နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၈ ဧပြီ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၈ ဧပြီ ၂၀၂၁)
(Photo: :AFP - ဧပြီလ ၂၈ရက်၊ ထားဝယ်မြို့ လောင်းလုံမြို့နယ်ရှိ လူငယ်များ၏ အကြမ်းဖက်စစ်ကောင်စီအားဆန့်ကျင်ကြောင်း သွေးမတိတ်‌တဲ့ဆေးသပိတ်ဖြင့် ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

• သန်လျင်တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းအား သရက်သီးများပေါ်တွင် ရေးသားကာ လူမဲ့သပိတ်ပြုလုပ်ခဲ့ သည်။

• ကျောက်တန်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပျောက်ကြားဆိုင်ကယ် သပိတ်ကို ဒေသခံများက ပြုလုပ်ခဲ့ကြသည်။

• ကြည့်မြင်တိုင်တွင် လူငယ်များက စစ်အာဏာရှင်က ဖြစ်စေလိုသည့် ကိစ္စတိုင်းအား ဆန့်ကျင် ကြောင်း "ဘူး" သပိတ် ပြုလုပ်ခဲ့သည်။ 

• စစ်အုပ်စု တပ်စွဲထားသည့် ရန်ကုန်တိုင်းလွှတ်တော်ရုံးရှေ့ကို ပြည်သူ့ရင်ပြင်တွင် လူငယ်အချို့က ယနေ့နံနက် အစောပိုင်းတွင် ဖမ်းဆီးထားသူများ လွှတ်ပေးရေးနှင့် NUG အစိုးရထောက်ခံကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• လှိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ကျရှုံးရေးအတွက် လူငယ်အချို့က အင်းစိ်နလမ်းမကြီးပေါ်ထိ တက်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် လူငယ်အချို့ကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာအုပ်သပိတ် ပြုလုပ်ခဲ့ကြ သည်။ 

• စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် လှိုင်သာယာ-အင်းစိန်ဆက် အောင်ဇေယျတံတားပေါ်တွင် လူငယ်များက အာဏာရှင်စနစ်အလိုမရှိကြောင်း၊ တရုတ်နိုင်ငံ အလိုမရှိကြောင်း စာများကို ဆေးနီများဖြင့် ရေးဆွဲ၍ ဆန့်ကျင်တော်လှန် ခဲ့ကြသည်။ ထို့ပြင် လူငယ်အချို့ကလည်း မြို့နယ်တွင်းလမ်းမကြီးများပေါ်၌ သပိတ်စစ်ကြောင်းဖွင့်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြ သေးသည်။

• သင်္ဃန်းကျွန်းမြို့နယ်တွင်းရှိ စျေးများတွင်လည်း လူငယ်များက "မတရားမှုကို မလိုလား တို့ သင်္ဃန်းကျွန်းသား" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အုပ်စုယန္တရားများ အပြီးတိုင်ပျက်စီးရေး ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မြောက်ဥက္ကလာပတွင် လူငယ်အချို့က စစ်အာဏာရှင်စနစ် ပျက်သုန်းရေးအတွက် Paper Strike ပြုလုပ်ခဲ့သည်။

• ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအချို့ပေါ်တွင် လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ရေးသား ထားသည့် စာရွက်ငယ်များ ကပ်ကာ Paper Strike ပြုလုပ်ခဲ့သည်။

• ရန်ကုန်မြို့နယ် ၃၃ မြို့နယ်တွင် ဆိုင်ကယ်များဖြင့် မီးပုလင်းပစ်ခြင်း၊ ရုံးများအား ဗုံးခွဲခြင်းများ ပြုလုပ်နေသည့်အတွက်ဟုဆိုကာ စစ်အုပ်စုက ဆိုင်ကယ်စီးခြင်းကို အထူးကြပ်မတ် အရေးယူမည်ဟု ထုတ်ပြန်လိုက်သည်။

• အင်းစိ်နမြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ မင်္ဂလာလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်တွင် ယနေ့ နေ့လယ် ၁၁ နာရီခွဲကျော်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု ရှိ-မရှိကို ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။

• အင်းစိန်တွင် လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဖော်ပြသည့်အနေဖြင့် စစ်ခေါင်းဆောင်များပုံပါ စာရွက်များကို မီးရှို့ပြခဲ့ကြသည်။

• တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်၊ ဓမ္မရာဇာ (၂) လမ်းထိပ်ရှိ တောင်ဥက္ကလာပရဲစခန်း အနောက်ဘက်တွင် ယနေ့ နေ့လယ် ၂ နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှု ရှိခဲ့သည်ဟု သိရသည်။ 

• မြောက်ဒဂုံမြို့နယ်တွင် ဒေသခံလူငယ်များက "အသံမတိတ် အလံမလိပ်" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့တွင် ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာများရေးထားသည့် စာရွက်များ ဖြန့်ကြဲကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးများပေါ်တွင် လူငယ်များက "ပေးဆပ်ခဲ့ရတဲ့သွေးတွေ တန်ဖိုးမမဲ့စေရဘူး" ဆိုင်းဘုတ် များကိုင်ကာ စစ်အုပ်စု၏ မတရားသည့်အမိန့်ဟူသမျှအား ဆန့်ကျင်သည့်အနေဖြင့် "ဘူး"သပိတ် ပြုလုပ်ခဲ့သည်။ 

• ရန်ကုန်မြို့အခြေပြု မြန်မာ့အရှေ့တိုင်းဘဏ် (MO) က CDM ဝင်နေသည့် ၎င်း၏ ဘဏ်ဝန်ထမ်း ၂၀၀ ကျော်ကို အလုပ်ထုတ် ပစ်လိုက်သည်။

မန္တလေးတိုင်းဒေသကြီး

• စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် မန္တလေးစစ်ကြောင်းပေါင်းစုံ တပ်ပေါင်းစု သပိတ်စစ်ကြောင်းမှာ ယနေ့နံနက်ပိုင်းက လမ်းများပေါ်တက်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့ သည်။ အဆိုပါတပ်ပေါင်းစုသပိတ် စစ်ကြောင်းတွင် မန္တလေး ဘုရားကြီးငြိမ်းချမ်းရေး၊ ဗကသ၊ သမဝါယမ တက္ကသိုလ်၊ တမ္ပဝတီလူစု စသည့် သပိတ်စစ်ကြောင်း များ ပါဝင်သည်။ အဆိုပါ သပိတ်စစ်ကြောင်း စတင်ပြီး မကြာခင်တွင်ပင် အကြမ်းဖက်စစ်အုပ်စုဘက်က အိမ်စီးကားသုံး၍ အရပ်ဝတ်ဖြင့် ရောက်ရှိလာခဲ့ပြီး သေနတ်များ ကိုလည်း ပုဆိုးများဖြင့် ပတ်ကာ သယ်ဆောင်လာသည့်အတွက် သပိတ်ကို လူစုခွဲခဲ့ရပြီး ဖမ်းဆီးခံရမှု မရှိခဲ့ပေ။ 

• မန်း၊ အောင်မြေသာဇံမြို့နယ် ပညာရေးကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းကလည်း လမ်းများပေါ်တက်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း တော်လှန်ခဲ့ကြသည်။

• မိုးကုတ်တွင် မိုးရွာသွန်းနေသည့်ကြားကပင် လူငယ်အချို့က CDM မဝင်သည့် ဝန်ထမ်းများကို ရှုံ့ချကြောင်းနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ ထို့ပြင် အခြားသော ဒေသခံ များကလည်း လုံခြုံရေးကင်းလွတ်သည့် နေရာများတွင် ဆိုင်ကယ်သပိတ်နှင့် ပျောက်ကြားသပိတ်များလည်း ပြုလုပ်ခဲ့ကြသေးသည်။ 

• ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျောင်းအချို့တွင် လူငယ်များက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း သရုပ်ဖော် ထားသည့် လှုပ်ရှားမှုများ ပြုလုပ်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

• မန်း စက်မှု သပိတ်စုပေါင်းသပိတ်စစ်ကြောင်းမှာလည်း ယခင်ရက်များအတိုင်း လမ်းမကြီးများပေါ်တက်ကာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မန္တလေး ရတနာပုံတက္ကသိုလ်နှင့် မန်းတက္ကသိုလ်သပိတ်စစ်ကြောင်းက လူအင်အား ၁၅၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စုဘက်က လူမဆန်စွာ စစ်ကားများဖြင့် ဝင်တိုက်ကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည့်အတွက် သပိတ်သိမ်းခဲ့ရပြီး ဖမ်းဆီးခံရမှု မရှိကြောင်း ဒေသခံတစ်ဦးက နေ့လယ် ၃ နာရီခွဲအချိန်တွင် အတည်ပြု ပြောဆိုသည်။

• နေ့လယ်ပိုင်းတွင် လမ်းများပေါ်တက်၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် နေသည့် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကိုလည်း အကြမ်းဖက်စစ်အုပ်စုဘက်က လာရောက်ဖြိုခွင်းခဲ့သည်ဟု သိရသည်။ ယနေ့တွင် မန္တလေးမြို့ပေါ်ရှိ သပိတ်စစ်ကြောင်းကြီးများ စတင်လေ့ရှိသည့် နေရာများတွင် စစ်အုပ်စု ဘက်က ဆိုင်ကယ်စီး အရပ်ဝတ်များဖြင့် လာရောက်စစ်ဆေးမှုများ ပိုမိုများပြားလာလျက်ရှိကြောင်းလည်း မန္တလေးမြို့ခံတစ်ဦးက ပြောသည်။ 

• အောင်မြေသာစံမြို့နယ်၊ ရပ်ကွက်အချို့တွင် အကြမ်းဖက်စစ်အုပ်စုဘက်က အိမ်စီးကားများ (ကားနံပါတ်များအား လက်ရေးဖြင့် ပြန်ပြင်ရေးထားသည့်ကားများ) များသုံးကာ လမ်းကြားများအထိ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လာခဲ့သည်ဟု ဒေါနဘွားရပ်ကွက်နေ ပြည်သူတစ်ဦးက အတည်ပြုသည်။ ထို့ပြင် နေ့လယ်ပိုင်းများက မျက်နှာစိမ်းစျေးသည်များ ဝင်ရောက်မှုများရှိလာနေပြီး လက်နက်များရှိပါက အပ်နှံကြရန်အတွက် စစ်အုပ်စုက ကြေညာထားချက်များကိုလည်း လော်စပီကာများဖြင့် ဖွင့်လျက် သွားလာနေကြောင်းလည်း ၎င်းက ဆိုသည်။

• အတည်မပြုနိုင်သေးသည့် သတင်းများအရ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်ရုံးတွင် ပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားခဲ့သည်ဟု သိရပြီး မှန်ကန်မှု ရှိ-မရှိနှင် ထိခိုက်မှု ရှိ-မရှိကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

• မြင်းခြံမြို့တွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုဘက်က ပခုက္ကူဘက်မှ 4 Wheel သုံးစီးဖြင့် ခန့်မှန်းအင်အား ၂၅ ခန့်ဖြင့် လုံခြုံရေးထပ်တိုးထားကာ လူသွားလူလာများသည့် နေရာများတွင် လုံခြုံရေးယူထားကြောင်း သိရသည်။ ယမန်နေ့ ညနေ ၅ နာရီခန့်က မြင်းခြံမြို့ စစ်တပ်ပိုင် အင်းဝဘဏ်နှင့် လဝကရုံးအနီးတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် အင်အားထပ်တိုးလာခြင်း ဖြစ်ပြီး ညပိုင်းကလည်း အမှတ် (၁၇) တောင်ပိုင်းနေ ပြည်သူသုံးဦးကိုလည်း စစ်အုပ်စုဘက်က ဖမ်းဆီးသွားသည်ဟု သိရသည်။ 

• ရှေးဟောင်းဒေသ ပုဂံနယ်မြေတွင်လည်း ဒေသခံများက "ပုဂံပင်မသပိတ်စစ်ကြောင်း" ကြောင်းဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းကို လူစည်ကားရာ လမ်းနှင့် စျေးများတွင် ပြုလုပ်ခဲ့သည်။ ထို့ပြင် ပုဂံဒေသတွင်းရှိ ကျောင်းအချို့၏ ဆိုင်းဘုတ်နှင့် အုတ်တံတိုင်းများတွင် "စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း" အား ဆေးနီများဖြင့် ရေးကာ ဆန္ဒထုတ် ဖော်ခဲ့သေးသည်။ 

• ညောင်ဦးတွင်လည်း ဒေသခံများက ပင်မသပိတ်စစ်ကြောင်းဖွင့်ကာ စကောများ၌ NUG အစိုးရထောက်ခံကြောင်း ရေးသား ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• မိတ္ထီလာတွင် လူငယ်များ ဦးဆောင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• မန္တလေးတိုင်းတွင်း ပါဝင်သည့် ရေဆင်းတက္ကသိုလ်တွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး

• တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ဒေသခံများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆို်ငကယ်သပိတ် ပြုလုပ်ခဲ့သည်။

