နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၄ ဧပြီ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၄ ဧပြီ ၂၀၂၁)
(Photo -  AFP ) ဧပြီလ (၂၄)ရက်၊ မန္တလေးမြို့တွင် ပြည်သူများမှ အကြမ်းဖက်စစ်ကောင်စီအလိုမရှိကြောင်း ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း

ရန်ကုန်တိုင်းဒေသကြီး

• ယမန်နေ့ည အသွားအလာကန့်သတ်ထားသည့် ည ၈ နာရီခွဲအချိန်ခန့်က မရမ်းကုန်း၊ သမိုင်း (၁) ရပ်ကွက်ရှိ ရွှေထီးအိမ်ရာ တွင် ဗုံးပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။

• စစ်အုပ်စုကောင်စီတွင် လူမှုရေးဝန်ကြီးလုပ်နေသည့် ဒေါ်သက်သက်ခိုင်၏ ဗဟန်းမြို့နယ်၊ ဓမ္မစေတီလမ်းပေါ်ရှိ နေအိမ်တွင် ယမန်နေ့ ည ၉ နာရီကျော်က ပေါက်ကွဲမှုတစ်ရပ်ဖြစ်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်လည်း စမ်းချောင်းမြို့နယ်အတွင်း စစ် အုပ်စုဘက်က ကင်းလှည့်မှုများ ဆက်တိုက်ပြုလုပ်လျက် ရှိသည်။ စစ်ကောင်စီတွင် ပါဝင်သော ဦးသိန်းညွန့်၏ သုဝဏ္ဏဘော လုံးကွင်းအနီး လေးထောင့်ကန်လမ်းမပေါ်ရှိ နေအိမ်တွင်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။

• သာကေတတွင် လူငယ်အချို့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်းဘုတ်များအား လမ်းမများပေါ်တွင် စိုက်ထူကာ အရုဏ်ဦး ပြုလုပ်ခဲ့သည်။ ထို့ပြင် လူငယ်အချို့က နေ့လယ်ပိုင်းများတွင် Paper Strike အမည်ဖြင့် စစ်အာဏာရှင်ဆန့် ကျင်သော စာသားပါ စာရွက်များဖြင့် လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• အင်းစိန်တွင်လည်း စစ်အာဏာရှင် ဆန့်ကျင်ကြောင်း စာများအား ရောင်စုံစက္ကူများတွင် ရေး၍ လမ်းမများပေါ် ဖြန့်ကြဲကာ Paper Strike ပြုလုပ်ခဲ့သည်။

• အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာတွင် အစည်းအဝေးတက်ရောက်ရန် သွားရောက်သည့် စစ်အုပ်စုခေါင်းဆောင် သေဆုံးကာ ပြန်လမ်းမဲ့သည်ဟု အဓိပ္ပာယ်သက်ရောက်စေသည့် ရေအိုးခွဲသပိတ်ကို ရန်ကုန်မြို့ ကျောက်တံတား၊ ထောက်ကြန့်နှင့် စမ်းချောင်း မြေနီကုန်းတို့ တွင် ပြုလုပ်၍ စစ်အာဏာရှင်စနစ် အပြီးတိုင် ကျရှုံးရေး ဆန္ဒပြခဲ့ကြသည်။

• စမ်းချောင်းတွင် ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းကို သပိတ်ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စု ဘက်က လာရောက်ဖြိုခွဲခဲ့ပြီး စမ်းချောင်းမြို့နယ်တွင်းရှိ လမ်းတိုင်းလိုလိုတွင် လုံခြုံရေးများ ချထားလျက်ရှိသည်။ ထို့ပြင် စမ်းချောင်း၊ မြေနီကုန်းတွင်လည်း လမ်းထိပ်များရှိ တာယာဆိုင်များအား မှတ်တမ်းဓာတ်ပုံများ ရယူသွားသည်။

• ဗဟန်းတွင် လူငယ်အချို့က စာရွက်များပေါ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာများရေးကာ လူမဲ့သပိတ် ပြုလုပ် ခဲ့သည်။

• လှိုင်မြို့နယ်တွင် ဒေသခံလူငယ်အချို့က "အလံမလိပ် ရန်ကုန်သပိတ်" ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သည်။ ထို့ပြင် လူငယ်အချို့ကလည်း စစ်အုပ်စု ခေါင်းဆောင် သေဆုံးပါစေကြောင်း ရေအိုးခွဲ အသုဘ သပိတ် ပြုလုပ်ခဲ့သည်။

• ကြည့်မြင်တိုင်တွင်လည်း အာဆီယံအစည်းအဝေးတက်နေသည့် စစ်အုပ်စုခေါင်းဆောင် "ကောင်းရာသုဂတိ မလားပါစေနဲ့" စာတမ်းများ ရေးသားကာ ရေအိုးခွဲ အသုသသပိတ် ပြုလုပ်ခဲ့သည်။

• ယမန်နေ့က လမ်းပေါ်ပြန်တက်လာသည့် ရန်ကုန်သပိတ်ကြောင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့လယ် ဆူးလေ၊ အနော်ရထာ၊ ပန်းဆိုးတန်းနှင့် ဗိုလ်ချုပ်လမ်းတစ်လျှောက်တွင် အကြမ်းဖက်စစ်အုပ်စုဘက်က ရဲနှင့် စစ်ကားများ သုံးကာ ကင်းလှည့်လျက်ရှိသည်။

• မရမ်းကုန်းတွင်လည်း လူငယ်အချို့က "အလံမလိပ် ရန်ကုန်သပိတ်" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သည်။

• ယနေ့ နေ့လယ် ၁၂ နာရီက ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် အာဆီယံအစည်းအဝေးတက်ရန် ရောက်နေသည့်စစ်အုပ်စု ခေါင်းဆောင်အား ဆန့်ကျင်ကြောင်းကို နာရီဝက်ကြာ သံဗုံးတီး၍ ပြသခဲ့ကြသည်။

• နေ့လယ် ၂ နာရီခွဲခန့်က တောင်ဒဂုံမြို့နယ်၊ (၂၅) ရပ်ကွက်ရှိ မြို့နယ်ကြံ့ခိုင်ရေးရုံးတွင် အသေးစားပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ထိခိုက်မှု ရှိ၊ မရှိကိုမူ စုံစမ်းဆဲ ဖြစ်သည်။ တောင်ဒဂုံမြို့နယ်တွင် ယခင်ရက်များက ရပ်ကွက်ရုံးများတွင် စစ်တပ် (ကြည်းတပ်ဝတ်စုံဝတ်) များ လုံခြုံရေးယူထားလေ့ရှိပြီး ယခုရက်ပိုင်းတွင် စစ်တပ် (ရေတပ်ဝတ်စုံဝတ်) အချို့သာ လုံခြုံ ရေးယူထားသည်ဟုလည်း (၂၅) ရပ်ကွက်နေ ပြည်သူတစ်ဦးက အတည်ပြု ပြောဆိုသည်။

• မြောက်ဒဂုံမြို့နယ်တွင် အလယ်တန်းကျောင်းသားအရွယ် ကလေးငယ်တစ်ဦးက အဖြူ၊ အစိမ်းကျောင်းဝတ်စုံ ဝတ်ဆင်ကာ "ကျွန်တော်တို့ မှားခဲ့လို့လား" ပါ စာသားဆိုင်းဘုတ်ကိုင်၍ တစ်ကိုယ်တော် ဆန္ဒပြခဲ့သည်။

• ပေါက်ကွဲမှုများဖြစ်ပြီး လူငယ်အများအပြား ဖမ်းဆီးခံခဲ့ရသည့် ရန်ကင်းတွင် လူငယ်အချို့က NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• မင်္ဂလာဒုံမြို့နယ်ရှိ ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း စာသားပါ စာရွက်များအား သစ်ပင်များတွင် ချိတ်ဆွဲကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ ထောက်ကြန့်စစ်သင်္ချိုင်းရှေ့တွင်လည်း လူငယ်များက အသုဘသပိတ်နှင့် တရုတ်အလံမီးရှို့မှုများ ပြုလုပ်ခဲ့သည်။

• သန်လျင်မြို့နယ်တွင် ယနေ့ နေ့လယ်ပိုင်းက "ငါ့တို့ သန်လျင် ငါတို့မြေ - ငါတို့ GZ ငြိမ်မနေ - တစ်ဖက်ကမ်းမှာ ဒို့ရှိတယ်" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။

• မြောက်ဥက္ကလာပတွင်လည်း လူငယ်များက စစ်အုပ်စုခေါင်းဆောင် မပြန်လမ်း မြန်းရေးအတွက် ရေအိုးခွဲ အသုဘသပိတ် ပြုလုပ်ခဲ့သည်။

• တောင်ဥက္ကလာပ၊ (၄) ရပ်ကွက် စုပေါင်းရုံးအနီးတွင် ယနေ့နေ့လယ် ၃ နာရီဝန်းကျင်ခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ သည်။ ဝေဇယန္တာလမ်းမပေါ်တွင်လည်း ညနေ ၃ နာရီခွဲခန့်မှ ၄ နာရီခွဲခန့်အထိ ပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်စစ်အုပ်စုဘက်က လမ်းများပိတ်ကာ လုံခြုံရေးယူထားကြောင်းလည်း သိရသည်။

• အဖမ်းအဆီးများနေသည့် တာမွေတွင်လည်း လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဖော်ပြသည့် Paper Strike ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး

• မန္တလေး တပ်ပေါင်းစုသပိတ်စစ်ကြောင်းမှာ ယနေ့နံနက် ၇ နာရီခန့်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပြီး အဆိုပါသပိတ်စစ်ကြောင်းကြီးတွင် ပညာရေးမိသားစု၊ တမ္ပဝတီလူထု၊ ဒေါင်းစစ်သည်နှင့် အထက (၇) ကျောင်းသားဟောင်းများနှင့် ဘုရားကြီးငြိမ်းချမ်းရေး သပိတ်စစ်ကြောင်းများ ပါဝင်ပြီး မန္တလေးမြို့ ၇၃ လမ်းမကြီးပေါ်အထိ ချီတက် ဆန္ဒပြခဲ့ကြသည်။

• မန္တလေးတွင် ယနေ့နံနက်ပိုင်းက "ပွဲမပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ်" ဟူသည့် စာသားများ ရေးသားကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လူမဲ့စာ သပိတ် ပြုလုပ်ခဲ့သည်။

• နံနက် ၈ နာရီခန့်က ပညာရေးမိသားစုများ ပါဝင်သည့် မိတ္ထီလာသပိတ်စစ်ကြောင်းကို စည်းခုံကြီးအနီးတွင် အကြမ်းဖက်စစ် တပ်ဘက်က ခြောက်လှန့်ပစ်ခတ်မှုကြောင့် လူစုခွဲခဲ့ရပြီး သပိတ်စစ်ကြောင်းပြီးဆုံးပြီး ဗိုလ်ချုပ်ကြေးရုပ်အနီး နဂါးရုံဘုရား ဝင်းအတွင်း ဘုရားပူဇော်နေသည့် သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သည့် ကျောင်းဆရာ သုံးဦးနှင့် ဆရာမ လေးဦးတို့အား ဝင်ရောက်ဖမ်းဆီးသွားသည်ဟု သိရသည်။

• ယနေ့နံနက်ပိုင်းက လူအင်အားရာနှင့်ချီသည့် မန္တလေး ရတနာပုံတက္ကသိုလ်ကျောင်းသား/သူများ သပိတ်စစ်ကြောင်းက "စစ်အာဏာရှင်စနစ် ကျရှုံးပါစေ" ဆိုင်းဘုတ်များကိုင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြသည်။

• အမရပူရတွင်လည်း သံဃာတော်များ ဦးဆောင်ကာ ဒေသခံများ ပါဝင်သည့် သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• မန်းမြို့ပေါ်ရပ်ကွက်အချို့တွင် လူငယ်အချို့က စစ်အုပ်စုခေါင်းဆောင်ပုံ ကပ်ထားသည့် ခေါင်းတလားကို ထမ်းကာ ရေအိုးခွဲ၍ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေး အသုဘသပိတ် ပြုလုပ်ခဲ့သည်။

• မန်း၊ မဟာအောင်မြေမြို့နယ်၊ သန်လျပ်မှော် အရှေ့ရပ်ကွက်တွင် နံနက် ၉ နာရီခန့်က ဆန္ဒပြရန် လူစုနေစဉ် အကြမ်းဖက်စစ်တပ်ဘက်မှ လက်နက်ကိုင်လုံခြုံရေးများက ဝင်ရောက်ဖြိုခွဲစဉ် ဆန္ဒပြပြည်သူ နှစ်ဦး အဖမ်းခံခဲ့ရသည်။ အဖမ်းခံခဲ့ရသူ နှစ်ဦးအနက် တစ်ဦးက ဖမ်းဆီးသည့်လုံခြုံရေးလက်နက်ကိုင်ကိုင်ဆောင်ထားသည့် ရာဘာကျည်ထည့်ပစ်ရသည့် ၁၂ ဗို့ ပြောင်းချောသေနတ်အား ပြန်လည်လုယူခဲ့ရာ စစ်အုပ်စုဘက်က သေနတ်ဒင်များဖြင့် ဝိုင်းဝန်းရိုက်နှက်သဖြင့် ပြန်လည် အဖမ်းခံခဲ့ရသည်။ ထို့ပြင် အဆိုပါ သပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်တပ်က အိမ်စီးကားဖြင့် လိုက်ပစ်ခတ်ဖြိုခွဲခဲ့သဖြင့် အသက် ၂၀ အရွယ် မောင်မင်းသန့်မောင်မောင်မှာ ဝမ်းဗိုက်တွင် ကျည်ထိမှန်ခဲ့သော်လည်း လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျက် ရှိသည်ဟု သိရသည်။

• နံနက်ပိုင်း ၁၁ နာရီခန့်ကလည်း ချမ်းမြသာစည်မြို့ နယ်၊ ၆၅-၆၄ ကြား၊ ၁၀၇-၁၀၈ လမ်းကြားတွင် တာယာကွင်းမီးရှို့နေသည့် လူငယ်တစ်ဦးကို အရပ်ဝတ်ဝတ်ဆင်ကာ လုံခြုံရေးယူထားသည့် အကြမ်းဖက်စစ်တပ်ဘက် ဦးခေါင်းအား ပစ္စတိုသေနတ်ဖြင့် ပစ်ခဲ့ပြီး မလှုပ်နိုင်တော့သည့်အချိန်တွင် ကားပေါ် ဆွဲတင်သွားသည်ဟုလည်း သိရပြီး ပစ်ခံခဲ့ရသူ မည်သူဖြစ်ကြောင်းကို ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။

• မန္တလေး၊ တံတားဦးတွင်လည်း ဒေသခံများက စစ်အာဏာရှင်စန်စကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• မိုးကုတ်တွင်လည်း ဒေသခံများက "ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နောက်လိုက်အပေါင်းအပါများအားလုံး ရေလုံအိုးခွဲ၍ သွားလိုရာ သွားနိုင်ကြပါပြီ" စာသားများကိုင်ဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ရေအိုးခွဲသပိတ် ပြုလုပ်ခဲ့သည်။

• မန္တလေးနန်းရှေ့ အုတ်စက်ရပ်ကွက်တွင် ယနေ့ နေ့လယ်ပိုင်းက အကြမ်းဖက်စစ်အုပ်စုဘက်က လမ်းကြားငယ်များအထိ ကင်းလှည့်စစ်ဆေးမှုများရှိနေသည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ညနေ ၄ နာရီတွင် အတည်ပြုပြောဆိုပြီး ယမန်နေ့ ညပိုင်းကလည်း ဆိုင်ကယ်များဖြင့် ကင်းလှည့်မှုများ လုပ်ကာ ရပ်ကွက်တွင်းလမ်းများနှင့် အကျွမ်းတဝင်ဖြစ်စေရန် စနည်းနာ ခြင်းဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

• ရှေးဟောင်းပုဂံဒေသ ညောင်ဦးတွင် ဒေသခံများက ပင်မသပိတ်စစ်ကြောင်းဖွင့်၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လမ်းပေါ်တက် ဆန္ဒဖော်ထုတ်ခဲ့သည်။

• မြင်းခြံမြို့ပေါ်တွင် အကြမ်းဖက်စစ်အုပ်စုဘက်က နယ်မြေလုံခြုံရေးထက်ပိုသည့် မြို့တွင်းတိုက်ပွဲရှိသည့် အနေအထားဖြင့် အသင့်ပြင်ဆင်ထားကြောင်းနှင့် သပိတ်များပြုလုပ်ရန်အတွက် အခက်အခဲများ ရှိလာနေသည်ဟု မြင်းခြံသပိတ် တာဝန်ရှိသူ တစ်ဦးက ယနေ့ နေ့လယ်ပိုင်းတွင် အတည်ပြု ပြောဆိုသည်။ စစ်အုပ်စုဘက်က မြင်းခြံမြို့အဝင် နန်းမြင့်တောင်ပေါ်၌ တပ်စွဲထားကာ မြို့အဝင် ရေလမ်းကြောင်းဖြစ်သည့် မြို့အနောက်ဘက် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံရာ မြေတော်နှင့် ဆင်ချောင်းရွာများဘက်ရှိ ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် လုံခြုံရေးကင်းစခန်းများထား၍ စောင့်ကြည့်မှုများ ပြုလုပ်နေ ကြောင်းလည်း ၎င်းက ဆိုသည်။ ယနေ့နံနက်ပိုင်းကလည်း မြင်းခြံမြိုအနီးရှိ ကျေးရွာအချို့တွင် ဖမ်းဆီးမှုများကို အကြမ်း ဖက်စစ်အုပ်စုဘက်က ဆက်တိုက်ပြုလုပ်လာပြီး မြို့ပေါ် အမှတ် (၄) မှ ပြည်သူ သုံးဦးနှင့် အမှတ် (၁၇) မှ နှစ်ဦးလည်း ဖမးဆီးခံထားရသည်ဟု သိရသည်။ လုံခြုံရေးတင်းကြပ်ထားသည့် ကြားကပင် ယနေ့ နေ့လယ်ပိုင်းက ဒေသခံလူထုက စစ်အုပ်စု ခေါင်းဆောင် ကွယ်လွန်ကြောင်း သရုပ်ဖော်သည့် အသုဘသပိတ် ပြုလုပ်ခဲ့ကြသေးသည်။

• ကျောက်ဆည်တွင်လည်း ဒေသခံများက စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ကာ ဆန့်ကျင်ဆန္ဒပြခဲ့သည်။

• စစ်တပ်အများအပြားရှိသည့် ပြင်ဦးလွင်တွင် လူငယ်များက အင်အား ၁၀၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး

• ဒိုက်ဦးတွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်းနှင့်NUG အစိုးရ ထောက်ခံကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• ဖြူးမြို့နယ်တွင်းရှိ မြို့များတွင် စစ်အုပ်စုခေါင်းဆောင် အာဆီယံအစည်းအဝေးသွားချိန်၌ သေဆုံးသူများ သုဿန်ပို့ရာတွင် ပြုလုပ်လေ့ရှိသည့် ရေအိုးခွဲခြင်း အသုသသပိတ် ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး

• ရေဦးတွင် ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• မုံရွာမြို့အနီးတဝိုက်ရှိ ကျေးရွာအချို့ အာဏာသိမ်းမှုကို ခေါင်းဆောင်ခဲ့သည့် စစ်အုပ်စုခေါင်းဆောင် သေဆုံးကြောင်း နိမိတ်ပုံဖော်သည့် ရေအိုးခွဲ အသုဘသပိတ် ပြုလုပ်ခဲ့သည်။

• ရွှေဘိုတွင် ဒေသခံများက ဖွားဘက်တော်ပန်းများ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

• စစ်ကိုင်းမြို့တွင် ဒေသခံလူငယ်များက တောင်ထိပ်များပေါ်တက်ကာ လက်သုံးချောင်းပုံပါ နွေဦးတော်လှန်ရေးအလံ စိုက်ထူကာ "We want Democracy” စာတမ်းပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သည်။

• ဆန္ဒပြမှုများ ဆက်တိုက်လုပ်နေသည့် ကလေးမြို့တွင်လည်း ယနေ့နံနက်ပိုင်းက စစ်ကြောင်းများ ခွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်မှုများကို ဆက်တိုက်ပြုလုပ် တော်လှန်ခဲ့ကြသည်။ ညပိုင်းအချိန်များတွင်မူ ကလေးမြို့၌ ခြောက်လှန့်ပစ်ခတ်မှုအချို့ ရှိနေဆဲဖြစ်ကြောင်းလည်း ကလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီခွဲတွင် အတည်ပြု ပြောဆိုသည်။

• နှစ်ဖက်ပစ်ခတ်မှုများ ရှိပြီး သေဆုံးမှုများပါ ရှိခဲ့သည့် တမူးမြို့တွင် လက်ရှိအချိန်အထိ ဆန္ဒပြမှုများ ငြိမ်သက်နေသော်လည်း အကြမ်းဖက်စစ်အုပ်စုဘက်က ယခင်ထပ်ဖြည့်ထားသည့် လုံခြုံရေးများအား ပြန်လည်လျှော့ခြင်းမျိုး မပြုလုပ်သေးဘဲ တင်းကြပ်ထားဆဲ ဖြစ်သည်။

• မုံရွာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် အခြားသူ ၄၁ ဦးအား ဆားကျင်းသုဿန်တွင် အကြမ်း ဖက်စစ်အုပ်စု လက်အောက်ရှိ ရဲဝန်ထမ်း နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ လူသတ်မှုဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။ လက်ရှိတွင် ကိုဝေမိုးနိုင်မှာ ပုဒ်မ ငါးခုဖြင့် တရားစွဲဆိုခံထားရသည်။

• လူအင်အားရာနှင့်ချီ ပါဝင်သည့် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး-နှင်းတောရပ် ပင်မသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင် ကျရှုံးရေးအတွက် ဆန္ဒပြခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်တွင် မြို့ပေါ် စစ်ကြောင်းပေါင်းစုံ ပါဝင်သည့် တပ်ပေါင်းစုသပိတ်စစ်ကြောင်းဖြင့်စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• လောင်းလုံတောင်ပိုင်းကျေးရွာ စုပေါင်းသပိတ်စစ်ကြောင်းမှာ ယနေ့နံနက်ပိုင်းက သပိတ်စစ်ကြောင်းထွက်လာစဉ် သကျက် တောရွာ နယ်မြေရဲစခန်းအနီးအရောက်တွင် အကြမ်းဖက်စစ်တပ်ဘက်က ရာဘာကျည်သုံး၍ ပစ်ခတ်ဖြိုခွဲခံခဲ့ရသော်လည်း ထိခိုက်မှု တစုံတရာ မရှိခဲ့ပေ။

ဆိုပါကျေးရွာစုပေါင်းသပိတ်စစ်ကြောင်းတွင် သကျက်တော၊ ရေဖြူ၊ ကဒက်ကြီး၊ ကြက်ယက်ကွင်း စသည့် ကျေးရွာများမှ ဆန္ဒပြပြည်သူများ ပါဝင်ကြသည်။

• ယနေ့ နေ့လယ်ပိုင်းက လမ်းပေါ်တက်လာသည့် ထားဝယ်ပင်မသပိတ်စစ်ကြောင်းမှာ ကြက်စားပြင်ရပ်ကွက်မှ ဘုမေ္မာ်ရပ် ကွက်ဘက်သို့ ချီတက်စဉ် အကြမ်းဖက်စစ်တပ်ဘက်က လက်နက်ကိုင်တပ်ဖွဲ့များက စစ်နှင့် ရဲကားများဖြင့် ရောက်ရှိလာ ကာ လိုက်လံဖြိုခွင်းခဲ့သည့် အတွက် လူစုခွဲခဲ့ရပြီး ဖမ်းဆီးခံရမှု မရှိပေ။

• ထားဝယ်ခရိုင်၊ ရေဖြူ၊ ကံပေါက်တွင် ဒေသခံ အင်အားရာနှင့်ချီ စုဝေးကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း တော်လှန် ဆန္ဒပြခဲ့ကြသည်။

• ထားဝယ်၊ မောင်မယ်ရှောင်ရွာတွင်လည်း လူငယ်များက အနီရောင်အိင်္ကျီများ ဆင်တူဝတ်ဆင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း နှင်းဆီနီသပိတ် ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး

• ငွေဆောင်ကမ်းခြေ ကျောက်တုံးများတွင် ဒေသခံများက "ပုကျွန် မခံပြီ" အပါအဝင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း စာများ ရေးသားထားသည့် ရောင်စုံစာရွက်များ ကပ်ကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်

• သထုံတွင် ယမန်နေ့ည ၇ နာရီခန်က သထုံ၊ မြန်မာ့စီးပွားရေးဘဏ်အနီးတွင် အကြမ်းဖက်စစ်တပ်ဘက်က အရပ်သားနှစ်ဦးကို ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ပြီး ယနေ့ နံနက်ပိုင်းကျမှသာ အလောင်းကောက်ယူနိုင်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ယမန်နေ့က သထုံတွင် ဆန္ဒပြပြည်သူများကို လိုက်လံဖြိုခွဲခဲ့သည့် စစ်တပ်လုံခြုံရေးအဖွဲ့များကို ကရင်အမျိုးသားအ စည်းအရုံး - KNU က ပစ်ခတ်ခဲ့သဖြင့် စစ်တပ်ဘက်က ကျဆုံးမှုများ ရှိခဲ့သည်။

• ပေါင်မြို့နယ်တွင်းရှိ ကျေးရွာများတွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• မော်လမြိုင်တွင် လူငယ်အချို့က "စစ်ခွေးလက်အောက် လုံးဝအုပ်ချုပ်မခံ" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပျောက်ကြားသပိတ်ပြုလုပ် ဆန့်ကျင်တော်လှန်ခဲ့သည်။ မော်လမြိုင်မြို့ပေါ်ရှိ သက်ကြီးရွယ်အို အဖိုးအဖွားများကလည်း စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် လူငယ်များအား ကျေးဇူးတင်သည့်အနေဖြင့် "ငါ့မြေးတွေဘက်မှာ အဖွားတို့ အမြဲရှိတယ်"၊ "အားတင်းထားပါ ငါ့မြေးတို့"၊ "အခုချိန်ထိ တိုက်ပွဲဝင်ပေးနေကြတဲ့ လူငယ်အားလုံးကို အဖွားတို့က ကျေးဇူးတင်ပါတယ်" စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ အားပေးထောက်ခံကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ခဲ့ကြသည်။

• မုဒုံတွင် မျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ချင်းပြည်နယ်

• ဟားခါးမြို့ ဝန်ကြီးအိမ်ရာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စစုဘက်က ရဲနှင့် စစ်သားအချင်းချင်း ယမန်နေ့ညပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်သားနှစ်ဦး သေဆုံးကာ ရဲအချို့ ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်း သိရသည်။

ကချင်ပြည်နယ်

• ဗန်းမော်-လိုင်ဇာ ကားလမ်းမကြီးပေါ်ရှိ မြို့သစ်ကျေးရွာ အရှေ့ဘက်ကုန်းရဲစခန်းတွင် ယခုနံနက်ပိုင်း ၈ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် မတော် - KIA နှင့် အကြမ်းဖက်စစ်အုပ်စုအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ KIA ဘက်မှ လက်နက်ကြီး များသုံး တိုက်ခိုက်ခဲ့သည်ဟု သိရပြီး စစ်တပ်ဘက်က လေကြောင်းသုံးတိုက်ခိုက်မှုများလည်း ရှိနေသည့်အပြင် နေ့လယ် ၁၁ နာရီခန့်အထိ ပစ်ခတ်မှုများဆက်လက်ရှိနေခဲ့သည်။

• မြစ်ကြီးနား တပ်ပေါင်းစုလူထုသပိတ်စစ်ကြောင်းက ယနေ့နံနက်ပိုင်းတွင် "တော်လှန်ရောင်နီ လာနေပြီ...တဖန် နိုးထကြလော့" ဟူသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြသည်။

• နမ္မတီးတွင် လူအင်အား ရာနှင့်ချီ စုပေါင်း၍ NUG အစိုးရ ထောက်ခံကြောင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင် စနစ် အပြီးတိုင် ကျရှုံးရေး ဆန္ဒဖော်ထုတ်ခဲ့သည်။

• ဖားကန့်တွင် ဒေသခံပြည်သူများက အပြာရောင်အိင်္ကျီများ ဆင်တူဝတ်ဆင်၍ အင်အားရာနှင့်ချီ စုပေါင်း ကာ "ရှီကထောင်" ၊  "အောင်မြေကွက်သစ်"၊ "ဆိုင်းတောင် (ခ) ဆိပ်မူ"၊ "ယူမာ" စသည့် စစ်ကြောင်းများ ပူးပေါင်းကာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
• ဖားကန့်သပိတ်စစ်ကြောင်းအား မှော်ပေါင်းစုံသပိတ်စစ်ကြောင်းများ ပူးပေါင်းကာ လူအင်အား ထောင်နှင့်ချီ၍ စုပေါင်းကာ စစ်အာဏာရှစ်စနစ် ကျရှုံးရေး ဆန္ဒပြတော်လှန်ခဲ့ကြသည်။

ကယားပြည်နယ်

• လွိုင်ကော်တွင် ဧပြီလ ၂၂ ရက်က ပြုလုပ်သည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အာရုဏ်ဦးသပိတ် ပြုလုပ်စဉ် အကြမ်းဖက်စစ်တပ်ဘက်မှ ရဲနှင့် စစ်သားများက လာရောက်ဖြိုခွင်းစဉ် ဘီလူးချောင်းအတွင်း ခုန်ဆင်းထွက်ပြေးရာမှ ပျောက်ဆုံးနေသည့် မောင်ဂျူလီယမ်ဆိုသူအား အသက်သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့သည်။

• လွိုင်ကော်၊ မိုင်းလုံရပ်ကွက်တွင် ဒေသခံအင်အား ၁၀၀ ကျော်က စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ဆန္ဒဖော် ထုတ်ခဲ့ကြသည်။

• ဒီးမော့ဆိုမြို့နယ်၊ ဝမ်ဘန်းပလိုကျေးရွာတွင် လူအင်အား ထောင်နှင့်ချီ၍ မြို့နယ်လုံးကျွတ်သပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် အကြမ်းဖက်စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ထားသော်လည်း နောင်ယား (က) ရပ်ကွက်တွင် ဒေသခံများက စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• လွိုင်ကော်၊ ထေးငှားလျားနှင့် ဘာဒိုကျေးရွာတို့တွင် စစ်အုပ်စုအား ထောက်ခံနေသည့် တရုတ်နိုင်ငံအား ဆန့်ကျင်သည့် အနေဖြင့် "တရုတ်ထွက်အသီးအနှံများ မရောင်းနဲ့-မဝယ်နဲ့-ငြင်းပယ်ပါ-ရှောင်ပါ" စာသားများ ကိုင်ဆောင်ကာ စစ်အာဏာ ရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သည်။

ကရင်ပြည်နယ်

• ဘားအံ့မြို့နယ်၊ သာမညတောင်ခြေတွင် ဒေသခံလူငယ်များက NUG အစိုးရထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ရှမ်းပြည်နယ်

• တာချီလိတ်တွင် ဒေသခံများက စစ်အာဏာရှင်စနစ် အပြီးတိုင် ကျရှုံးရေး အာရုဏ်ဦးဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• ဟိုပုံးတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာများ ရေးသားကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• သီပေါတွင် စစ်အာဏာရှင်စနစ်အားအလိုမရှိကြောင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ပြည်သူနှင့်တစ်သား တည်း ရပ်တည်ကာကွယ်ပေးပါရန် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဒေသခံအင်အား ရာနှင့်ချီပါဝင်သည့် ပင်မသပိတ်စစ် ကြောင်းဖြင့် မြို့အနှံ့ လှည့်လည်ဆန္ဒပြခဲ့ကြသည်။

• ကျိုင်းတုံတွင် ယနေ့နံနက်ပိုင်းက "သူရှုံးရင် သေဒဏ်-ပြည်သူရှုံးရင် တသက်ကျွန်ခံ-ဒါ အလဲထိုးပွဲပဲ" ဟု ရေးသားထား သည့် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း တော်လှန်သော စာများ ရေးသားထားသည့် ဆိုင်းဘုတ်များအား သစ်ပင်များတွင် ချိတ်ဆွဲကာ Paper Strike ပြုလုပ်ခဲ့သည်။
• ဖယ်ခုံမြို့တွင်လည်း ဒေသခံများက လှေများဖြင့် ရေပေါ်သပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သည်။

• မူဆယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ်ဝင်ပေါက် နန်းတော်ဂိတ်တွင် ယနေ့ နေ့လယ် ၁၂ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

• ကျောက်မဲတွင်လည်း ဒေသခံများက အင်အား ၂၀၀ ခန့်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည်။

နေပြည်တော်

• နေပြည်တော်၊ ပျဉ်းမနားတွင် ကျောင်းသားသမဂ္ဂ ဦးဆောင်သည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းမှာ ယနေ့တွင်လည်း လမ်းပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဧပြီ ၂၄ သုံးသပ်ချက်

• ယမန်နေ့က သပိတ်စစ်ကြောင်းများ ရှိခဲ့သည့်အတွက် စစ်အုပ်စုဘက်က် လုံခြုံရေးအထူးတင်းကြပ်ထားသော်လည်း မြို့နယ်တိုင်းလိုလိုတွင် ယခင်ရှိနေကြအတိုင်း ပျောက်ကြားသပိတ်များ ဆက်လက်အားကောင်းနေဆဲ ဖြစ်သည်။ သပိတ်များ နည်းတူ နေ့လယ်ပိုင်းတွင်လည်း ပေါက်ကွဲမှုများရှိခဲ့သည့်အတွက် အချို့လမ်းများတွင် ကားများအား ပိတ်ဆို့စစ်ဆေးမှု များကို စစ်အုပ်စုဘက်က ပိုမိုလုပ်ဆောင်လာလျက် ရှိသည်။ စစ်အုပ်စုဘက်က လုံခြုံရေးအနည်းငယ်လျှော့ချလိုက်သည်နှင့် အင်အားအများအပြား ပါဝင်သည့် သပိတ်ကြီးများ လမ်းပေါ်ပြန်တက်လာမည် ဖြစ်ကာ စစ်အုပ်စုဘက်ကလည်း လုံခြုံရေး အစီအမံများကို ပိုတိုးလုပ်ဆောင်လာရလျက် ရှိသည်။

• မန္တလေးတွင် သပိတ်စစ်ကြောင်းကြီးတိုင်းလိုလိုလမ်းပေါ်တက်လာကာ ယခင်က ခြေချရန် ခက်ခဲသည့် ၇၃ လမ်းမကြီးများ ပေါ်အထိ သပိတ်စစ်ကြောင်းကြီးများ ရောက်လာပြီ ဖြစ်သည်။ စစ်အုပ်စုဘက်ကလည်း အရပ်ဝတ်လက်နက်ကိုင်များဖြင့် သပိတ်ဖြိုခွဲခြင်းနှင့် ပစ်ခတ်ဖမ်းဆီးများ ဆက်တိုက်လုပ်လာနေပြီး တစ်ဖက်တွင်လည်း သတင်းပေးများအကူအညီဖြင့် သပိတ်ခေါင်းဆောင်များ ဖမ်းဆီးနိုင်ရေးကို အပူတပြင်း လုပ်ဆောင်လျက် ရှိသည်။

• နယ်မြို့ကြီးများတွင် သပိတ်များ အားကောင်းနေကာ အထူးသဖြင့် တနင်္သာရီ၊ ကယား၊ ကချင်ပြည်နယ်တို့ရှိ မြို့ကြီးများတွင် လူအင်အား ထောင်နှင့်ချီသည့် သပိတ်ကြီးများ ရှိနေဆဲ ဖြစ်သည်။ စစ်အုပ်စုဘက်က ၎င်းတို့တပ်စခန်းများနှင့် နီးစပ် သည့် မြို့ကြီးများရှိ အင်အားကောင်းသည့် သပိတ်များကို အဓိကထား ဖြိုခွဲနေပြီး အထူးသဖြင့် တန်ပြန်မှုအားကောင်းသည့် မြို့များကို ပစ်မှတ်ထားလျက် ရှိသည်။

• စစ်အုပ်စုအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် နေရာရရေးအတွက် အဓိကကျသည့် အာဆီယံအစည်းအဝေး တက်ရောက်ပြီးဖြစ်သဖြင့် ပြည်တွင်းသပိတ်များနှင့် အတိုက်အခံအင်အားစုများကို ဖြိုခွဲရန် အဓိကထားလာဖွယ် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly