မင်းတပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ ယာယီအပစ်ရပ်ထားဟုဆို

မင်းတပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ ယာယီအပစ်ရပ်ထားဟုဆို

ဧပြီ ၂၇

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) နဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေ ဧပြီ ၂၇ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ ယာယီအပစ်ရပ်ထားကြောင်း သိရပါတယ်။

မင်းတပ်မြို့မိ မြို့ဖတွေကနေတစ်ဆင့် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း ဒုတိုင်းမှူးကနေတိုက်ရိုက်ဆက်သွယ်ညှိနှိုင်းလာတာကြောင့် အခုလိုအပစ်ရပ်ကြတာလို့လည်းဆိုပါတယ်။

အကြောင်းကတော့ စစ်ကောင်စီကဖမ်းဆီးထားတဲ့ မြို့ခံ လူငယ် ခုနှစ်ယောက်ကို အာမခံနဲ့ပြန်လွှတ်ပေးမယ်ဆိုပြီး ညှိနှိုင်းလာတာကြောင့်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပက်သက်လို့ မဇ္ဈိမက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တာဝန်ရှိသူတစ်ယောက်ဆီဆက်သွယ်ပေမယ့် ပြန်လည်မဖြေကြားသေးပါဘူး။

ဟားခါးအခြေစိုက် Chin World မီဒီယာမှာ ရေးသားချက်အရတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ဘက်မှ (၁) တက်လာသောအင်အားများနှင့် မတူပီဘက်မှဆင်းလာသောတပ်များ ချက်ချင်းနောက်ဆုတ်ရန်။ (၂) ဖမ်းဆီးခံပြည်သူများချက်ချင်းလွှတ်ရန်။ (၃) မြို့တွင်းတပ်စွဲထားသည့်နေရာများချက်ချင်းရုတ်သိမ်းရန်တို့ တောင်းဆိုထားကြောင်း သိရပါတယ်။

ထို့အပြင် စစ်ကောင်စီဘက်မှ ထွဋ်ခေါင်ကြီးကုမ္ပဏီ (ဂေါ့ဖ်ကွင်း) တွင် တပ်စွဲထားပြီး အရပ်ဝတ်ဖြင့်လည်း ကျောက်ထုဘက်မှ ဆက်လက်တက်လာသည်ဟုဒေသခံများကပြောကြားကြောင်း လည်းဆိုသည်။

တိုက်ပွဲမှာ ညနေပိုင်းအထိဆိုပါက မင်းတပ်မြို့အဝင် အရှေ့ပြင်ရပ်ကွက်အနားထိရောက်နေကြောင်းကြားသိရပြီး စစ်ကောင်စီရဲ့တပ်တွေ ဗုံးသီးတွေနဲ့ပစ်တာကြောင့် ထင်ချောင်းရွာထဲမှာလည်း အိမ်တချို့မီးလောင်ကျွမ်းနေတယ်လို့သိရပါတယ်။

အခုချိန်ထိ ယာယီအပစ်ရပ်ထားတယ်လို့ဆိုပေမယ့်လို့ စစ်ကောင်စီဘက်က စစ်ကူတွေလာရောက်နေသေးကြောင်းလည်း ဒေသခံတွေက လူမှုကွန်ယက်တွေပေါ်ကနေ မျှနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly