မြန်မာနိုင်ငံသားများကို ဒေလီကုလရုံးတွင် ဒုက္ခသည်လျှောက်နိုင်ရန် ဘေးကင်းစွာ သွားလာခွင့်ပြု

မြန်မာနိုင်ငံသားများကို ဒေလီကုလရုံးတွင် ဒုက္ခသည်လျှောက်နိုင်ရန် ဘေးကင်းစွာ သွားလာခွင့်ပြု
အိန္ဒိယနိုင်ငံမဏိပူပြည်နယ် နယ်စပ်မြို့မိုရေးတွင် မြန်မာနိုင်ငံသားများကိုတွေ့ရပုံ (ဆာဒစ်နဗီး/ အယ်လ်ဂျာ ဇီးရားသတင်းဌာန) 

၅ မေ ၂၀၂၁

သတင်းထောက် ၃ ဦးအပါအဝင်မြန်မာနိုင်ငံသား ၇ ဦးကို မဏိပူတရားရုံးက ဘေးကင်းလုံခြုံစွာ သွားလာခွင့်ပြုသည့် အမိန့်ချမှတ်လိုက်ပြီးနောက် အိန္ဒိယနိုင်ငံမြို့တော်ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တွင် ခိုလှုံခွင့်လျှောက်ထားရန် သွားရောက်ဘို့အသင့်ဖြစ်နေပြီဖြစ်သည်။ 

မိုရေးမြို့၊ မဏိပူ၊ အိန္ဒိယ-အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ်ဖြစ်သော မဏိပူပြည်နယ် တရားရုံးက တနင်္လာနေ့တွင် ဘေးကင်းလုံခြုံစွာ သွားလာခွင့်ပေးသည့် အမိန့်ချမှတ်လိုက်ပြီးနောက် ရန်ကုန်အခြေစိုက်သတင်းစာတိုက်မှ သတင်းထောက် ၃ ဦးအပါအဝင် မြန်မာနိုင်ငံသား ၇ ဦးသည် နယူးဒေလီရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင် ခိုလှုံခွင့်လျှောက်ထားရန်အတွက် ခရီးထွက်ဘို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ 

တရားရုံးက ဧပြီလ ၂၁ ရက်နေ့တွင် ကြားဖြတ်အမိန့်ချမှတ်အကာအကွယ်ပေးပြီး ပြည်နယ်မြို့တော် အင်ဖားသို့ မရောက်ရှိမီအချိန်အတွင်း အဆိုပါ မြန်မာနိုင်ငံသားများသည် ရက်သတ္တပတ်ပေါင်းများစွာ မဏိပူပြည်နယ် တင်နိုပယ်ခရိုင်အတွင်းရှိ နယ်စပ်မြို့ မိုရေးတွင် ပုန်းအောင်းနေထိုင်ခဲ့ကြရသည်။ 

အဆိုပါမြန်မာနိုင်ငံသား ၇ ဦးသည် ယခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများကို စစ်တပ်က ကြမ်းတမ်းစွာ ဖြိုခွဲနှိမ်နင်းသည့်အခါ အိန္ဒိယနိုင်ငံ မဏိပူနှင့် မီဇိုရမ်ပြည်နယ်များအတွင်းသို့ ရောက်ရှိခိုလှုံလာကြသည့် ရာပေါင်းများစွာသော ရဲတပ်ဖွဲ့ဝင်များ၊ စစ်တပ်ဖွဲ့ဝင်များ၊ ဥပဒေပြုအမတ်များတို့တွင် အပါအဝင်ဖြစ်သည်။ 

ထွက်ပြေးတိမ်းရှောင်လာကြသူအများစုမှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကြသူများဖြစ်ပြီး သူတို့သည် မြန်မာနိုင်ငံတွင်း အရပ်သားအစိုးရထံအာဏာပြန်လည်လွှဲအပ်ရန် တောင်းဆိုဆန္ဒပြနေကြသူများဖြစ်သည်။

အဆိုပါအကြမ်းဖက်ဖြိုခွဲမှုများအတွင်း လူပေါင်း ၇၅၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်ဟု သတင်းများက ဆိုသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကလည်း စစ်အစိုးရကို ဆက်လက်ခုခံတိုက်ခိုက်နေကြသည်။ 

မြန်မာနိုင်ငံသားတဦးကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ မည်သည့်နေရာဟုဖော်ပြထားခြင်းမရှိသော နေရာ တွင်တွေ့ရှိရပုံ (ဆာဒစ်နဗီး/အယ်လ်ဂျာဇီးရား) 

တနင်္လာနေ့က ချမှတ်လိုက်သော မဏိပူပြည်နယ်တရားရုံးချုပ်၏အမိန့်တွင် ရွှေ့ပြောင်းနေထိုင်သူနှင့် ခိုလှုံခွင့် လျှောက်ထားသူ ဒုက္ခသည်တို့ ခြားနားပုံအကြောင်း တရားသူကြီးများက ထည့်သွင်းဖော်ပြထားသည်။ 

“သူတို့သည် ကျွန်ုပ်တို့နိုင်ငံ၏ပြည်တွင်းဥပဒေများကို တမင်တကာရည်ရွယ်ချက်ရှိရှိ ချိုးဖောက်လိုသည့်အတွက် ဝင်ရောက်လာကြသူများမဟုတ်ဘဲ သူတို့၏မူရင်းတိုင်းပြည်တွင် အသက်နှင့်လုံခြုံမှုကို ချက်ချင်းလက်ငင်းအန္တရာယ်ကျရောက်နိုင်သည့်အတွက် ထွက်ပြေးဝင်ရောက်လာကြသူများသာဖြစ်သည်”ဟု တရားသူကြီးများက စီရင်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။ 

မြန်မာနိုင်ငံမှ မီဒီယာများ၏ဖော်ပြချက်များကို ကိုးကား၍ တရားသူကြီးများက “ပိတ်ပင်ခံထားရပြီဖြစ်သည့် မဇ္ဈိမမီဒီယာအဖွဲ့အစည်းနှင့်ပတ်သက်သော ဤမြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ပါက သူတို့၏အသက်နှင့်လုံခြုံမှုအတွက် အန္တရာယ်ရှိကြောင်း သံသယဖြစ်ဖွယ်မရှိပါ”ဟု စီရင်ချက်တွင် ရေးသားထားသည်။ 

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁ အရ ဤမြန်မာနိုင်ငံသား ၇ ဦးကို အကွာအကွယ်ပေးရန် သင့်တော်တရား မျှတကြောင်း ဤရုံးက တွေ့ရှိသည်။ ထို့ကြောင့် အဆိုပါ ၇ ဦးကို UNHCR အဖွဲ့အစည်းထံမှ သင့်တော်သော အကာအကွယ်ရရှိရန် နယူးဒေလီမြို့သို့ ဘေးကင်းလုံခြုံစွာ သွားလာခွင့်ပေးလိုက်သည်။” ဟု အဆိုပါစီရင်ချက်တွင် ဆက်လက်ဖော်ပြထားပြီး နယူးဒေလီနှင့် မဏိပူပြည်နယ်အစိုးရများအားလည်း သူတို့ခရီးစဉ်အတွက် အကူအညီများပေးရန် တောင်းဆိုထားသည်။ 

အဆိုပါ မြန်မာနိုင်ငံသား ၇ ဦးအတွက် နာမည်ကြီးလူ့အခွင့်အရေးရှေ့နေ နန်ဒီတာဟက်ဆာ (Nandita Haksar) က တရားရုံးတွင် လျှောက်ထားခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ-မြန်မာနယ်စပ်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ အာသံသေနတ်ကိုင်တပ်ရင်းက သူတို့ကို မြန်မာပြည်ပြန်ပို့နိုင်သည်ဟု သူ၏လျှောက်ထားချက်တွင် ရှေ့နေကြီးက ဖော်ပြထားသည်။ 

အဆိုပါ ၇ ဦးတွင် အသက် ၄၃ နှစ်အရွယ်ရှိ သတင်းထောက် ဦးစည်သူအောင်၊ ဝက်ဒီဇိုင်နာ ချင်စန်လွန် (Chin San Lun) နှင့် ဝက်ဆိုက်တာဝန်ခံ ပေါခန်ထောင်း (Pau Khan Thawn)၊ ယင်း၏ဇနီးနှင့် ကလေး ၃ ယောက် ပါဝင်သည်။ 

အိန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနက မြန်မာနှင့်နယ်နိမိတ်ချင်းထိစပ်နေသော ပြည်နယ်များနှင့် အာသံသေနတ်ကိုင်တပ်ရင်းများသို့ မတ်လ ၁၀ ရက်နေ့က ပေးပို့ညွှန်ကြားခဲ့သည့် ‘တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူများ’ အလုံးအရင်းနှင့်ဝင်ရောက်လာမည်ကို စစ်ဆေးသွားရန်ဆိုသည့်အချက်ကို ရှေ့နေ ဟက်ဆာက ကိုးကားတင်ပြလျှောက်ထားခဲ့သည်။ 

အိန္ဒိယနိုင်ငံသည် ၁၉၅၁ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ၁၉၆၇ နောက်ဆက်တွဲစာချုပ်တို့ကို လက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း သို့ဖြစ်၍ မြန်မာနိုင်ငံသားများကို ခိုလှုံခွင့်ပေးရန် တာဝန်မရှိကြောင်းလည်း အဆိုပါညွှန်ကြားချက်တွင် ရေးသားထားသည်။ 

သူတို့သည် နယူးဒေလီသို့ မကြာခင် လေယဉ်နှင့်သွားရောက်မည်ဖြစ်ကြောင်း ဟက်ဆာက အယ်လ်ဂျာဇီးရား သတင်းဌာနသို့ ပြောသည်။ 

“သူတို့က နယူးဒေလီကို သွားချင်ကြပါတယ်။ UNHCR ကပေးမဲ့ ဒုက္ခသည်လက်မှတ်ကို ရလိမ့်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။” ဟု သူကပြောသည်။ ခိုလှုံခွင့်လျှောက်ထားမှုကို စိစစ်ရန်အတွက် လျှောက်ထားသူများအနေဖြင့် နယူးဒေလီတွင် ရှိနေရန် လိုအပ်ကြောင်းလည်း အဆိုပါဒုက္ခသည်အေဂျင်စီက သူ့ကို ပြောဆိုထားကြောင်း သူက ဆက်လက်ပြောဆိုပါသည်။ 

ထောင်းနှင့်သူ့ဇနီးတို့သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိ ခိုလှုံခွင့်ရခဲ့ကြောင်း ရှေ့နေ ဟက်ဆာ၏ လျှောက်ထားမှုတွင် ဖော်ပြထားပြီး တရားရုံး၏အမိန့်တွင်လည်း အဆိုပါအချက်ကိုမှတ်သားဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် အခြေအနေများပုံမှန်ပြန်ဖြစ်သွားသည့်အခါ သူတို့မိသားစုသည် ပြည်တွင်းသို့ ပြန်သွားခဲ့ကြသည်။ 

ရွှေဝါရောင်တော်လှန်ရေးသည် ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် လူထုဆန္ဒပြပွဲကြီးများဖြစ်သည်။ လောင်စာဆီများဈေးတက်ခြင်းကို ဆန့်ကျင်ဆန္ဒပြရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မကြာမီတွင် စစ်အစိုးရကို ဆန့်ကျင်သည့်လှုပ်ရှားမှုအဖြစ် ပြောင်းလဲဖြစ်ပွားခဲ့သည်။ အဆိုပါဆန္ဒပြပွဲများတွင် ဗုဒ္ဓဘာသာရဟန်းတော်များ ရှေ့တန်းမှပါဝင်သည်ကို အစွဲပြုပြီး သူတို့၏သင်္ကန်းအရောင်ဖြစ်သည့် ရွှေဝါရောင်ကို ရည်ညွှန်းကာ ရွှေဝါရောင်တော်လှန်ရေးဟုခေါ်ဆိုခဲ့ကြခြင်းဖြစ်သည်။ 

ယခုနှစ်မတ်လတွင် မြန်မာနိုင်ငံတွင် အခြေအနေများဆိုးလာပြီး စစ်တပ်က အတိုက်အခံသတင်းထောက်များကို စတင်နှိမ်နင်းလာသည့်အခါ ထောင်းနှင့်သူ့မိသားစုသည်လည်း လွတ်မြောက်ရေးအတွက် အထုပ်အပိုးပြင်ထွက်ခွာလာခဲ့ကြရသည်။ 

ဘတ်စ်ကားဖြင့် ၂ ရက်ခရီးသွားပြီး တောင်တန်းများပေါ်တွင် ခြေလျင်ခရီးကြမ်းနှင်ပြီးနောက်မှ အဆိုပါ ၇ ဦးသည် နယ်စပ်ကို ဖြတ်ကျော်နိုင်ကာ မတ်လ ၂၂ ရက်နေ့တွင် နယ်စပ်မိုရေးမြို့သို့ရောက်ရှိခြေချနိုင်ခဲ့သည်။ 

“အဲဒီမှာမီဒီယာတွေကို ပိတ်ပစ်လိုက်တယ်။ စစ်တပ်က မီဒီယာသမားတွေကို ဖမ်းဆီးတာတွေ စလုပ်လာတယ်”ဟု သတင်းထောက် ဦးစည်သူအောင်က သူတို့ထွက်ပြေးလာခဲ့ရသည့်အကြောင်း အသေးစိတ်ကို အယ်လ်ဂျာဇီးရား သတင်းဌာနကို ပြောပြသည်။ 

ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်တွင်လည်း သူနှင့်သူ့အဖွဲ့သားတို့ သတင်းများဆက်လိုက်ခဲ့ကြောင်း သတင်းများဆက်လက်တင်ဆက်ခဲ့ကြောင်း စည်သူအောင်က ပြောသည်။ “ကျနော်တို့ ဒီသတင်းတွေကို တိုက်ရိုက်တင်ဆက်ခဲ့တာ”ဟု သူက ပြောသည်။ 

မတ်လ ၈ ရက်နေ့တွင်တော့ စစ်အစိုးရက မဇ္ဈိမ ၏ ထုတ်ဝေခွင့်နှင့် အသံလွှင့်ခွင့်လိုင်စင်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ 

မဇ္ဈိမသတင်းဌာနကို တည်ထောင်သူ ဦးစိုးမြင့်က “ သူတို့က ကျနော်တို့ သတင်းဌာနချုပ်ကို မတ်လ ၉ ရက် နေ့မှာ ဝင်ရောက်စီးနင်းရှာဖွေတာတွေ လုပ်တယ်။ အဲဒီမှာ တွေ့သမျှတွေ အကုန်ယူသွားတာဘဲ” ဟု တည်နေရာဖော်ပြမထားသည့်နေရာမှ အီးမေးလ်ဖြင့် အယ်လ်ဂျာဇီးရားသတင်းဌာနကို ဆက်သွယ်ပြောကြားသည်။ 

ဦးစိုးမြင့်သည် ၁၉၈၈ ခုနှစ် စစ်အစိုးရဆန့်ကျင်သည့် ဒီမိုကရေစီအရေးလူထုအုံကြွမှုကြီးတွင် ပါဝင်ခဲ့သူဖြစ် ပြီး အဆိုပါအုံကြွမှုကြီးမှာ စစ်တပ်က ရက်စက်စွာဖြိုခွဲနှိမ်နင်းခြင်းခံခဲ့ရသည်။ ၁၉၉၀ ခုနှစ်တွင် သူသည် ထိုင်းလေယဉ်တစီးကို အိန္ဒိယနိုင်ငံ ကိုလ်ကာတာမြို့သို့ လမ်းကြောင်းပြောင်းလဲပျံသန်းစေခဲ့သည့် လေယဉ်အပိုင်စီးမှုတွင် ပါဝင်ခဲ့သူတဦးဖြစ်ခဲ့သည်။ 

ဗမာပြည် (မြန်မာပြည်၏ယခင်အမည်) တွင် ဘာတွေဖြစ်ပျက်နေသည်ဆိုသည်ကို ကမ္ဘာသို့ တင်ပြခွင့်ပြုရန် သူတို့ကို သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခွင့်ပေးဘို့ သူတို့က ရဲများကို တောင်းဆိုခဲ့ကြသည်။ 

နောင်အခါတွင် ဦးစိုးမြင့်သည် ၁၉၈၈ ခုနှစ်၌ မဇ္ဈိမသတင်းဌာနကို နယူးဒေလီမြို့တွင် တည်ထောင်ခဲ့ပြီး သူသည် ထိုမြို့တွင်ပင် ဒုက္ခသည်တဦးအဖြစ် နေထိုင်ခဲ့သည်။ 

ဖေဖော်ဝါရီနှင့် မတ်လများအတွင်း မဇ္ဈိမ သတင်းထောက် ၃ ဦးဖမ်းဆီးခံခဲ့ရပြီး မဇ္ဈိမကို ပူးတွဲတည်ထောင်သူ သင်းသင်းအောင်လည်း ဧပြီလ ၈ ရက်နေ့တွင် ပုန်းအောင်းရာနေရာမှ လာရောက်ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်။ 

ရဲတပ်ဖွဲ့ဝင်များဟုဆိုသူ မြန်မာနိုင်ငံသားတစုကို မီဇိုရမ်ပြည်နယ်အတွင်းရှိ တည်နေရာဖော်ပြထားခြင်းမရှိ သည့် နေရာတနေရာတွင်တွေ့ရပုံ (ဆာဒစ်နဗီး/ အယ်လ်ဂျာဇီးရား) 

ယခုလောလောဆယ်တွင် နယ်စပ်မြို့ကလေးဖြစ်သော မိုရေးမြို့တွင် မြန်မာနိုင်ငံသား ၁,၀၀၀ ကျော် ရောက်ရှိခိုလှုံနေကြသည်။ သူတို့အများစုမှာ စစ်တပ်နှင့် ဆန္ဒပြသူများအကြား အကြီးအကျယ်တိုက်ခိုက်ခဲ့ကြရာ စစ်ကိုင်းတိုင်းအတွင်းမှ ရောက်ရှိလာကြသူများဖြစ်သည်။ 

မိုရေးမြို့တဘက်ရှိ တမူးမြို့နယ်သည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြောင်း တောင်ပေါ်သားမျိုးနွယ်စုကောင်စီ (Hill Tribal Council) ဥက္ကဋ္ဌ ဂျန်မန်းဟောင်ကစ် (Jangman Haokip) ကပြောသည်။ အဆိုပါအဖွဲ့သည် မဏိပူပြည်နယ် ဤအရပ်ရှိ ဒေသခံမျိုးနွယ်စုများကို ကိုယ်စားပြုသည့် ရပ်ရွာအသိုင်းအဝိုင်းအဖွဲ့အစည်းတခုဖြစ်သည်။ 

“ဒါပေမဲ့ လူထုက စိုးရိမ်ထိတ်လန့်နေကြတုံးဘဲ။ သူတို့က ပြန်မသွားချင်ကြဘူး။ ဒီလူတွေအတွက် ဗဟိုနဲ့ ပြည်နယ်အစိုးရတွေက တခုခုလုပ်ပေးသင့်တယ်” ဟု သူက ပြောသည်။ 

ပြည်နယ်အစိုးရက မည်သည့်ထောက်ပံ့ကူညီမှုမျှမပေးဘဲ ထိုမြန်မာနိုင်ငံသားများကို စောင့်ရှောက်ရန် ရပ်ရွာအသိုင်းအဝိုင်းအဖွဲ့အစည်းများကိုသာ တာဝန်ယူခိုင်းထားသည်ဟု ဒေသခံများက ညည်းတွားကြသည်။ 

မဏိပူပြည်နယ်နှင့် အိမ်နီးချင်း မီဇိုရမ်ပြည်နယ်တွင်မူ  လာရောက်ခိုလှုံသူ မြန်မာနိုင်ငံသားအရေအတွက်မှာ ၃,၀၀၀ ကျော်အထိရှိလာပြီဖြစ်သည်ဟု ဒေသခံရပ်ရွာအသိုင်းအဝိုင်းအဖွဲ့အစည်းများထံမှ သိရသည်။ 

မဏိပူပြည်နယ်တရားလွှတ်တော်၏အမိန့်စီရင်ချက်သည် အဆိုပါမြန်မာနိုင်ငံသားများအဘို့ အိန္ဒိယနိုင်ငံတွင် ခိုလှုံခွင့်ရရေးအတွက် မျှော်လင့်ချက်များတိုးပွားလာစေသည်။ 

မီဇိုရမ်ရောက် မြန်မာနိုင်ငံသားများကို ကူညီရန် ဒေသခံအရပ်ဖက်အဖွဲ့အစည်း ၂၀ ကျော်ကို စုပေါင်းထားသည့် ညွန့်ပေါင်းအဖွဲ့ဖြစ်သော စုစည်းညီညွတ်သော ဒီမိုကရက်တစ်မြန်မာအစိုးရမဟုတ်သောအဖွဲ့ (United for Democratic Myanmar NGO) ၏ ဥက္ကဋ္ဌ ဘားနတ်အယ်လ်ချန်တဲ (Bernard L Chhangte) က သူတို့သည် အဆိုပါတရားရုံးစီရင်ချက်ကို လေ့လာနေပြီး နောက်ထပ်အရေးယူဆောင်ရွက်မှုများလုပ်ရန် စဉ်းစားနေသည်ဟုပြောသည်။ 

“အိန္ဒိယနိုင်ငံဟာ ဒုက္ခသည်နဲ့ပတ်သက်တဲ့ တိကျရှင်းလင်းတဲ့ မူဝါဒနဲ့မူဘောင်မရှိပေမဲ့ အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည်အများအပြားကို ခိုလှုံခွင့်ပေးခဲ့တဲ့သာဓကတွေကို ဤတရားရုံးက မှတ်သားထားပါတယ်။ အဓိကအားဖြင့် အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံက ဝင်ရောက်လာတဲ့ခိုလှုံခွင့်လျှောက်ထားသူတွေကို UNHCR က ဒုက္ခသည်အဆင့်အတန်းပေး အသိအမှတ်ပြုမှုကိုလဲ အိန္ဒိယနိုင်ငံက အစဉ်အမြဲလေးစားခဲ့ပါတယ်။” ဟု မဏိပူပြည်နယ်တရားလွှတ်တော်၏အမိန့်စီရင်ချက်တွင် မှတ်သားဖော်ပြထားသည်။ 

‘ဒုက္ခသည်အစစ်အမှန်များ’ကို အိန္ဒိယနိုင်ငံက ခိုလှုံခွင့်ပေးလိမ့်မည်ဟု ရှေ့နေ ဟက်ဆာက မျှော်လင့်ထားသည်။ 

“ဒီတရားလွှတ်တော်ရဲ့စီရင်ချက်အမိန့်ရဲ့ထူးခြားချက်က ရွှေ့ပြောင်းဝင်ရောက်လာသူနဲ့ ဒုက္ခသည်တို့ရဲ့ မတူခြားနားမှုကို ခွဲခြားဖော်ပြထားတာဘဲ။ ဒုက္ခသည်တိုင်းဟာ ဒီအမိန့်စာရဲ့ အားသာချက်ကို ရယူအသုံးပြုခွင့်ရှိသင့်ပါတယ်” ဟု ဟက်ဆာက ဆက်လက်ပြောဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required