ဦးဝင်းထိန်အမှုမှာ တရားလိုဘက်က သက်သေခံတင်သွင်းထားတဲ့စာရွက်စာတမ်းတွေကို ထောက်ပြကန့်ကွက်

ဦးဝင်းထိန်အမှုမှာ တရားလိုဘက်က သက်သေခံတင်သွင်းထားတဲ့စာရွက်စာတမ်းတွေကို ထောက်ပြကန့်ကွက်

မေ ၁၆

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်အမှုမှာ အာဏာသိမ်း စစ်ကောင်စီက စိတ်ကြိုက်ရေးဆွဲပြဋ္ဌာန်းထားတဲ့ ၂၀၀၈ အခြေခံဥပဒေပါအရ ၎င်းတို့ သက်သေခံတင်သွင်းလာတဲ့ စာရွက် စာတမ်းတွေကို ယင်းဥပဒေပါအတိုင်းပင် ထောက်ပြ ကန့်ကွက်ခဲ့တာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ တစ်ဦးက မဇ္ဈိမ ကိုပြောပါတယ်။

အဲဒ့ီအပြင် ရာဇဝတ်ကျင့်ထုံးမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မ ၁၉၆ အရလည်း ထပ်မံ ကန့်ကွက်ထားပြီးတော့ ဒီကျင့်ထုံးဥပဒေမှာ နိုင်ငံတော်သမ္မတက ဖြစ်စေ၊ သမ္မတက အခွင့်အာဏာခန့်အပ်ထားတဲ့ အရာရှိတစ်ဦး ဦးက ဖြစ်စေ တိုင်ကြားတာမျိုးတွေမဟုတ်လျှင် တရားရုံးက အရေးယူခွင့်မရှိဘူးလို့ ဆိုပါတယ်။

“ ဘာ့ကြောင့်မို့ ကန့်ကွက်တာလည်းဆိုတော့ စွဲထားတဲ့ပုဒ်မက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က) နဲ့ စွဲဆိုထားခြင်းဖြစ်ပါတယ်။ နောက်ပြီးတော့ လက်မှတ်ရေးထိုးထားတဲ့ သူတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၂၄ အရသော်လည်းကောင်း ပုဒ်မ ၄၃၁ အရသော်လည်းကောင်း ညီညွှတ်ခြင်းမရှိတဲ့ အတွက် သက်သေခံတင်သွင်းတဲ့ စာရွက်စာတမ်းကို ကန့်ကွက်ခြင်းဖြစ်ပါတယ်။ သူတို့ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်းဘဲထောက်ပြ ကန့်ကွက်တာဘဲလေ” လို့ ဆိုပါတယ်။

အာမခံရရှိဖို့အတွက်လည်း လျှောက်ထားချက်ကိုပယ်ချခဲ့တဲ့ ဒက္ခိဏခရိုင်တရားရုံးမှာဘဲ ကျန်းမာ ရေးဝန်ကြီးဋ္ဌာနရဲ့ ဆေးထောက်ခံစာတွေ တင်ပြပြီး ထပ်မံလျှောက်ထားမှာဖြစ်တဲ့အတွက် တိုင်းအဆင့်ကို တက်ရောက်လျှောက်ထားခြင်း မပြုသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ ရုံးချိန်မှာ ဦးဝင်းထိန်အမှုကို နေပြည်တော်အကျဉ်းထောင်ထဲမှာရှိတဲ့ ခရိုင်အဆင့် သီးသန့်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီးတော့ တရားကို စတင်စစ်ဆေးတာဖြစ်ပါတယ်။ အဲ့ဒီရုံးချိန်းအပြီးမှာ ဦးဝင်းထိန်နဲ့ အမှုလိုက်ရှေ့နေတွေ တွေ့ဆုံခွင့်ရတာကြောင့် အမှုအတွက်လိုအပ်ချက်တွေကို ဦးဝင်းထိန်က ရှေ့နေတွေအပေါ်ညွှန်ကြားတာတွေရှိခဲ့ပါတယ်။

လာမယ့် ရုံးချိန်းကို မေ ၂၅ ရက်နေ့မှာချိန်းဆိုထားပြီးတော့ တရားလိုကို စစ်ဆေးတာမပြီးသေးတာကြောင့် ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။ ဦးဝင်းထိန်အမှုကို တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးနဲ့ ဦးမြင့်သွင်က လိုက်ပါဆောင်ရွက်နေတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly