နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၃ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၃ မေ ၂၀၂၁)
ပုံ - မန္တလေးမြို့ရှိ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း(Photo - EPA )

ရန်ကုန်တိုင်းဒေသကြီး

• တောင်ဒဂုံမြိုနယ်၊ ၁၀၄ ရပ်ကွက်တွင် နေထိုင်သူ စာရေးဆရာမ နှင်းပန်အိမ် (ခ) မသန္တာနှင့် အမျိုးသားဖြစ်သူ ဦးနေဦးနှင့် သားဖြစ်သူ မောင်ရှင်ရဲထွဋ်တို့ကို အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက ယမန်နေ့ည ၁၁ နာရီတွင် လာရောက်ဖမ်း ဆီး ခေါ်ဆောင်သွားသည်။ 

• တောင်ဒဂုံမြို့နယ် အ.လ.က (၁) ကျောင်းရှေ့တွင် ယနေ့နံနက်အစောပိုင်းက စစ်ကျွန်ပညာရေးအလိုမရှိကြောင်း စာများအား ကျောင်းဝင်းနံရံများတွင်း ရေးသား၍ သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

• တောင်ဒဂုံ (၂၄) ရပ်ကွက်၊ မြရတနာ (၃) လမ်းရှိ စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်နေအိမ်တွင် ယနေ့ နံနက် ၅ နာရီခွဲခန့်က ဗုံးနှစ်ကြိမ် ပေါက်ကွဲခဲ့ပြီး အနီးရှိ ကားများ ပျက်စီးသွားကြောင်း သိရသည်။ 

• စမ်းချောင်း၊ မြေနီကုန်းရှိ မဟာမြိုင်မှတ်တိုင်အနီးတွင် ယနေ့နံနက် ၈ နာရီခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ လမ်းသွားလမ်းလာ လူငယ်တစ်ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု သိရသည်။ 

• ယနေ့နံနက်ပိုင်းက သုံးခွမြို့နယ်၊ သိုက်တူးကန်စံပြကျေးရွာနေ ပြည်သူများက ကျေးရွာတွင်း ကျောင်းများရှေ့တွင် စစ်ကျွန်ပညာရေးအလိုမရှိကြောင်း စာများအား ဆေးနီများဖြင့် ရေး၍ သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

• လှိုင်သာယာနေ အလုပ်သမားနှင့် လူငယ်များက "ငါတို့အလုပ်သမားထုကြီး ရှိနေသရွေ့ လှိုင်သာယာမြေမှာ လုံးဝအုပ်ချုပ်ခွင့် မရစေရ" ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ 

• စစ်အုပ်စုလက်နက်ကိုင်များ မပြတ်စောင့်ကြည့်နေသည့် စမ်းချောင်း၊ မြေနီကုန်း ခုံးကျော်တံတားပေါ်မှနေ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များအား လူငယ်များက ကြဲချခဲ့သည်။ 

• ဆိပ်ကြီးခနောင်တိုဒေသခံများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည်။ 

• ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YRFA) က မလိုအပါဘဲ ပြင်ပသို့ ထွက်ခြင်း၊ ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ခြင်း၊ စားသောက်ဆိုင်များတွင် အချိန်ကြာမြင့်စွာ ထိုင်ခြင်း၊ စစ်အုပ်စုအဖွဲ့ဝင်များနှင့် ကားများ၊ ရပ်ကွက်မြို့ရွာများရှိ စစ်အုပ်စု သတင်းပေးဒလန်များနှင့် နီးစပ်စွာ နေထိုင်ခြင်းတို့အား ရှောင်ကြဉ်ပေးကြပါရန် မေတ္တာရပ်ခံကြောင်း ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ 

မန္တလေးတိုင်းဒေသကြီး

• မန္တလေးမြို့ ၃၅ လမ်းနှင့် ၈၃ လမ်းရှိ ယူနိုက်တက်အမရာဘဏ် - UABတွင် ယနေ့နံနက် ၉ နာရီခွဲခန့်က အချိုရည်ဗူးဖြင့် ပြုလုပ်ထားသည့် အသံမိုင်းပေါက် ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး မပေါက်ကွဲဘဲ ကျန်နေသည့် ဗုံးတစ်လုံးကိုမူ စစ်အုပ်စုလက်နက်ကိုင်များက သိမ်းဆည်းသွားသည်။ ထို့ပြင် နံနက် ၁၁ နာရီခန့်ကလည်း ၇၃-၄၃ လမ်းကြားနှင့် ၃၇-၃၈ ကြားရှိ စျေးတွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ရာ စျေးစည်ပင်ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီတွင် အတည်ပြု ပြောဆိုသည်။ 

• မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် စက်မှုစုပေါင်း၊ အ.ထ.က (၂၇) ကျောင်းသားဟောင်းနှင့် Gen-Z သပိတ်စစ်ကြေင်းများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ်နှင့် ရပ်ကွက်တွင်းရှိ အာဏာရူးများ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• မန္တလေးတွင် ယမန်နေ့က စစ်အုပ်ဘက်မှ ဆန္ဒပြသူအသွင်ယူကာ ဖြိုခွဲခဲ့သော်လည်း ယနေ့ နေ့လယ်ပိုင်းတွင်း တပ်ပေါင်းစု သပိတ်စစ်ကြောင်းမှာ လမ်းမကြီးများပေါ် ပြန်တက်လာကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။ တပ်ပေါင်းစုတွင် ဗကသ၊ ဒေါင်းစစ်သည်၊ နွေဦးခေတ်သစ်ပျောက်ကြား စသည့် သပိတ်စစ်ကြောင်းများ ပါဝင်သည်။ 

• ပေါက်ကွဲမှုများ ရှိခဲ့သည့် မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ် - MUFL တွင် ယခင်နေ့က ရဲလုံခြုံရေးများ ထားရှိရာမှ ယနေ့တွင် စစ်ဝတ်စုံဝတ်လက်နက်ကိုင်နှင့် အရပ်ဝတ်လုံခြုံရေးများ ပြောင်းလဲချထားသည်ဟု သိရသည်။ 

• အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းမှာလည်း ယနေ့ နေ့လယ်ပိုင်းက မြို့နယ်တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန္တလေး၊ လေးပြင်ရပ်သံဃာသမဂ္ဂ သပိတ်စစ်ကြောင်းကလည်း NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မန္တလေးကျုံးရှေ့ဘက်ရှိ အမှတ် (၁) ရဲစခန်းနှင့် စည်ပင်ရုံးများတွင် ယနေ့ နေ့လယ်ပိုင်းက အရပ်ဝတ်များ အဝင်အထွက် များကာ ရုံးတက်နေကြကြောင်းနှင့် မြို့ပေါ် မီးပွိုင့်များတွင်လည်း ယာဉ်ထိန်းရဲများ ပြန်လည်အလုပ်လုပ်နေကြပြီ ဖြစ်သည်ဟု မန္တလေးမြို့ခံတစ်ဦးက ညနေ ၅ နာရီတွင် အတည်ပြု ပြောဆိုသည်။ ကျုံးဘေးလမ်းများကိုလည်း စစ်အုပ်စုဘက်က ပြန်ဖွင့်ပေးထားပြီဖြစ်ကာ ကင်းလှည့်နေသည့် စစ်ကားအချို့တွင် အသက်ငယ်ရွယ်သေးသည့် စစ်သားများနှင့် ရဲစခန်းများ တွင် အသက်အရွယ်ကြီးပြီဖြစ်သည့် ရဲဝန်ထမ်းများသာ တွေ့နေရကြောင်းလည်း ၎င်းက ပြောသည်။ 

• မန္တလေး နွားထိုးကြီးမြို့ခံများက ရောင်စုံစက္ကူများတွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း စာများရေးသား ကိုင်ဆောင် ကာ ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ 

• မန္တလေး တံတားဦးမြို့ခံများကလည်း မြို့ပေါ်ကျောင်းအချို့ရှေ့တွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း စာများရေး၍ သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

• စဉ့်ကိုင်မြို့နယ်၊ ပုလိပ်မြို့တွင် မြို့ပေါ်ကျောင်းအချို့တွင် "ပြောင်းဝအောက်မှာ ကျောင်းမတက်ချင်နဲ့ ပလိပ် သိက္ခာကျတယ်" စာသားများအား ဆေးအနီများဖြင့် ရေးသား၍ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မိုးကုတ်၊ ကင်းရွာတွင် မေလ ၁၀ ရက်က စစ်အုပ်စုလက်နက်ကိုင်များက တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးကာ ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးသွားခဲ့ရာ ဖမ်းဆီးခံရသူများထဲမှ ၂၀ ဦးကို ယနေ့နံနက်ပိုင်းက ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ သို့ သော် ရွာလူကြီး နှစ်ဦးကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်။ မိုးကုတ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF ကို ဖွဲ့ စည်းထားပြီ ဖြစ်သည်။ ယနေ့ နေ့လယ်ပိုင်းကလည်း မိုးကုတ်နေ လူငယ်များက လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် "လုံးဝအုပ်ချုပ်ခွင့် မရစေရ" ဆိုင်းဘုတ်များ ကိုင်ဆောင်၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ 

• ညောင်ဦးတွင် ဒေသခံလူငယ်များက လမ်းမများပေါ်၌ ဆေးအနီများဖြင့် "တပ်ပျက်နေပြီ"၊ "NUG အစိုးရထောက်ခံကြောင်း" စာများရေးကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မန္တလေး၊ ဝမ်းတွင်းမြို့နယ်တွင် ဒေသခံပြည်သူများက စစ်အာဏာရှင်စနစ်အား ခုခံတွန်းလှန်ရန်အတွက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• ပြင်ဦးလွင်မြို့ခံများကလည်း "သွေးအေးသွားပြီလား ? ကျဆုံးသွားသော သူရဲကောင်းများကို တစ်ချက်လောက် ပြန်ကြည့်ကြည့်ပါ" အပါအဝင် စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာများရေးကာ လူမဲ့သပိတ် ပြုလုပ်ခဲ့ သည်။ 

• တလုပ်မြို့မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်သည့်အတွက် လာရောက်ရှာဖွေသည်ဟုဆိုကာ ဧရာဝတီနှင့် ချင်းတွင်းမြစ် ဆုံရာ ရေလယ်ကျွန်းပေါ်ရှိ မြေတော်ကျေးရွာ (မကွေးတိုင်း၊ ရေစကြိုမြို့နယ်အပိုင်) တွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက် စစ်အုပ်စုက ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ရာ ဖမ်းဆီးခံရသူ မရှိသော်လည်း ရွာတွင်းရှိ အဆောက်အအုံများအား ဖျက်ဆီးခဲ့ ကြောင်း သိရသည်။ 

ပဲခူးတိုင်းဒေသကြီး

• ပြည်အခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ - DVB သတင်းထောက်ဟောင်း ကိုမင်းညိုကို စစ်အုပ်စုက ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်သည်။ ကိုမင်းညိုမှာ မတ်လ ၃ ရက်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း သပိတ်စစ်ကြောင်းတွင် သတင်းရယူနေစဉ် ရိုက်နှက်ဖမ်းဆီးခံရကာ ပုဒ်မ – ၅၀၅ (က) ဖြင့် တရားစွဲဆိုကာ ထောင်ချခဲ့ခြင်း ဖြစ်သည်။ ကိုမင်းညိုနှင့်အတူ ယင်းနေ့တွင်ပင် ပြည် NLD မြို့နယ်ပြန်ကြားရေး ကိုကျော်ကျော်ဉာဏ်ဝင်းအား ၅၀၅ (က) ဖြင့် ထောင်ဒဏ် သုံးနှစ်နှင့် ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုသန့်ဇင်ထွန်းအား ပုဒ်မ ၅၀၅ (က)၊ သဘာဝဘေးပုဒ်မ ၂၅ ဖြင့် စုစုပေါင်း ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့သည်။ 

• ပြည် မြို့မစျေးကြီးတွင် ဇွန်လ ၁ ရက်မှ ၇ ရက်အတွင်း အခွန်ဆောင်ရမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်အုပ်စုလက်နက် ကိုင် စစ်သားများက စျေးသည်များအား လိုက်လံဖိအားပေးလျက်ရှိသည်။ 

• ပဲခူး၊ ပြည်နှင့် တောင်ငူတွင် ညမထွက်ရ အမိန့်အား ယခင် ည ၈ နာရီမှ နံနက် ၄ နာရီအစား ည ၁၀ နာရီမှ နံနက် ၄ နာရီအ ထိ ပြောင်းလဲသတ်မှတ်လိုက်သည်။ ထို့ပြင် လူငါးဦးထက်ပို၍ မစုဝေးရဟုလည်း စစ်အုပ်စုလက်အောက်ခံ ထွေအုပ်က ထုတ်ပြန်ထားသေးသည်။ 

• တောင်ငူတွင် ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စု ဘက်က လိုက်လံဖမ်းဆီး ဖြိုခွဲခဲ့ရာ ဆန္ဒပြပြည်သူ မိသွားခြင်းမရှိသော်လည်း ဆိုင်ကယ်တစ်စီးအား သိမ်းဆည်းသွားခဲ့သည်။ 

• ပဲခူးတွင် ဒေသခံလူငယ်များက "PDF အဖွဲ့တွေ အရပ်ဝတ်နဲ့ ပျူစောထီးအဖွဲ့ကို အရင်ရှင်း" အပါအဝင် တော်လှန်သော စာ များရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း Paper Strike ပြုလုပ်ခဲ့သည်။ 

• ပဲခူးတိုင်းတွင် တိုင်းလုံးကျွတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ရွှေဘိုမြို့နယ် အမှတ် (၄) ရပ်ကွက်ရုံးတွင် ယနေ့နံနက် ၃ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အုတ်ခင်းအဆောက်အဦတစ်ခု မီးလောင်ပျက်စီးသွားသည်။ 

• မြောင်မြို့နယ်တွင် ဒေသခံများက အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်မှုများအား ဆန့်ကျင်ခုခံရန်နှင့် CDM ဝန်ထမ်း/ပြည်သူများ ကာကွယ်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြောင်မြို့နယ်ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ မြိုင်မြို့နယ်၊ လက်ယက်မစံပြကျေးရွာနေပြည်သူများကလည်း ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• မြောင်မြို့နယ် မြို့မရဲစခန်းနှင့် နားဘက်ရဲစခန်းတို့တွင် ယနေ့နေ့လယ် ၁၂ နာရီခွဲခန့်က ၁၀ မိနစ်သာခြား၍ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ 

• ချောင်းဦးတွင် ယနေ့ နံနက်အစောပိုင်းက အကြမ်းဖက်စစ်အုပ်စုနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များအကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး သပိတ်ခေါင်းဆောင်အား ဝင်ဖမ်းရန် လုပ်ဆောင်လာသည့်အတွက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ နှစ်ဖက်ပစ်ခတ်မှုများအတွင်း ဒေသခံလူငယ်များဘက်က တစ်ဦး ဖမ်းဆီးခံထားရကာ စစ်အုပ်စုဘက်ကမှ ငါးဦး ထိမှန်ဒဏ်ရာရထားသည်ဟု သိရသည်။ လက်ရှိတွင် ချောင်းဦးမြို့နယ်တွင်း စစ်အုပ်စုလက်နက်ကိုင်များ ဝင်ရောက်မလာ စေရန်အတွက် ချောင်းဦး-ရေစကြို-ပခုက္ကူလမ်းများတစ်လျှောက်တွင် ဒေသခံများက သစ်ပင်များ လှဲကာ ပိတ်ဆို့ထားကာ ချောင်းဦးမြို့နယ်တွင်းရှိ ကျေးရွာချင်းဆက်လမ်းများကိုလည်း ပိတ်ထားလျက်ရှိသည်။ 

• ဆားလင်းကြီးမြို့နယ်၊ ဖောင်းကားကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျေးရွာသပိတ်စစ်ကြောင်းဖွင့်၍ စစ်အာဏာရှင်စနစ် အား ဆန့်ကျင်တော်လှန်ခဲ့သည်။ ဆားလင်းကြီး၊ ဆုံတားရွာတွင်လည်း ဒေသခံများက အင်အား ရာနှင့်ချီ စုပေါင်း၍ စစ်အာ ဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• ကလေးမြို့တွင် ဒေသခံများက NUG အစိုးရနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF အား ထောက်ခံကြောင်းနှင့် စစ်အာဏာ ရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် ယနေ့နံနက်ပိုင်းကလည်း ကလေးမြို့ ဘူတာလမ်းခွဲတွင် ဒေသခံများက လူမဲ့သပိတ်ပြုလုပ်ပြီးနောက် အဆိုပါနေရာတွင် ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သေးသည်။ 

• စစ်ကိုင်းမြို့နေ ပြည်သူအချို့ကလည်း "တရား၊ ဓမ္မနဲ့လည်း တိုက်မယ်" အမည်ဖြင့် ပျောက်ကြားသပိတ်ပြုလုပ်ကာ နွေဦး တော်လှန်ရေးအတွင်း အသက်စွန့်ခဲ့ရသည့် အာဇာနည်များအတွက် ဆုတောင်းမေတ္တာပို့ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ရေလှောင်တမံအနီးတွင် ညောင်ကိုင်းကျေးရွာအုပ်စုမှ ထောင်နှင့်ချီသည့်ဒေသခံများက စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြသည်။ 

• မြင်းခြံခရိုင်၊ တလုပ်မြို့တွင် စစ်အုပ်စုလက်နက်ကိုင်များအား ပြန်လည်ခုခံရင်း ဖမ်းဆီးခံခဲ့ရသည့် မောင်ဇင်ကိုထွန်းမှာ စစ်ကြောရေးတွင် သေဆုံးသွားပြီဖြစ်ကြောင်းနှင့် အလောင်းလာယူရန်အတွက် မိသားစုများထံ ဆက်သွယ်လာကြောင်း သိရသည်။ 

• မြင်းမူမြို့တွင် ယနေ့နေ့လယ်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်၌ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ ဘဏ်ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ 

• ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိ်နကလည်း စစ်ကိုင်းမြို့ရှိ ကညနရုံး၊ လူမှုဖူလုံရေးရုံးနှင့် အ.ထ.က (၁) ကျောင်းတို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေ။ 

• ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာနေ ပြည်သူများကလည်း NUG အစိုးထောက်ခံကြောင်းနှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• စစ်ကိုင်း၊ ကလေးဝတွင် စစ်အုပ်စုအကြမ်းဖက်မှုအန္တရာယ်မှ ကာကွယ်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းလိုက်သည်။ 

မကွေးတိုင်းဒေသကြီး

• ပခုက္ကူခရိုင်၊ ကမ္မမြို့နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။ 

• မင်းဘူးမြို့နယ်နေ Generation – Z လူငယ်များက NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ 

• ဂန့်ဂေါမြို့နယ်၊ သာလင်းရွာတွင် ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ချောက်မြို့နယ်၊ နရွဲတောရွာနေ ပြည်သူများကလည်း ရွာတွင်းကျောင်းများရှေ့၌ "ငါတို့က လွတ်လပ်အောင် ကြိုးစားနေချိန် မင်းတို့က မလွတ်လပ်ချင်တဲ့ဘက်က နေတယ်" စသည့် စာများအား ဆေးအနီများဖြင့် ရေး၍ စစ်ကျွန်ပညာရေးစနစ် အလို မရှိကြောင်း သွေးသပိတ် ပြုလုပ်ခဲ့သည်။ ယမန်နေ့က ချောက်မြို့နယ် ကျောင်းသားသမဂ္ဂကွန်ရက်အဖွဲ့ဝင်များ ဖြစ်သည့် ကိုအောင်ကိုကိုနှင့် ကိုလှိုင်မင်းထွန်းတို့အား အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့၏ နေအိမ်များတွင် လာရောက်ဖမ်းဆီးသွားကာ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။ 

• ရေစကြိုတွင် အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ဖွဲ့စည်းလိုက်သည့် PDF လမ်းညွှန်မှုကို လိုက်နာကာ CDM ဝင်နေသည့် ပြည်သူ့ဝန်ထမ်းနှင့် ပြည်သူများကို ကာကွယ်၍ စစ်အုပ်စုနှင့် စစ်အုပ်စုလက်ပါးစေများအား ရရာလက်နက်ဖြင့် တော်လှန်အတွက် ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

• ရေနံချောင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့နယ်ထွေအုပ်ရုံးအနီး ယနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ် အုပ်စုလက်နက်ကိုင်များက ပေါက်ကွဲရာအနီးတစ်ဝိုက်၌ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ 

• မကွေးတိုင်း၊ ဆောမြို့နယ်တွင်း ပြည်သူများအနေဖြင့် ဆော-ကျောက်ထုလမ်းပိုင်း၊ ဆော-ဆိပ်ဖြူ၊ ကျောက်ထု-ပခုက္ကူလမ်းပိုင်းများတွင် မေလ ၁၃ ရက်မှစ၍ လုံခြုံရေးအရ သွားလာခြင်းမပြုလုပ်ကြရန် ဆောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။
တနင်္သာရီတိုင်းဒေသကြီး
• ထားဝယ်မြို့၊ ကြက်စာပြင်ရပ်ကွက်တွင် ဒေသခံများက စစ်အုပ်စုသတင်းပေး ဒလန်အိမ်ဟု ယူဆထားသည့် နေအိမ်တွင် ယမန်နေ့ည ၁၁ နာရီခန့်က ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားရာ ယင်းအိမ်တွင်နေထိုင်သူတစ်ဦး သေဆုံးခဲ့သည်။ ပထမအကြိမ် ပေါက်ကွဲမှုအပြီးတွင် စစ်အုပ်စုလက်နက်ကိုင်များ ရောက်ရှိလာချိ်န၌ နောက်ထပ်တစ်ကြိမ် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ 

• ထားဝယ်၊ နဘုလယ်ဒေသတွင် ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်စဉ် အကြမ်းဖက်စစ်အုပ်စုက စစ်ကားငါးစီး၊ အင်အား ၅၀ ကျော်ဖြင့် ရောက်လာကာ သေနတ်ပစ်ဖောက် ဖြိုခွဲခဲ့သည့်အတွက်ပြည်သူလေးဦး ဖမ်းဆီးခံခဲ့ရသည်။

• သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာနေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။ သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာနေ ၁၀ တန်းကျောင်းသူနှစ်ဦးဖြစ်သည့် မသွယ်သွယ်စန်းနှင့် မထွန်းနဒီ (ခ) မီးငယ်လေးတို့အား ယမန်နေ့ညပိုင်းတွင် အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက ဖမ်းဆီးသွားပြီးနောက် ယနေ့နံနက်ပိုင်းတွင်လည်း သပိတ်ခေါင်းဆောင်များအား လိုက်လံရှာဖွေ ဖမ်းဆီးလျက် ရှိသည်ဟုလည်း သိရသည်။ အဆိုပါကျောင်းသူနှစ်ဦးအား စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း သရုပ်ပြသပိတ်မှောက်မှုဖြင့် ဖမ်းဆီးထားခြင်းဖြစ်ပြီး ဖမ်းဆီးသွားစဉ်က ပြန်လွှတ်ပေးမည်ဟု စစ်အုပ်စုဘက်က ပြောကြားထားသည်ဟု သိရသော်လည်း ယနေ့ နေ့လယ် ၁၂ နာရီအချိန်အထိ ပြန်လွှတ်ပေးခြင်း မရှိပေ။ 

• လောင်းလုံမြို့နယ် ပန်းတင်အင်းကျေးရွာနေ ပြည်သူများက ယနေ့နံနက်ပိုင်းတွင် သပိတ်စစ်ကြောင်းထွက်၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့ပြင် ပန်းဒလဲ၊ ညင်းမော်၊ သဗျာ၊ မောင်းမကန်၊ နတ်စင်ရှောင်၊ တီဇစ် စသည့် ကျေးရွာများတွင် ကျေးရွာများအလိုက် သပိတ်စစ်ကြောင်းများ ဖွင့်၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန်ခဲ့သည်။ 

• ထားဝယ်နေ မိဘပြည်သူများအား ဒုက္ခပေးနေသည့် ဒလန်အိမ်တစ်အိမ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ ထားဝယ် PDF ကို မေလ ၅ ရက်က စတင်ထူထောင်ထားခြင်းဖြစ်ကာ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အရေးပေါ်ကားအား တိုက်ခိုက်မိနီးပါးဖြစ်သွားသည့်အ တွက်လည်း အနူးအညွတ်တောင်းပန်ကြောင်းပါ ထုတ်ပြန်ထားသည်။ 

• ထားဝယ်တွင် မေလ ၁၁ ရက်နံနက်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြုလုပ်နေသည့် ပင်မသပိတ်စစ်ကြောင်း အား အကြမ်းဖက်စစ်အုပ်စုက အိမ်စီးကားများဖြင့် လာရောက်ဖြိုခွင်းပြီးနောက် ဆန္ဒပြပြည်သူ ၁၅ ဦးကို ဖမ်းဆီးခဲ့ရာ အသက်မပြည့်သေးသူ သုံးဦးကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ 

ဧရာဝတီတိုင်းဒေသကြီး

• ဘိုကလေးမြို့နယ်တွင် CDM ဝန်ထမ်းနှင့် ပြည်သူများအား ကာကွယ်ရန်နှင့် စစ်အုပ်စုအား ပျောက်ကြားစနစ်ဖြင့် ခုခံတော် လှန်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• ဖျာပုံတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF ကို ဖွဲ့စည်းထားလိုက်ပြီ ဖြစ်သည်။ 

• ပုသိမ်တက္ကသိုလ် သတ္တဗေဒဌာနတွင် ဆရာ၊ ဆရာမများကိုယ်တိုင် စစ်အုပ်စုလက်အောက် အလုပ်မဝင်ဘဲ CDM ပြုလုပ်နေသည့်နည်းတူ ကျောင်းသားများကလည်း Student CDM ပြုလုပ်ကြရန် ကျောင်းသားဟောင်းများက တိုက်တွန်းထားသည်။ 

မွန်ပြည်နယ်

• မော်လမြိုင်တွင် ညမထွက်ရအချိန်အား ယခင် ည ၈ နာရီမှ နံနက် ၄ နာရီထိအစား ည ၁၀ နာရီမှ နံနက် ၁၀ နာရီသို့ မေလ ၁၂ ရက်မှစ၍ ပြောင်းလဲသတ်မှတ်ထားသည်။ မော်လမြိုင်နေ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်နေသည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျောင်းသားလူငယ်၊ ရပ်မိရပ်ဖများဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မော်လမြိုင်ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• မော်လမြိုင်မြို့ခံများကလည်း ယနေ့ နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။ 

• ပေါင်မြို့နယ်နေ လူငယ်များကလည်း ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ်ကို ကျေးရွာများအတွင်း လှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ကချင်ပြည်နယ်

• ဗန်းမော်မြို့၊ စင်းခန်းကျေးရွာတွင် တာဝန်ကျသည့် ထောက်လှမ်းရေးအဖွဲ့ဝင် ဦးတင်လှိုင်မှာ မေလ ၁၀ ရက် ညသန်းခေါင်အချိန်က ရွှေကူမြို့၊ မင်းကျောင်းကုန်းကျေးရွာတွင် အသတ်ခံရကာ ရွာအနောက်ဘက်သံလမ်းတွင် အလောင်း လာပစ်ထားခံရပြီး မည်သည့်အဖွဲ့အစည်းက သတ်ဖြတ်ခဲ့သည်ကိုမူ မသိရသေးပေ။ 

• မိုးမောက်မြို့၊ စိန်လုံးကျေးရွာမှ သုံးမိုင်ခန့်အကွာရှိ ဗန်းမော်-လွယ်ဂျယ်ကားလမ်းပေါ်မှ ပျဉ်ဝယ်တံတားကို ယနေ့ နံနက် ၈ နာရီကျော်ခန့်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်။ 

• ဖားကန့်၊ အေးမြသာယာ မှော်ပေါင်းစုံသပိတ်စစ်ကြောင်းကလည်း "ကြောက်ရင် မထွက်နဲ့ ထွက်ရင် မကြောက်နဲ့ အရေးတော်ပုံ အောင်ရမည်" ဆိုင်းဘုတ်များ လွှင့်ထူကာ စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေးအား ဆန့်ကျင်တော်လှန်ခဲ့သည်။ ဖားကန့်၊ ဆိုင်းတောင် (ဆိပ်မူ) ရွာတွင်လည်း ဒေသခံများက ဆိုင်ကယ်သပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ 

• နမ္မတီးတွင်လည်း ဒေသခံပြည်သူများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• မိုးကောင်းနေ ကျောင်းသားနှင့် မိဘပြည်သူများက အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လမ်းမကြီးပေါ် လှည့်လည်၍ ဆန္ဒပြ တော်လှန်ခဲ့သည်။ 

• မြစ်ကြီးနားဒေသခံများကလည်း မြို့နယ်တွင်း လူစည်ကားရာနေရာများ၌ ကြက်ခြေခတ်ထားသည့် စစ်အုပ်စုခေါင်းဆောင်ပုံ များအား ကပ်ကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

ကယားပြည်နယ်

• လွိုင်ကော်၊ နာနတ်တောရပ်ကွက်သပိတ်စစ်ကြောင်းအား ယမန်နေ့ ညနေပိုင်းက အကြမ်းဖက်စစ်အုပ်စုက အင်အားအများ အပြားဖြင့် ဖြိုခွဲခဲ့ရာ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအပါအဝင် အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား သုံးဦး ဖမ်းဆီးခံခဲ့ရသည်။ 

ကရင်ပြည်နယ်

• ကရင်ပြည်နယ်၊ ဘားအံမြို့ အစိုးနည်းပညာအထက်တန်းကျောင်းအုပ် ဒေါက်တာချိုယုမွန်အား စစ်အာဏာရှင်စနစ် ဆန့်ကျင်မှုဖြင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို၍ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်သည်။ 

• KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူစေးဖိုးက NCA ပါ မူဘောင်များကို သက်ဆိုင်ရာအဖွဲ့အစည်းများက လေးစားလိုက်နာရန်နှင့် မြန်မာ့အရေးအတွက် စေ့စပ်ညှိနှိုင်းအဖြေရှာကြရန် တိုက်တွန်းထုတ်ပြန်ထားသည့် သဘောထားကြေညာချက်မှာ မိမိတို့၏ အမျိုးသားထုနှင့် ပြည်ထောင်စုသားအားလုံး၏ ကောင်းကျိုးကို ဖြစ်ထွန်းစေမည်ဖြစ်ကာ ညှိနှိုင်းဆွေးနွေးအဖြေရှာကြရန် KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ စောရွှေမောင်းက ယနေ့တွင် ထုတ်ပြန်လိုက်သည်။ 

• ကော့ကရိတ်မြို့နယ်၊ အံကောင်ကျေးရွာနေ ဆရာ/ဆရာမ၊ ကျောင်းသားနှင့် မိဘပြည်သူများက စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ချင်းပြည်နယ်

• ဟားခါးတွင် စစ်အုပ်စုအား ကူညီနေသည့် မြို့နေဒလန်သုံးဦးအိမ်အား အသေးစားတိုက်ခိုက်ဖောက်ခွဲမှု ပြုလုပ်၍ သတိပေး ထားပြီး ဆက်လက်လုပ်ဆောင်နေပါက အသက်အန္တရာယ်အတွက် အာမ မခံကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF ဟားခါးက ထုတ်ပြန်ထားသည်။ စစ်အုပ်စုသတင်းပေးသုံးဦးမှာ နှီရ်လောန် (က)၊ နှီရ်လောငန် (ခ) ကျေးရွာနှင့် ဟားခါး စျေးဟောင်းရပ်ကွက်တို့တွင် နေထိုင်သည်ဟုလည်း ဖော်ပြထားသည်။ 

• ဟားခါးမြို့ခံများက စစ်အုပ်စု မတရားနှိပ်စက်မှုဖြင့် သေဆုံးခဲ့သည့် Khamh Bawi နှင့် Pu Tler Ling တို့၏ ဓာတ်ပုံများကိုင် ဆောင်ကာ ၎င်းတို့အတွက် တရားမျှတမှု ရရှိရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ကန်ပက်လက်မြို့နေ ပြည်သူများ လုံခြုံရေးအတွက် မလိုအပ်ဘဲ အပြင်ထွက်ခြင်း၊ တောင်တွင်း သွားလာ၍ မလိုအပ်ဘဲ သေနတ်ပစ်ဖောက်ခြင်း၊ နယ်ဝေးမှလာသည့် အလုပ်သမားများ အချိ်နမီ နေရပ်ပြန်ကြရန်နှင့် ယော/ဆောနယ်များမှပြည်သူများ မြို့သို့ မလာရောက်ရန် Chinland Defense Force – ကန်ပက်လက်က ထုတ်ပြန်ထားသည်။ 

• မင်းတပ်တွင် စစ်အုပ်စုနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကြား သဘောတူညီမှုပျက်ပြားကာ ယမန်နေ့ညကတည်းက ယနေနံနက်ပိုင်းအထိ နှစ်ဖက်ပစ်ခတ်မှုများ ပြန်ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က ကျောက်ထုမြို့မှ နေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် ပြည်သူဘက်မှ တစ်ဦးကျဆုံးကာ လေးဦး ဒဏ်ရာရရှိထားသည်။ ယမန်နေ့ညပိုင်းကလည်း ၂၇၄ တပ်ရင်း၊ ရဲစခန်းနှင့် ဘဏ်အအနီးအပါအဝင် နေရာလေးနေရာ၌ ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။ 

• တီးတိန်မြို့ အ.ထ.က (၂) ကျောင်းတွင်လည်း ဒေသခံများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း သွေးသပိတ် ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်

• ညောင်ရွှေတွင် ဒေသခံများက စံပယ်ပန်းများဖြင့် စစ်အာဏရှင်စနစ် ဆန့်ကျင်ကြောင်း စာများ ရေးသားကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• လားရှိုးမြိုခံတစ်ဦးကလည်း စစ်အာဏာရှင် အလိုမရှိကြောင်း ဆိုင်းဘုတ်ကိုင်ဆောင်ကာ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ သည်။ 

• ရှမ်းမြောက်ပိုင်း နမ့်ဆန်မြို့တွင်လည်း ဒေသခံများက စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ကျောက်မဲမြို့ ဒေသခံများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်ကယ်သပိတ်ပြုလုပ်၍ မြို့တွင်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• တောင်ကြီးမြို့ပေါ်ရှိ စည်ပင်ပိုင်စျေးများမှ စျေးသည်များအား စျေးဆိုင်ခန်းငှားရမ်းခများအား မတ်လ ၁၄ ရက် နောက်ဆုံး ထားပေးသွင်းရန် စစ်အုပ်စုဘက်က အကြောင်းကြားစာများ ပေးပို့လျက်ရှိသည်။ ယနေ့ နံနက်ပိုင်းကလည်း တောင်ကြီးမြို့ နယ်၊ မြေဖြူရပ်ကွက်နေ အမျိုးသမီးတစ်ဦးကို သူမ၏ အိမ်အကူအမျိုးသမီးက သတင်းပေးသည့်အတွက်ဟုဆိုကာ စစ်အုပ်စု လက်နက်ကိုင်များက နေအိမ်၌ လာရောက်ဖမ်းဆီးသွားသည်။ 

• သီပေါမြို့ခံများကလည်း "တောင်းယူလို့ မရရင် တိုက်ယူကြမယ်" အပါအဝင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပြသည့် စာသားများအား စက္ကူစာရွက်များတွင် ရေးသားကိုင်ဆောင်ကာ ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်

• ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လာသည့် သင်္ဘောသမား လေးဦးတွင် ကိုဗစ်ပိုး တွေ့ရှိသော်လည်း နယ်စပ်ကုန်သွယ်ရေးကို ဆက်ဖွင့်မှာဖြစ်တယ်လို့ ရခိုင်နစက ကောင်စီဘက်က ပြောဆိုထားသည်။

• ရခိုင် နစကကောင်စီတွင် ကောင်စီအဖွဲ့ဝင်များ အပြောင်းအလဲ ပြုလုပ်လျက်ရှိသည်။ 

• ရခိုင်၊ တောင်ကုတ် NLD အမတ်လောင်း ဒေါ်နီနီမေမြင့်နှင့် ပါတီ မြို့နယ်လူငယ်တာဝန်ခံ ဒေါ်ချစ်ချစ်ချောတို့အား ရန်ကုန်မြို့ရှိ ၎င်းတို့ တည်းခိုနေသည့်အိမ်တွင် အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက ယမန်နေ့ညပိုင်းတွင် လာရောက်ဖမ်းဆီးသွားခဲ့သည်။ ၎င်းတို့နှစ်ဦးမှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၄ ရက်ကလည်း တောင်ကုတ်မြို့နယ်တွင်း ရွေးကောက်ပွဲစည်းရုံးရေးဆင်းနေစဉ် ရက္ခိုင့်တပ်မတော် (AA) က ဖမ်းဆီးကာ ရွေးကောက်ပွဲအပြီး ယခုနှစ် ဇန်နဝါရီလ ၁ ရက်ကျမှသာ ပြန်လွှတ်ပေးခံခဲ့ရဖူးသည်။ 

နေပြည်တော်

• နေပြည်တော်တွင် စစ်အာဏာရှင်စနစ်အား နေ့စဉ်မပျက် တော်လှန်ဆန္ဒပြနေသည့် နေပြည်တော် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ ဖြစ်သည့် ကိုတေဇာဟိန်း၊ ကိုမင်းသူရထွန်း၊ ကိုအေးချမ်းမင်းနှင့် ကိုမြတ်ထူးတို့အား ၎င်းတို့ စုပေါင်းနေထိုင်သည့် ဒဏ္ခိသီရိမြို့နယ် နေအိမ်တွင် အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက ရိုက်နှက်ဖမ်းဆီးသွားခဲ့သည်။ ၎င်းတို့အား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးမိခြင်းဖြစ်သည်ဟုလည်း စစ်တပ်ပိုင်မြဝတီသတင်းက ကြေညာထားသည်။ 

• နေပြည်တော်ရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်းကို ပျဉ်းမနားမြို့ခံ ဆရာဝန်တစ်ဦးက တစ်ကိုယ်တော် ဆန္ဒပြခဲ့သည်။ 

မေ ၁၃ သုံးသပ်ချက်

• ရန်ကုန်တွင် လမ်းပေါ်တက် သပိတ်များ ရှိနေဆဲကာဖြစ်ကာ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းလာပြီး နောက် ပြန်လည်ခုခံကာကွယ်မှုများနှင့် တန်ပြန်တိုက်ခိုက်မှုများ ပိုမိုများပြားလာနေသည်။ မြို့ပေါ်ကျောင်းနှင့် စစ်တပ်ပိုင် မြေနရာများတွင် ဆက်လက်တပ်စွဲထားကာ ဖမ်းဆီးမှုများ ဆက်တိုက်လုပ်နေဆဲဖြစ်ပြီး မဖွင့်လှစ်သေးသည့် မြို့ပေါ်စျေးကြီးများ၌ အခွန်ပြန်ကောက်ရန် စိုင်းပြင်းလျက်ရှိသည်။ 

• မန္တလေးတွင် ဖြိုခွဲခံရမှုများ ရှိသည့်ကြားကပင် သပိတ်ကြီးများ ဆက်လက်ရှိနေဆဲဖြစ်ပြီး တန်ပြန်ခုခံကာကွယ် တိုက်ခိုက်မှု များလည်း ရှိနေဆဲ ဖြစ်သည်။ မြို့ပေါ်ရပ်ကွက်နှင့် ရဲစခန်းများတွင် အရပ်ဝတ်များ အဝင်အထွက်စိပ်နေကာ ရုံးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်အတွက် ပြင်ဆင်လျက် ရှိသည်။ မြို့ပေါ်လမ်းမအများစု ပြန်ဖွင့်ပေးပြီဖြစ်ကာ သက်ကြီးပိုင်းနှင့် သက် ငယ်ပိုင်း လက်နက်ကိုင်လုံခြုံရေးအချို့သာ ဆက်လက်ထားရှိကာ အင်အားပြသည့်အနေဖြင့် ကင်းလှည့်မှုအချို့ကို ဆက် လက်လုပ်ဆောင်နေသည်။ 

• နယ်မြို့ကြီးများတွင် သပိတ်များ အားကောင်းနေဆဲ ဖြစ်ကာ အချို့နေရာများတွင် စစ်အုပ်စုအား လက်နက်ကိုင်ခုခံမှုများ ပိုမိုများပြားလာလျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required