ဧပြီ ၂၇
မန္တလေးမြို့ အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Voice Of Myanmar သတင်းဌာနက အယ်ဒီတာချုပ်ဖြစ်သူ ကိုနေမျိုးလင်းကို စစ်ကောင်စီလက်နက်ကိုင်များက ဒီကနေ့ နံနက် ၁၀နာရီခန့်မှာ မေးမြန်းစရာရှိတယ်လို့ အကြောင်းပြကာ နေအိမ်ကနေတွင် စစ်တပ်အခြေစိုက်ရာ မန္တလေးနန်းတွင်းသို့ ခေါ်ဆောင်သွားပြီးနောက် မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရပါတယ်။
ကိုနေမျိုးလင်းနဲ့အတူ VOM သတင်းဌာနက သတင်းထောက် ကိုရှိုင်းအောင်လဲ အတူခေါ်ဆောင်သွားခံရပြီးတော့ နှစ်ဦးလုံးဟာ မိသားစုဝင်များနဲ့ အဆက်အသွယ်ပြတ်တောက်နေပါတယ်။
“မနက်က ကိုနေလင်းကို အိမ်ကလာခေါ်သွားတယ် သူနဲ့အတူ ရှိုင်းအောင်လဲပါသွားတယ်၊ အခုထိ ဆက်သွယ်လို့မရဘူး”လို့ မန္တလေးအခြေစိုက် သတင်းထောက်တစ်ဦးကပြောပါတယ်။
ကိုနေမျိုးလင်းဟာ RFA၊ BBC သတင်းဌာနများ သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး VOM သတင်းဌာနကို စတင်တည်ထောင်သူလဲဖြစ်ပါတယ်။ သတင်းလွတ်လပ်ခွင့်နဲ့ ပက်သက်ပြီး အကြိမ်ကြိမ် ထောင်ကျခဲ့ရဖူးသူလဲ ဖြစ်ပါတယ်။