ဟောင်ကောင်ရင်းနှီးမြှုပ်နှံသူအုပ်စုတစ်စု မြန်မာကနေ ထွက်ခွာပြီး ကမ္ဘောဒီးယားတွင် ပြောင်းရွှေ့ လုပ်ကိုင်ရန် ရည်မှန်းနေ

ဟောင်ကောင်ရင်းနှီးမြှုပ်နှံသူအုပ်စုတစ်စု မြန်မာကနေ ထွက်ခွာပြီး ကမ္ဘောဒီးယားတွင် ပြောင်းရွှေ့ လုပ်ကိုင်ရန် ရည်မှန်းနေ

မေ ၄

ဟောင်ကောင် အခြေစိုက် ရင်းနှီးမြှုပ်နှံသူ အုပ်စုအဖွဲ့တစ်ခုသည် မြန်မာနိုင်ငံရှိ ၎င်းတို့၏ စက်ရုံများကို နေရာပြောင်းရွှေ့လုပ်ကိုင်ရန် ကမ္ဘောဒီးယားနိုင်ငံ ကမ်ပုံစပူ ပြည်နယ်ရှိ တည်နေရာ ၂၀ ခန့်ကို ရှာဖွေလျက် ရှိကြောင်း အဆိုပါ ပြည်နယ်အုပ်ချုပ်ရေးမှူး ဗိုင် ဆမ်နန်းက ပြောသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံသူအဖွဲ့သည် ဧပြီလလယ်ပိုင်း ခမာနှစ်သစ်ကူးကာလအတွင်းက ၎င်းနှင့် တွေ့ဆုံခဲ့ရာတွင် အ၀တ်အထည်၊ အိတ်နှင့် ဖိနပ် စက်ရုံများ တည်ဆောက်ရန် သင့်တော်သည့် နေရာများ သို့မဟုတ် ရှိပြီးသား စက်ရုံများကို ငှားရမ်းနိုင်မည့် အခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းစုံစမ်းခဲ့ကြကြောင်း ဆမ်နန်းက မေလ ၃ ရက်တွင် ပြောသည်။

“ရင်းနှီးမြှုပ်နှံသူတွေ အဆိုပြုခဲ့တဲ့ ပထမဆုံး နည်းလမ်းကတော့ သူတို့ဟာ ကမ်ပုန်စပူမှာ အသင့် လုပ်ငန်းထူထောင်နိုင်မယ့် နေရာတစ်ခုကို ငှားရမ်းချင်နေကြပါတယ်၊ ဒါမှလည်း သူတို့ဟာ သူတို့ရဲ့ လုပ်ငန်းတွေ ခပ်မြန်မြန် စနိုင်မှာဖြစ်ပါတယ်” ဟု ဆမ်နန်းက ပြောသည်။

အဆိုပါ ဟောင်ကောင် ရင်းနှီးမြှုပ်နှံသူအဖွဲ့သည် ပြည်နယ်တွင် “ရင်းနှီးမြှုပ်နှံမှု ကွန်ရက်” တစ်ခု ရှိကြောင်းလည်း ၎င်းက ပြောသည်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အရှိန်မြှင့်တက်ခဲ့သော်ငြား ပြည်နယ်သည် ရင်းနှီးမြှုပ်နှံမှုများကို ခပ်မှန်မှန် ဆက်လက် ရရှိနေဆဲဖြစ်ကြောင်း ဆမ်နန်းက ပြောသည်။

၎င်းတို့ ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံရန်အတွက် ရင်းနှီးမြှုပ်နှံသူများကို ကျေနပ်စေမည့် အချက်များမှာ နိုင်ငံရေး တည်ငြိမ်ခြင်း၊ လုံခြုံရေး အဆင့်မြင့်မားခြင်း၊ လူငယ် လုပ်သား ပေါများခြင်း၊ ဖနွမ်ပင်နှင့် သီဟာနုဗေးလ် ရေနက်ဆိပ်ကမ်းအကြား သင့်‌လျော်သည့် ပထ၀ီ၀င်တည်နေရာတစ်ခု ဖြစ်ခြင်း၊ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံပိုင်း ကောင်းမွန်ခြင်းတို့ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကမ်ပုန်စပူ ပြည်နယ်တွင် စက်ရုံအလုပ်ရုံများနှင့် ကုန်ထုတ်လုပ်ငန်းပေါင်း ၇,၅၀၀ ကျော် လည်ပတ်လုပ်ကိုင်နေပြီး ယင်းတို့အနက် ၃၃၅ ခုကို အရွယ်အစားကြီး လုပ်ငန်းများအဖြစ် သတ်မှတ်ထားကြောင်း ဆမ်နန်းက ပြောသည်။

ထို့ပြင် အထည်ချုပ် စက်ရုံ ၁၅၃ ရုံစလုံးသည်လည်း ပြည်ပတင်ပို့မှုအတွက် လည်ပတ်လုပ်ကိုင်ပြီး စက်ရုံ ၄၃ ရုံသည် အမေရိကန်သို့ တင်ပို့နေကြောင်း ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly