ရေပြင်နယ်နမိတ်နဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ လက်ဘနွန်တို့ ဆွေးနွေးပွဲ ပြန်စ 

ရေပြင်နယ်နမိတ်နဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ လက်ဘနွန်တို့ ဆွေးနွေးပွဲ ပြန်စ 
Photo - AFP

မေ ၅

ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးအတွက် အရှုပ်အရှင်းကင်းတဲ့ လမ်းကြောင်းကို ဖော်ဆောင်နိုင်ရေး အားထုတ်ကြိုးပမ်းမှုတွေအဖြစ် လက်ဘနွန်နဲ့ အစ္စရေးနိုင်ငံတို့အကြား အငြင်းပွားရေပြင် နယ်နမိတ်နဲ့ ပတ်သက်ပြီး လများစွာ ရပ်တန့်နေတဲ့ ဆွေးနွေးပွဲတွေဟာ အမေရိကန် ကြားဝင်ညှိနှိုင်းမှုနဲ့အတူ အင်္ဂါနေ့မှာ ပြန်လည်စတင်ပါတယ်။ 

သတ်မှတ်ချက်အရ စစ်ပွဲအတွင်း ရှိနေဆဲ နှစ်နိုင်ငံကြား ဆွေးနွေးပွဲတွေကို လက်ဘနွန် တောင်ပိုင်း နာကူရာမြို့က ကုလသမဂ္ဂရုံးမှာ ကျင်းပတာဖြစ်ကြောင်း National News Agency က ဆိုပါတယ်။ 

အမေရိကန် သံတမန် ဂျွန်ဒက်ရိုချာ ကြားဝင်စေ့စပ်ပြီး ရေရှည်စောင့်ဆိုင်းနေတဲ့ ဖြေရှင်းမှုဆီ အပြုသဘောဆောင် ရှေ့ရှုတဲ့ ဆွေးနွေးပွဲတွေ ပြန်စရေး တိုက်တွန်းခဲ့တာ ဖြစ်ကြောင်း အမေရိကန်က သောကြာနေ့က ပြောပါတယ်။ 

ရေပြင်နယ်နမိတ် ပိုင်းခြားသတ်မှတ်ရေး သွယ်ဝိုက်သောအားဖြင့် အမေရိကန် ကြားဝင်ဖော်ဆောင်ပေးတဲ့ ဆွေးနွေးပွဲတွေကို ပြီးခဲ့နှစ်က လက်ဘနွန်နဲ့ အစ္စရေးကြား ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဂရိကုမ္ပဏီတစ်ခုကို အစ္စရေးက တူးဖော်ခွင့်ပြုထားတဲ့ ကာရစ် သဘာဝဓာတ်ငွေ့လုပ်ကွက်ရဲ့ တစ်စိတ်တစ်ပိုင်းအပါအဝင် ကျယ်ပြန့်တဲ့ ဧရိယာကို လက်ဘနွန်က တောင်းဆိုတာကြောင့် ဆွေးနွေးပွဲတွေ ရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။ 

မနှစ်က ဆွေးနွေးပွဲတွေမှာ ၂၀၁၁ ခုနှစ်က ကုလသမဂ္ဂဆီ ပေးပို့ထားတဲ့ မြေပုံအရ အငြင်းပွားရေပြင်ဧရိယာက ပိုင်နက် စတုရန်းကီလိုမီတာ ၈၆၀ ကို လက်ဘနွန်က တောင်းဆိုတာကို ဆွေးနွေးခဲ့ကြပုံ ရှိပါတယ်။ 

ဒါပေမယ့် နောက်ပိုင်းမှာ လက်ဘနွန်က အဲဒီ မြေပုံဟာ မှားယွင်းတွက်ချက်မှုတွေအပေါ် အခြေပြုထားတယ်လို့ ပြောပြီး ကာရစ်ဧရိယာအပါအဝင် တောင်ပိုင်းပိုကျတဲ့ ပိုင်နက်ဧရိယာ စတုရန်းကီလိုမီတာ ၁၄၃၀ ကီလိုမီတာကို တောင်းဆိုလာခဲ့တာ ဖြစ်ပါတယ်။ 

“အခု ဆွေးနွေးပွဲတွေကို ကျွန်တော်တို့ အရင် ဆွေးနွေးပွဲတွေမှာ ရောက်ရှိခဲ့တဲ့ နေရာကနေ ပြန်လည်စတင်မှာ ဖြစ်ပါတယ်”လို့ လက်ဘနွန်သမ္မတရုံး သတင်းရင်းမြစ်တစ်ရပ်က အေအက်ဖ်ပီကို အင်္ဂါနေ့မှာ ပြောပါတယ်။ 

အစ္စရေးရော လက်ဘနွန်ပါ နှစ်နိုင်ငံစလုံးဟာ မတူညီတဲ့ ရေပြင်ပိုင်းသတ်မျဉ်းကို တောင်းဆိုနေခဲ့တယ်လို့ သူက ဆိုပါတယ်။ 

“အစ္စရေးတွေ အဆိုပြုတဲ့ နယ်နမိတ်မျဉ်းကိုတော့ ကျွန်တော်တို့ လက်ခံမှာ မဟုတ်ဘူး၊ သူတို့ကလည်း ကျွန်တော်တို့ဖက်က မျဉ်းကို လက်မခံဘူး၊ ဒါကြောင့် စေ့စပ်ဖြန်ဖြေသူတွေ ဘာအကြံပြုလည်းဆိုတာပဲ ကျွန်တော်တို့ စောင့်ကြည့်ရမယ်”ဆိုပြီး သူက ပြောပါတယ်။ 

ပြီးခဲ့တဲ့လက လက်ဘနွန်သမ္မတ Michel Aoun Thursday က အငြင်းပွားမှု မပြီးပြတ်မချင်း ကာရစ်ဧရိယာက တူးဖော်မှု အားလုံးကို အစ္စရေးက ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required