• ပဲခူးမြို့ပေါ်တွင် လူငယ်များက လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်း ရေး ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• ပြည်မြို့တွင် ယနေ့နံနက်ပိုင်းက တကသ ကျောင်းသားသမဂ္ဂက ဦးဆောင်၍ စစ်အာဏာရှင်စနစ်အဆုံးသတ်ရေး လူထုလှုံ့ဆော်မှုကို မြို့တွင်းရပ်ကွက်စျေးများ၌ ပြုလုပ်ခဲ့သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ကလေးမြို့တွင် စစ်အုပ်စုဘက်က အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူများ ကျဆုံးခဲ့ရသော်လည်း စစ်အာဏာ ရှင်စနစ်အား ဆန့်ကျင်သည့် လူအင်အား ၁၀၀ ကျော် ပါဝင်သည့် သပိတ်များမှာ ယနေ့အထိ ဆက်ရှိနေခဲ့ကာ NUG အစိုးရ ထောက်ခံကြောင်းနှင့် ဖမ်းဆီးထားသူများ လွှတ်ပေးရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည်။

• တမူးတွင် CDM လုပ်ထားသည့် စစ်သားတစ်ဦး ယမန်နေ့ညပိုင်းက ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားခဲ့ကြောင်း တမူးလုံခြုံရေးအဖွဲ့ - TMG က ထုတ်ပြန်ထားပြီး တမူးမြို့ပြင် ကုလားစခန်းတွင် လုံခြုံရေးယူထား သည့် TSG အဖွဲ့အား အကြမ်း ဖက်စစ်အုပ်စုဘက်က ဝင်ရောက်စီးနင်းရာမှ ဖမ်းဆီးခံရကာ သေဆုံးခဲ့ခြင်းလည်း ဖြစ်သည်။ 

• ပုလဲမြို့တွင် လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် ပျောက်ကြားဆိုင်ကယ် သပိတ် ပြုလုပ်ခဲ့သည်။ 

• တန့်ဆည်တွင် စစ်အုပ်စုက လုံခြုံရေးတင်းကြပ်ထားကာ မြို့ပေါ်နေရာစုံ၌ နေရာယူထားသည့်အတွက် တန့်ဆည်အနီးအ နားရှိ ကျေးရွာများတွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ်များကို ဒေသခံများက ဆက်လက်ပြုလုပ်ခဲ့သည်။

• မုံရွာ၊ ကျောက္ကာတောင်ထိပ်တွင် လူငယ်များက ခွပ်ဒေါင်းနှင့် နွေဦးတော်လှန်ရေးအလံများနှင့် "မုံရွာကို လုံးဝအုပ်ချုပ်၍ မရစေရ" ဆိုင်းဘုတ်များ စိုက်ထူကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း တော်လှန်ခဲ့ကြသည်။

• စစ်ကိုင်းတွင်လည်း စစ်အုပ်စုဘက်က ကန့်သတ်မှုများပြုလုပ်ထားသည့်ကြားကပင် မြို့ခံများက စစ်အာဏာရှင်စနစ် ဆန့် ကျင်ကြောင်း ပျောက်ကြားသပိတ်ပြုလုပ်ခဲ့သည်။

• ဆားလင်းကြီးမြို့နယ်တွင်းရှိ သံလျက်ကိုင်းနှင့် တောကျောင်းကျေးရွာများတွင်လည်း ဒေသခံအင်အား ရာနှင့်ချီ စုဝေးကာ NUG အစိုးရထောက်ခံကြောင်းနှင့် ကျဆုံးသွားသည့် ပြည်သူ့အာဇာနည်များအား အလေးပြုခြင်းများ ပြုလုပ်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ဇာတ်သိမ်းရေး ဆန္ဒပြခဲ့ကြသည်။ 

• ရွှေဘိုပင်မသပိတ်စစ်ကြောင်းကလည်း မြို့တွင်းစျေးများ၌ လှည့်လည်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ဆန္ဒ ထုတ်ဖော်ခဲ့သည်။ 

• ရေဦးတွင်လည်း ပညာရေးမိသားစုနှင့် ဒေသခံပြည်သူများ စုပေါင်းကာ NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး

• ရေနံချောင်းနှင့် ချောက်မြို့နယ်အစပ်ရှိ ဒုတိယပုဂံခု တင်စားထားသည့် ဆားလယ်ရွာတွင် လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များ ကပ်ကာ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။

• ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ဒေသခံပြည်သူများက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းမှာ ယနေ့နံနက်ပိုင်းကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ် ဖော်ခဲ့ကြသည်။ အဆိုပါတပ်ပေါင်းစုသပိတ်စစ်ကြောင်းတွင် အင်ဂျင်နီယာ၊ နည်းပညာနှင့် ဒေသခံသပိတ်စစ်ကြောင်းများ ပါဝင်သည်။ 

• ထားဝယ်မြို့တောင်ပိုင်းကျေးရွာများ ပူးပေါင်းသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းတွင် စစ်အာဏရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ် ခဲ့သည်။ 

• လောင်းလုံမြို့နယ်တွင်လည်း ဝဗျောကျေးရွာသပိတ်စစ်ကြောင်းက လူဦးရေ ၁၀၀ ကျော်ဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လမ်းများပေါ်တက် ဆန္ဒပြခဲ့ကြသည်။ ထို့ပြင် သဗျာနှင့် ကဒက်ကြီးကျေးရွာများတွင်လည်း ဒေသခံများက သပိတ်စစ်ကြောင်းဖွင့် ကာ အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• မောင်းမကန်ရွာတွင်လည်း ဒေသခံအင်အား ၁၅၀ ခန့်ပါသည် သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင် တော်လှန်ခဲ့သည်။ 

• ရေဖြူ၊ ကံပေါက်တွင် ဒေသခံအင်အား ရာနှင့်ချီ စုပေါင်းကာ ဖမ်းဆီးခံထားရသူများ လွှတ်ပေးရေး နှင့် NUG အစိုးရထောက်ခံ ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

• မြိတ် နည်းပညာတက္ကသိုလ်တွင် ကြားကာလတက္ကသိုလ်ကောင်စီ ဖွဲ့စည်းခဲ့သည့် ကျောင်းသားသမဂ္ဂအဖွ့ဝင်များကို အကြမ်းဖက်စစ်အုပ်စုဘက်က လိုက်လံရှာဖွေ ဖမ်းဆီးမှုများ လုပ်ဆောင်လျက် ရှိသည်။ 

ဧရာဝတီတိုင်းဒေသကြီး

• ပုသိမ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ဝန်းရံခဲ့သူ Music King (အော်ဒီယိုနှင့် အီလက်ထရောနစ်) ဆိုင်ပိုင်ရှင် ဦးအောင်ကိုကို ကို ယနေ့နံနက်ပိုင်း ရဲနှင့် စစ်သားများက အရပ်ဝတ်ဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။ 
မွန်ပြည်နယ်

• ကျိုက်ထိုအခြေစိုက် ခလရ ၉၆ တပ်တွင် တပ်အဝင်ဝ မုခ်ဦးအား တပ်အပြင်မှ ပြန်လာသည်တင့်ကားက ဝင်တိုက်ခဲ့သဖြင့် တပ်မုခ်ဦး ပြိုကျပျက်စီးခဲ့သည်။ လက်ရှိတွင် ကျိုက်ထိုမြို့၌ စစ်အုပ်စုနှင့် ကရင်အမျိုးသား အစည်းအရုံး - KNU တပ်များအကြား တိုက်ပွဲများ ဖြစ်နေပြီး ယမန်နေ့ ညနေ ၆ နာရီကျော်ခန့်လည်း ကျိုက်ထိုမြို့၊ ကင်းမွန်းစခန်းရှိ ရဲစခန်းအား ဝင်ရောက်ပစ်ခတ်မှုများ ရှိခဲ့သည်။ 

• မော်လမြိုင်တွင် စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ကာ နေ့ရော ညပါ စစ်ဆေးမှုများ ပြုလုပ်နေသည့်ကြားကပင် လူငယ်အချို့က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။ 

• ကျိုက်မရောတွင်လည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြသသည်အနေဖြင့် လူငယ်များ က "ကျောင်းမတက်ဘူး"၊"စစ်ကောင်စီအမိန့် မနာခံဘူး" စသဖြင့် "ဘူးသပိတ်" ပြုလုပ်ခဲ့သည်။

• မုဒုံတွင်လည်း ဒေသခံများက "ဘူးသပိတ်" ပြုလုပ်ဆင်နွှဲ၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ဆန္ဒထုတ်ဖော်ခဲ့ သည်။ ထို့ပြင် လူငယ်အချို့က ကြက်သွန်ကျွန်းပေါ်တွင် NUG အစိုးရထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ချင်းပြည်နယ်

• တီးတိန်မြို့တွင် ယမန်နေ့ည အသွားအလာကန့်သတ်ထားသည့် ည ၈ နာရီနှင့် ၉ နာရီခန့်တွင် မြို့မရပ်ကွက် နာရီစင်အနီး၌ ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။ ထို့ပြင် ည ၁၀ ခန့်တွင် အကြမ်းဖက်စစ်အုပ်စုဘက်က အသက် ၂၀ ခန့်ရှိ မောင်ထန်းမွမ်းလျန်းအား ဓာတ်ဆီဆိုင်တွင် ညစောင့်တာဝန်ထမ်းဆောင်ရန် ဆိုင်ကယ်နဲ့ သွားစဉ် ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးခဲ့ပြီး အလောင်းအား တီးတိန်ပြည်သူ့ဆေးရုံ ရင်ခွဲရုံတွင် ထားရှိထားကာ မိသားစုများအား ပြန်မပေး သေးကြောင်းလည်းသိရသည်။ 

• အာဏာသိမ်းစစ်အုပ်စု အကြံပေးလုပ်နေသည့် အမေရိကန်နိုင်ငံသား ဒေါက်တာငွန်ကျုံးလျန်အား အမေရိကန်၊ အင်ဒီးယားနားပြည်နယ်ရှိ ချင်းလူမှုအဖွဲ့အစည်း (CCI) က ရာထူးမှ နုတ်ထွက်ကာ ပြည်သူများနှင့် ရန်သူအဖြစ်မနေဘဲ မဟာမိတ်အဖြစ်သာနေရန် တိုက်တွန်းတောင်းဆိုထားသည်။

• မင်းတပ်တွင် အကြမ်းဖက်စစ်အုပ်စုနှင့် ဒေသခံပြည်သူများကြား တိုက်ခိုက်မှုများဖြစ်ခဲ့ရာ ဧပြီလ ၂၄၊ ၂၆ နှင့် ၂၇ သုံးရက်အ တွင်း စစ်အုပ်စုဘက်က ၂၀ ကျော် သေဆုံးခဲ့ကြောင်း CDF-Mindat က ကြေညာထားသည်။ ဧပြီလ ၂၇ ရက် ညပိုင်းက နှစ်ဖက်ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ည ၁၁ နာရီခန့်တွင် စစ်အုပ်စုဘက်က ဖမ်းဆီးထားသည့် ပြည်သူများကို ပြန်လွှတ်ပေးခဲ့ကြောင်းနှင့် ၂၇ မိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ပိတ်ဆို့ထားသည့် မတူပီ ဗျူဟာမှူးနှင့် ကားသုံးစီးအား ပစ်ခတ်ခြင်းမလုပ်ဘဲ လွှတ်ပေးခဲ့သည့်အတွက် ပခုက္ကူသို့ ဆင်းသွားသည်ဟု သိရသည်။ လက်ရှိတွင် စစ်တပ်ဘက်က သေဆုံးသွားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မီးသင်္ဂြိုလ်ခြင်း ပြုလုပ်နေပြီး အမြောက်ပါတင့်ကားနှင့် တပ်ကူများလည်း ထပ်ဖြည့်ထားကာ မင်းတပ်မြို့အနီးနှင့် ကျောက်ထုတွင် တပ်စွဲထားသည်ဟု သိရသည်။ 

ကချင်ပြည်နယ်

• ကချင်ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များက ပူတာအိုနှင့် မချမ်းဘောမြို့နယ်များရှိ ဘာသာရေးနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များအား မြို့နယ်ထွေအုပ်ရုံးများကတစ်ဆင့် အလှူငွေအမည်ခံ ငွေပေးစည်းရုံးမှုများ လုပ်ဆောင်လျက် ရှိသည်။ 

• ဟိုပင်မြို့ တဝက်ချောင်းတံတားညီနောင်မှ ယမန်နေ့ည အသွားအလာကန့်သတ်ထားသည့် ည ၁၁ နာရီကျော်ခန့်က မိုင်းခွဲ ဖျက်ဆီးခံခဲ့ရသည်။ 

• ယနေ့နံနက် ၈ နာရီကျော်ခန့်က ဗန်းမော်မြို့၊ စုပေါင်းရုံးတွင် ဗုံးပေါက်ကွဲတစ်ရပ် ဖြစ်ပွားခဲ့ကာ အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက အဆိုပါရုံးအနီး၌ လမ်းများပိတ်ကာ လုံခြုံရေးယူထားခဲ့သည်။

• ဖားကန့်မြို့နယ်၊ အောင်မြေကွက်သစ်ကျေးရွာနှင့် မရှီကထောင်ရပ်ကွက်နေ ပြည်သူများ ပူးပေါင်းစစ်ကြောင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဖားကန့်တွင် မှော်ပေါင်းစုံသပိတ်စစ်ကြောင်းမှာလည်း လူအင်အား ထောင်နှင့်ချီ၍ လမ်းမကြီးများပေါ်တက်ကာ စစ်အာဏာ သိမ်းမှု ဆန့်ကျင်ကြောင်းနှင့် NUG အစိုးရထောက်ခံကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။ 

• မြစ်ကြီးနားမြို့ပေါ်တွင် လူငယ်များက အထွေထွေသပိတ်စစ်ကြောင်းဖွင့်၍ လူအင်အား ၁၀၀ ခန့်ဖြင့် စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း တော်လှန်ဆန္ဒပြခဲ့သည်။ 

• နမ္မတီးတွင်လည်း စစ်အာဏာရှင်စနစ် ကျဆုံးပါစေ ဆိုင်းဘုတ်လွှင့်ထူ၍ ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ မြို့သစ်နှင့် ကုန်းလောကျေးရွာအနီးတွင် KIA နှင့် အကြမ်းဖက်စစ်အုပ်စုအကြား တိုက်ပွဲများဆက်လက်ရှိနေပြီး စစ်အုပ်စုဘက်က လေကြောင်းသုံးတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်လျက် ရှိသည်။KIA ဘက်က မြို့သစ်နှင့် ဆီဟတ်ကျေးရွာကြားရှိ ဆက်သွယ်ရေးတာဝါတိုင်စခန်းနှင့် အလောဘွမ်တောင် အား သိမ်းယူခဲ့သည့်အတွက် စစ်အုပ်စုက ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ကယားပြည်နယ်

• ဖယ်ခုံမြို့၊ ညောင်ပင်သာရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်အား ယမန်နေ့ည အသွားအလာကန့်သတ်ထားသည့် ည ၉ နာရီခွဲခန့်က အရပ်ဝတ်ဖြင့် လူသုံးဦးက လာရောက်ပစ်ခတ်သွားသဖြင့် အုပ်ချုပ်ရေးမှူးဦးထွန်းပေါ် ဒဏ်ရာရခဲ့ပြီး ၎င်း၏ တူဖြစ်သူ သေဆုံးသွားသည်ဟု သိရသည်။ 

• လွိုင်ကော်မြို့ပေါ်တွင် အကြမ်းဖက်စစ်အုပ်စုက လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် နောင်ယား (က) ရပ်ကွက်နေ ပြည်သူများက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကရင်ပြည်နယ်

• ဘုရားသုံးဆူ၊ ချက်ပွိုင့်နှင့် တပ်ကုန်းတို့တွင် အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့များ နံနက် ၈ နာရီကျော်အချိ်နက တိုက်ပွဲဖြစ်ပွားခဲ့ရာ တစ်နာရီကျော် ကြာသည်အထိ ပစ်ခတ်မှုများ ရှိခဲ့သည်ဟု သိရသည်။ 

ရှမ်းပြည်နယ်

• ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟိုပုံးမြို့တွင် အာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင်ပုံများအား ကွန်ဒုံးများတွင် ကပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။

• တောင်ကြီးမြို့တွင် ဒေသခံလူငယ်များက ဆိုင်ကယ်စီးရေ ၅၀ ခန့်ဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း သပိတ်ပြုလုပ်ခဲ့သည်။

• ကျောက်မဲတွင် ပြည်သူများက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် ဆိုင်ကယ်စီးရေ ၁၀၀ ခန့်ဖြင့် မြို့တွင်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ရှမ်းအရှေ့ဒေသ ကျိုင်းတုံတွင် လူငယ်များက ရောင်စုံစက္ကူများဖြင့် ကြိုးကြာရုပ်များ ပြုလုပ် ကာ "လုံးဝအုပ်ချုပ်၍ မရစေရ" အပါအဝင် တော်လှန်သော စာသားများရေးကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• ညောင်ရွှေတွင်လည်း ဒေသခံလူငယ်များက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် NUG ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ရခိုင်ပြည်နယ်

• အမ်းမြို့တွင် ခရိုင်ညွှန်ကြားချက်ဟုဆိုကာ စစ်အုပ်စုခန့်ထားသည့် ရပ်ကွက်အဆင့်အုပ်ချုပ်ရေးမှူး များက PSIစလောင်းများ ဖြုတ်သိမ်းရန်အတွက် လိုက်လံဖိအားပေးလျက် ရှိသည်။

နေပြည်တော်

• နေပြည်တော်၊ မြို့မစျေးကြီးတွင် နေပြည်တော်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များက စစ်အာဏာရှင် ဆန့်ကျင်ကြောင်း လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြသည်။

• ပျဉ်းမနားတွင် အကြမ်းဖက်စစ်အုပ်စုဘက်က လိုက်လံရှင်းလင်းမှုများ လုပ်နေသည့်ကြားကပင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လူငယ်များ ဦးဆောင်လျက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့ကြသည်။

ဧပြီ ၂၈ သုံးသပ်ချက်

• ရန်ကုန်မြို့တွင် ပုံစံမျိုးစုံဖြင့် သပိတ်များ ရှိနေဆဲဖြစ်ကာ အားကောင်းသည့် သပိတ်ကြီးများ လမ်းပေါ်ပြန်တက်လာရန်အတွက် တာဆူလျက် ရှိသည်။ စစ်အုပ်စုဒေါက်တိုင် နေရာနှင့် အဆောက်အအုံများတွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်လာနေ ကာ စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ရန်အတွက် ဆိုင်ကယ်စီးမှုများကိုပါ တားမြစ်လာပြီ ဖြစ်သည်။ မြို့အနှံ့ ရွေ့လျား လှည့်ကင်းများ ဆက်လက်ထားရှိ စစ်ဆေးလျက်ရှိပြီး ရဲစခန်း၊ တပ်စွဲထားသည့်နေရာများနှင့် ရပ်ကွက်ရုံးများတွင်ပင် လုံခြုံ ရေးချထားရသည့်အတွက် အင်အားပိုမိုသုံးစွဲနေရသည်။

• မန္တလေးတွင် ထူးခြားချက်အနေဖြင့် သပိတ်စစ်ကြောင်းကြီးများအားလုံးလိုလို ဖြိုခွင်းခံရပြီး သပိတ်များစတင်တတ်သည့် နေရာများတွင် စစ်အုပ်စုဘက်က အရပ်ဝတ် လက်နက်ကိုင်များ၊ အိမ်စီးကားများသုံး၍ လိုက်လံဖြိုခွင်းလျက် ရှိသည်။ သပိတ်ငြိမ်နေသည့် ရပ်ကွက်အချို့တွင် အကြောက်တရား ပိုလာရန်အတွက် အင်အားသုံး ကင်းလှည့်ပြမှုများကို နေ့လယ်ပိုင်းများတွင်ပါ ပြုလုပ်လာရုံမက ရွေ့လျားစျေးသည်များသုံးကာ ၎င်းတို့ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကိုလည်း လိုက်လံကြေညာခိုင်းလျက် ရှိသည်။ 

• နယ်မြို့ကြီးများတွင် သပိတ်များ ဆက်လက်အားကောင်းနေဆဲဖြစ်ကာ စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ထားသည့်တိုင် နည်းပေါင်းစုံဖြင့် နေရာပေါင်းစုံ၌ သပိတ်များ ပြုလုပ်လျက် ရှိသည်။ ယခင် သုံးသပ်ထားသည့်အတိုင်း ခုခံအားကောင်းသည့် မြို့များတွင် အင်အားသုံးဖြိုခွဲသည့်ပုံစံကို စစ်တပ်က ကျင့်သုံးနေသည်ဆိုသည့်အချက်အတိုင်း ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် လက်နက်ကိုင်ခုခံနေသည့် ပြည်သူများကို အင်အားသုံးဖြိုခွဲရန် လုပ်ဆောင်လျက် ရှိသည်။ 

• စစ်အုပ်စုအနေဖြင့် နိုင်ငံတကာ ဖိအားလျော့နည်းနေသည့်အတွက် အင်အားသုံးဖြိုခွဲမှုများကို မြို့ကြီးတိုင်းလိုလိုတွင် လုပ်ဆောင်လာနေပြီး အကြောင်းမဲ့ပစ်သတ်မှုများကိုပါ ဆက်တိုက်လုပ်ဆောင်လာလျက် ရှိသည်။ တိုင်းရင်းသားလက်နက် ကိုင်များနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင်လည်း တပ်စခန်း တစ်ခုပြီး တစ်ခု လက်လွှတ်နေရသည့်အတွက် သိက္ခာဆယ် နိုင်ရန် လေကြောင်းသုံးတိုက်ခိုက်မှုများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly