စစ်တပ်က လုံခြုံရေးပေးပြီးသယ်လာတဲ့ ဆီသယ်ယာဉ်တန်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အဝင်မှာ တိုက်ခိုက်ခံရ

စစ်တပ်က လုံခြုံရေးပေးပြီးသယ်လာတဲ့ ဆီသယ်ယာဉ်တန်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အဝင်မှာ တိုက်ခိုက်ခံရ

မေ ၁၂

အာဏာသိမ်းစစ်ကောင်စီက လုံခြုံရေးယူပြီး ဆီသယ်လာတဲ့ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကြားဖြတ်တိုက်ခိုက်လိုက်ပါတယ်။

မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး မြစ်ကြီးနားလေတပ်ဌာနချုပ်ကနေ နှစ်မိုင်ကျော်အကွာမှာရှိတဲ့ အကျဲကျေးရွာက ရန်ကုန် - မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဒီကနေ့နေ့လည်  ၁၂နာရီကျော်လောက်က အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ လုံခြုံ ရေးယူပြီး သယ်လာတဲ့ ဆီသယ်ကားယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

အကျဲကျေးရွာအထွက်  ဆွတ်လုံခရုန်ဆီဆိုင်ကြီးနဲ့ ကျောက်စခန်းအကြားမှာ အခုလိုတိုက်ခိုက်ခံလိုက်ရတာပါ။

စစ်တပ်သုံးလေယာဉ်ဆီနဲ့ တင့်ကားဆီများသယ်ဆောင်လာတဲ့ အဆိုပါ ဆီသယ်ယာဉ်တန်းမှာ ဆီသယ်ကားအသေး လေးစီးနဲ့ ဆီဘောက်ဆာကားအကြီး တစ်စီးဖြစ်ပြီး အဲဒီထဲက ဂါလံ 4000ကျော်ခန့်ဆံ့တဲ့ ဆီဘောက်ဆာကားအကြီးကို KIA မှ ကြားဖြတ်တိုက်ခိုက်လိုက်တာပါ။

မနေ့ကလည်း ရွှေကူကနေ ဗန်းမော်ကို လုံခြုံရေးအပြည့်နဲ့ စစ်တပ်ရိက္ခာဆန်များပို့ဆောင်ရာမှာလည်း KIA ကအခုလို ကြားဖြတ်တိုက်ခိုက်ပြီး အကုန်သိမ်းယူသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly