်လို့ရတဲ့ဝန်ဆောင်မှု ပြန်ပိတ်မလား၊ မပိတ်ဘူးလား ဘယ်သူမှ မသိ နိုင်ပါဘူး။

စစ်ကောင်စီရဲ့ လူအခွင့်ရေး ချိုးဖေါက်မှုဆိုင်ရာ သတင်းအချက်အလက်၊ မှတ်တမ်းတွေ ပြည်ပကို မစီးဆင်းနိုင် အောင်တားဆီးဖို့ စစ်ကောင်စီက အင်တာနက်တွေ ဖြတ်တောက်တယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမဲ့ သူတို့ တား ဆီးလိုတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းအချက်အလက်၊ မှတ်တမ်းတွေက တာဝန်ရှိတွေကို နိုင်ငံတကာ ခုံရုံးတွေမှာ တရားစွဲဖို့ လုံလောက်တဲ့ သက်သေတွေအဖြစ် ကမ္ဘာက မှတ်တမ်းတင်ထားပြီး ဖြစ်ပါတယ်။ ၂၀၂၁ ကို ၁၉၈၈ ခုနှစ်လို့ ဉာဏ်ရည်နိမ့်တဲ့ စစ်ဗိုလ်ချုပ်တွေက ထင်ပြီး လုပ်ဆောင်နေတာဖြစ်တယ်။ အင်တာနက် ပိတ်တာဟာ စစ်ကောင်စီအတွက်တော့ ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်စေပါတယ်။ တားဆီးချင်တာကို မတား ဆီးနိုင်ဘဲ တိုင်းပြည် စီးပွားပျက်ကိန်းနဲ့ ရင်ဆိုင်လာရပါတယ်။ ဒီကနေ့ ကမ္ဘာ့ နိုင်ငံအားလုံးမှာ ဘဏ်စနစ်အပါ အဝင် စီးပွားရေးလုပ်ငန်းအားလုံး၊ ပုဂ္ဂလိကနဲ့ အစိုးရ ဝန်ဆောင်မှု အားလုံးလိုလိုကို အင်တာနက်နဲ့ IT နည်း ပညာကို အခြေခံပြီး လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် COVID ကာလမှာ ပိုပြီး အရှိန်မြှင့် လုပ်ဆောင်လာ ပါတယ်။ အင်တာနက် ဖြတ်တောက်ခြင်းဟာ နိုင်ငံကို ၁၉၈၈ နဝတ၊ နအဖ စစ်အုပ်ချုပ်ရေး ခေတ်ကို ပြန်လည် တွန်းပို့ခြင်းဖြစ်ပြီး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အကြီးအကျယ် ဟန့်တားပိတ်ဆို့လာပါမယ်။ နိုင်ငံတကာက ပိတ်ဆို့လို့ စီးပွားရေး ထိခိုက်ရတာထက် ဉာဏ်ရည်နိမ့်ကျတဲ့ စစ်ဗိုလ်ချုပ်တွေ ကိုယ့်ဘာသာ ကိုယ်ပိတ်ဆို့လို့ ပိုအထိနာရတယ်ဆို တာ သူတို့ကိုယ်တိုင် မသိရှာလေပါဘူး။ 

နောက်ဆက်တွဲ ဆိုးကျိုးများ

မြန်မာနိုင်ငံမှာ ၂၀၀၀ ခုနှစ်ဝန်းကျင်က မြန်မာယူနီဗာဆယ်ဘဏ်၊ အာရှဓနဘဏ်နဲ့ မေဖလားဝါးဘဏ် စတဲ့ ပုဂ္ဂ လိကဘဏ်တွေ ငွေကြေးခဝါချမှု အရှုပ်တော်ပုံနဲ့ ပြိုလဲခဲ့တဲ့ အတွေ့အကြုံရှိခဲ့တယ်။ အဲဒီအချိန်က ဘဏ်တွေ ပြိုလဲမှုကြောင့် လူထုနဲ့ တိုင်းပြည်စီးပွားရေးကို ထိခိုက်မှုက မသိသာလှပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ အ ချိန်က ဘဏ်ဝန်ဆောင်မှုကို ခရိုနီတစ်ချို့သာ အသုံးပြုနေပြီး ဒီနေ့ကာလလို သာမန်ပြည်သူလူထုနဲ့ စီးပွားရေး လုပ်ငန်းတွေက တွင်တွင်ကျယ်ကျယ် အသုံးချမှု မရှိသေးလို့ပါ။ ဒီတကြိမ် ပုဂ္ဂလိကဘဏ်တွေ ပြိုလဲရင်တော့ လူထုရော၊ တိုင်းပြည်စီးပွားရေးတခုလုံး ရစရာ မရှိအောင် အထိနာပါလိမ့်မယ်။

အခုဆိုရင် မြန်မာငွေတန်ဖိုး တောက်လျှောက် ထိုးကျနေပါတယ်။ နိုင်ငံခြား ငွေလဲနှုန်မှာ စစ်အာဏာသိမ်းတဲ့ အချိန်နဲ့ အခုအချိန်အကြားမှာ (၂၅) % လောက် ဈေးကျသွားတဲ့အပြင် ငွေသားထုတ်ယူခွင့်ရဖို့ ပေးရတဲ့ ကော် မရှင်က (၁၀) % ဝန်းကျင် ရှိလာတာမို့ စုစုပေါင်း တန်ဖိုးကျမှုဟာ (၃၅) % လောက် ဖြစ်နေပါတယ်။ မြန်မာငွေ နဲ့ အမေရိကန်ဒေါ်လာကို အကျဈေးနဲ့လဲလို့ ရနေသေးပေးမဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ဘက် အိမ်နီးချင်း နိုင်ငံတွေ က ငွေကြေးနဲ့ လဲလှယ်ဖို့ ခက်ခဲလာတာ၊ ဒီကတဆင့် ကုန်သွယ်မှုကို ထိခိုက်လာတာ၊ ကုန်ဈေးနှုန်းတက်တာ စ သဖြင့် ရှေ့ဆက်ဆိုးကျိုးတွေက တန်းစီဖြစ်လာမှာပါ။

ဉာဏ်ရည်နိမ့်တဲ့ စစ်ဗိုလ်ချုပ်တွေ တိုင်းပြည်အာဏာသိမ်းလို့ တိုင်းပြည်ပျက်စီးခဲ့ရပါတယ်။ စစ်အုပ်ချုပ်ရေး အ နှစ် (၅၀)အတွင်း ဒေသအတွင်း အချမ်းသာဆုံး မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးဖြစ်ခဲ့ရတယ်။ လူ့အခွင့်အ ရေး ချိုးဖေါက်မှုမျိုးစုံနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံအဖြစ် ကမ္ဘာကသိထားတယ်။ မြန်မာနိုင်ငံသားတွေ နိုင်ငံတကာ အလယ်မှ အစစ အောက်ကျ နောက်ကျ မျက်နှာငယ်ခဲ့ရတယ်။ ဉာဏ်ရည်နိမ့်တဲ့ စစ်ဗိုလ်ချုပ်တွေ အခုတခါ ဗဟိုဘဏ်ကိုပါ အာဏာသိမ်းလို့ ပုဂ္ဂလိကဘဏ်လုပ်ငန်းစနစ်ကြီး ပြိုကျပျက်စီးတော့မယ့် အန္တရာယ်နဲ့ ကြုံနေရ ပါတယ်။     ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required