ပြည်ထောင်တွင်းတရားရုံးက DVBသတင်းထောက် ကိုမင်းညိုအပါအဝင် ၃ ဦးကို ထောင်ဒဏ်များချမှတ်

ပြည်ထောင်တွင်းတရားရုံးက DVBသတင်းထောက် ကိုမင်းညိုအပါအဝင် ၃ ဦးကို ထောင်ဒဏ်များချမှတ်
ဓါတ်ပုံ - အစဉ်လိုက် ကိုမင်းညို၊  ကိုသန့်စင်ထွန်း၊ ကိုကျော်ကျော်ဉာဏ်ဝင်း

မေ ၁၂

အာဏာသိမ်းစစ်ကောင်စီကဖမ်းဆီးခဲ့သော ပြည်မြို့အခြေစိုက် DVB သတင်းထောက် ကိုမင်းညို၊ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုသန့်စင်ထွန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD)၏ ပြည်မြို့နယ်ပြန်ကြားရေးအရာရှိကိုကျော်ကျော်ဉာဏ်ဝင်းတို့ကို ပြည်ထောင်တွင်း တရားရုံးက ထောင်ဒဏ်သုံးနှစ်မှသည် ထောင်ဒဏ်ခြောက်နှစ်အထိ အမိန့်ချမှတ်လိုက်သည်။

ကိုမင်းညို ( ပြည်) သည် မတ်လ ၃ ရက်နေ့က မြောက်စောင်တန်းလမ်းတွင် ဆန္ဒပြသတင်းအတွက် ဗီဒီယိုရိုက်ကူးနေခိုက် စစ်ကောင်စီလက်ပါးစေ ရဲနှင့်စစ်သားများက ရိုက်နှက်ဖမ်းဆီးခဲ့၍ မျက်နှာ၊နှဖူးနဲ့ဦးခေါင်းတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သူ့ကို ဒေသကွပ်ကဲမှုဌာနချုပ် ( ဒကစ) တွင် သုံးရက်ကြာစစ်ဆေးမေးမြန်းခဲ့ပြီးနောက် ပြည်ထောင်သို့ ပို့ဆောင်ခဲ့သည်။ 

 " ထောင်တွင်းတရားရုံးမှာပဲ အမိန့်ချလိုက်တာ။ ၅၀၅ (က) နဲ့ဆိုတော့ သုံးနှစ်အမိန့်ချခံလိုက်ရတယ်။ ရုံချိန်းရှစ်ကြိမ်မြောက်မှာ အမိန့်ချတာ၊ အခုတော့ ရှေ့နေတွေနဲ့ အယူခံဝင်ဖို့လုပ်နေပါတယ်"ဟု ကိုမင်းညို၏ဇနီးဖြစ်သူက ပြောသည်။

တနေ့တည်းမှာပင် ထောင်တွင်းအရပ်ဘက်တရားရုံးက စစ်အာဏာသိမ်းမှုဆန့်ကျင်သူ ပြည်နည်းပညာတက္ကသိုလ်မှ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုသန့်စင်ထွန်းအား သဘာဝဘေးပုဒ်မ (၂၅) ဖြင့် ထောင်ဒဏ် သုံးနှစ်၊ ၅၀၅ (က) ဖြင့် ထောင်ဒဏ် သုံးနှစ်၊ စုစုပေါင်း ခြောက်နှစ် အမိန့်ချမှတ်သည်။ ထို့အပြင် NLDပြည်မြို့နယ်ပြန်ကြားရေး ကိုကျော်ကျော်ဉာဏ်ဝင်းကိုလည်း ၅၀၅ (က) ဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required