ဖျာပုံမြို့ အောက်ကွင်းကျေးရွာ စက်ကလေးတဲကပြည်သူတစ်ဦးကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်လို့ ဗိုက်ပွင့်ဒဏ်ရာနဲ့ ကျဆုံး

ဖျာပုံမြို့ အောက်ကွင်းကျေးရွာ စက်ကလေးတဲကပြည်သူတစ်ဦးကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်လို့ ဗိုက်ပွင့်ဒဏ်ရာနဲ့ ကျဆုံး

ဧပြီ ၂၉ 

ဖျာပုံမြို့ အောက်ကွင်းကျေးရွာ စက်ကလေးတဲမှာ ဧပြီလ (၂၈)ရက်နေ့ညဉ့်နက်ပိုင်းက အာဏာသိမ်းအကြမ်းဖက် စစ်တပ်ကဝင်ရောက်ပစ်ခတ်လို့ အမျိုးသားတစ်ဦး ကျဆုံးပြီး ပြည်သူ (၇)ဦးကိုစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

ညဉ့်နက်ပိုင်းလူတွေအိပ်တဲ့အချိန်မှာ စစ်တပ်ကရွာတွေထဲအထိအကြမ်းဖက်ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ကိုစံပေါ(ခ)ခေါင်းဖြူဆိုသူ ဗိုက်ပွင့်ဒဏ်ရာ၊လက်မောင်းဒဏ်ရာတွေရရှိခဲ့ပါတယ်။ဒဏ်ရာရရှိသူအပါအဝင်  အမျိုးသား (၆)ဦးနဲ့ အမျိုးသမီး (၁)ဦးကို  စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒီနေ့ ဧပြီလ (၂၉)ရက်နေ့မနက်ပိုင်းမှာ ဘိုကလေးဆေးရုံမှာ ကိုစံပေါ ကျဆုံးသွားကြောင်းသိရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အောက်ကွင်းကျေးရွာ ရက်ကွက်ရုံးကို ဧပြီလ (၂၈)ရက်နေ့မနက်ပိုင်းက အာဏာသိမ်းအကြမ်းဖက် စစ်တပ်ကလက်နှက်အားကိုးနဲ့ဝင်လာပြီး စံပြကျေးရွာအကြမ်းဖက်စစ်တပ်ထောက်ခံသူတစ်ဦးကို ဥပဒေမဲ့ အုပ်ချုပ်ရေးမှုးအဖြစ်ခန့်ထားခဲ့မှုကြောင့် အုပ်ချုပ်ရေးမှူးရုံးကိုမီးရှို့မှုဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပြီး ညပိုင်းအချိန်မှာဝင်ရောက်ပစ်ခတ်ခဲ့တာလို့သိရပါတယ်။

လက်ရှိအချိန်မှာ အကြမ်းဖက်စစ်တပ်ကဖမ်းဆီးသွားတဲ့ ပြည်သူတွေကို ဧပြီလ (၂၈)ရက်နေ့ညကကတည်းက စစ်တပ်ဝန်းထဲအထိ ဖမ်းဆီးခေါ်ဆောင်သွားကြလို့ ဖမ်းဆီးခံရသူတွေရဲ့မိသားစုတွေကစိုးရိမ်နေကြတယ်လို့သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly