နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၂ ဧပြီ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၂ ဧပြီ ၂၀၂၁)
(Photo: : AFP - ဧပြီလ (၂၂)ရက်၊ ထားဝယ်မြို့ရှိ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်သည့်မြင်ကွင်း )

ရန်ကုန်တိုင်းဒေသကြီ

• အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့်၏ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဘောလုံးကွင်းအနီး လေ့ထောင့်ကန်လမ်းမပေါ်ရှိ နေအိမ်တွင် ယမန်နေ့ညပိုင်း အသွားအလာကန့်သတ်ထားသည့်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ဦးသိန်းညွန့်မှာ ပြီးခဲ့သည့်ရက်ပိုင်းကပင် ဥရောပသမဂ္ဂ – EU က ဆန်ရှင်လုပ်ခံထားရသူလည်း ဖြစ်သည်။

• စမ်းချောင်းမြို့နယ်တွင် ယမန်နေ့ညပိုင်း အသွားအလာကန့်သတ်ထားသည့်အချိန်က အကြမ်းဖက်စစ်တပ် လက်နက်ကိုင် အဖွဲ့များက လက်နက်များရှိပါက လာရောက်အပ်နှံကြရန် လိုက်လံကြေညာခဲ့သည်။

• ယနေ့နံနက်အစောပိုင်းက ပုဇွန်တောင်နှင့် ဗိုလ်တထောင်လူငယ်များက ကားမှတ်တိုင်များတွင် NUG အစိုးရ ထောက်ခံ ကြောင်းစာများရေးသားကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း အရုဏ်ဦး ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• သာကေတတွင် လူငယ်အချို့က လိင်ဆက်ဆံရာတွင် အသုံးပြုသည့် ကွန်ဒုံးများကို ဘောလုံးသဖွယ် ပြုလုပ်၍ စစ်အုပ်စုခေါင်း ဆောင်ဓာတ်ပုံများ ထည့်သွင်းကာ "လူ့လောကထဲ ရောက်မလာသင့်သူများ" ဟူသည့် စာသားရေးဆွဲ၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြသည်။

• ဒဂုံတက္ကသိုလ်တွင် စစ်အုပ်စုက ခန့်အပ်ထားသည့် တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီကိုလက်မခံကြောင်းနှင့် ဆရာ၊ ကျောင်းသားနှင့် ဝန်ထမ်းသမဂ္ဂများ ပူးပေါင်း၍ ယာယီအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ ယမန်နေ့က လည်း ရန်ကုန်တက္ကသိုလ်တွင်လည်း ယာယီအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းထားပြီး ဖြစ်သည်။

• လှိုင်မြို့နယ်တွင် လူငယ်များက မီးရထားသံလမ်းများပေါ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• တောင်ဥက္ကလာပတွင် လူငယ်အချို့ "စစ်အာဏာရှင်စနစ် မုချကျဆုံးပါစေ"၊ "ငါတို့ကျောင်းသားငါတို့ပြန်ပေး" စသည့် စတေ ကာများကပ်ကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• မြောက်ဥက္ကလာပတွင်လည်း NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• စစ်တပ်အများအပြားရှိသည့် မင်္ဂလာဒုံတွင်လည်း လူငယ်များက NUG အစိုးရထောက်ခံကြောင်းကို အောင်သပြေများ ကိုင်ဆောင်ကာ ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• ကမာရွတ်၊ နာနတ်တောလမ်းပေါ်ရှိ မီးရထားကုန်းကျော်တံတားထိပ်တွင် အကြမ်းဖက်စစ်တပ်ဘက်က အဆိုပါတံတားထိပ်ရှိ ကမာရွတ်မြို့နယ် စုပေါင်းရုံးလုံခြုံရေးအတွက် အတားအဆီးများ ကာရံထားထားသည်။

• ရွှေပြည်သာတွင် လူငယ်အချို့က "လုံးဝအုပ်ချုပ်၍ မရစေရ" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ပျောက်ကြားသပိတ် ပြုလုပ်ခဲ့ သည်။

• အာဏာသိမ်း စစ်တပ်ဘက်က ရွှေ့လျားလုံခြုံရေးစနစ် ကျင့်သုံးကာ မြို့ပေါ်ရှိ နေရာအနှံ့အပြားတွင် အတားအဆီးများ ပြုလုပ်ကာ ဖြတ်သန်းသွားလာသည့်ကားများကို စစ်ဆေးလျက် ရှိသည်။ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့် နေရာများမှာ တောင်ဥက္ကလာပ သစ္စာလမ်းတံတား အတက်အဆင်း၊ ပုဇွန်တောင်မြို့နယ် YMBA အဆောက်အအုံရှေ့၊ ဆေးတက္ကသိုလ်များ ရှိရာ မင်းရဲကျော်စွာလမ်းတို့အပြင် အခြားနေရာအများအပြားတွင်လည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး

• ယမန်နေ့ ညနေပိုင်းက မန္တလေး ခုတင် ၃၀၀ သင်ကြားရေးဆေးရုံတွင် အကြမ်းဖက်စစ်အုပ်စုဘက်က CDM ဝန်ထမ်းများအား အတင်းအဓမ္မ ရွေ့ပြောင်းခိုင်းသည့်အပြင် လာရောက်ကူညီသူများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ CDM ဝင် သူနာပြုနှင့် အခြားအဆင့် ကျန်းမာရေးဝန်ထမ်းတစ်ဦး၊ ရွှေ့ပြောင်းရန်အတွက် ပြင်ပမှ သွားရောက်ကူညီပေးသည့် ဆရာဝန်တစ်ဦးတို့ ဖမ်းဆီးခံရသည့်အပြင် ကားလေးစီးလည်းသိမ်းဆည်းခံခဲ့ရသည်။ ဝန်ထမ်းများ ရွှေ့ပြောင်းရန် ပြင်ဆင်နေစဉ် စစ်အုပ်စုဘက်က နာမည်စာရင်းနှင့် ဝန်ထမ်းငါးဦးအား လာရောက်ရှာဖွေစဉ် မတွေ့ခဲ့သည့်အတွက် အသံဗုံးနှင့် ကျည်အစစ်များသုံးကာ ခြောက်လှန့်ပစ်ခတ်သဖြင့် ဝန်ထမ်းမိသားစုများနှင့် သွားရောက်ကူညီသူများပါ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

• မန္တလေး စက်မှုဇုန်တွင် စက်မှုစုပေါင်းသပိတ်စစ်ကြောင်းက လူအင်အား ရာနှင့် ချီ၍ စစ်အာဏာရှင်စနစ် ဇာတ်သိမ်းရေး သပိတ်ပြုလုပ် တိုက်ပွဲဝင်ခဲ့သည်။

• မန်း ရတနာပုံတက္ကသိုလ် ကျောင်းသား/သူ သပိတ်စစ်ကြောင်းကလည်း လူအင်အား ၁၀၀ ခန့်ဖြင့် "အကြမ်းဖက် ဖမ်းဆီးနေမှုများ ချက်ချင်းရပ်" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

• မန်းသံဃသမဂ္ဂစစ်ကြောင်းမှာလည်း ယနေ့နေ့လယ်ပိုင်းက လမ်းမကြီးများပေါ်တက်ကာ NUG အစိုးရ ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့ပြင် တမ္ပဝတီ၊ အ.ထ.က (၇) ကျောင်းသားဟောင်းများ သပိတ်စစ်ကြောင်းနှင့် အခြားသပိတ် စစ်ကြောင်းများ စုပေါင်းကာ စုပေါင်းသပိတ်စစ်ကြောင်းဖြင့်လည်း အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန် ဆန္ဒပြခဲ့ကြသည်။

• မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာတွင် မန်းတကသစစ်ကြောင်းတွင် ပါဝင်သူ လေးဦးအား ယနေ့နံနက် ၁၀ နာရီကျော်ခန့်က အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီးခံရသူ လေးဦးမှာ မန်းကွန်ပျူတာတက္က သိုလ်မှ မနွယ်နီလင်း၊ မိတ္ထီလာကွန်ပျူတာတက္ကသိုလ်မှ ကိုသာစိုး၊ မန်းဆေးတက္ကသိုလ်မှ မစကားဝါကိုနှင့် မန်းကွန်ပျူတာ တက္ကသိုလ်တွင် မဟာတန်းတက်နေသူ အမျိုးသားတစ်ဦးတို့ဖြစ်ကာ ၎င်းတို့ စုပေါင်းနေထိုင်သည့် တိုက်ခန်းအား သတင်း ပေးတိုင်ကြားမှုရှိသည့်အတွက် ယခုကဲ့သို့ လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိသည်။

• မန္တလေး ၅၈ လမ်း (၁၉ နှင့် ၂၀လမ်းကြား) ရှိ အ.ထ.က (ခွဲ) ၃၇ (ယခင် ၁၁ ကျောင်း) တွင် အကြမ်းဖက်စစ်အုပ်စုဘက်က ရွှေ့လျားလှည့်ကင်းများ ပြုလုပ်ရန်အတွက် ဝင်ရောက်တပ်စွဲထားသည်ဟု မြို့ခံတစ်ဦးက အတည်ပြုပြောဆိုသည်။ ထို့ပြင် မြို့လယ်ရှိ စစ်တပ်ပိုင် မြဝတီနှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင် လက်နက်ကိုင်လုံခြုံရေးများကို ယခင်အတိုင်း ထားရှိထားပြီး ညပိုင်းများတွင် သပိတ်နှင့် ပတ်သက်သူများကို ဖမ်းဆီးရာတွင် ကားများအား အဝေးတွင် ရပ်ထားကာ လမ်းလျှောက်ဝင် လာပြီး စစ်ဆေးဖမ်းဆီးမှုပုံစံမျိုး ပြုလုပ်လာသည်ဟုလည်း ဆိုသည်။

• မိတ္ထီလာတွင် CDM ပြုလုပ်နေသည့် ပညာရေးမိသားစုနှင့် အခြားဝန်ထမ်းများ၊ ဒေသခံပြည်သူများက စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ယနေ့နံနက်ပိုင်းကလည်း အင်အား ရာနှင့်ချီ စုပေါင်းကာ ဆန့်ကျင်တော်လှန် ဆန္ဒပြခဲ့ကြသည်။

• မိတ္ထီလာတက္ကသိုလ်တွင် ဆရာ/ဆရာမ၊ ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားဟောင်းများ ပါဝင်ကာ ယာယီတက္ကသိုလ် ဖွဲ့ စည်းကြောင်းနှင့် စစ်အာဏရှင်ဖီဆန်မှု ပြည်သူ့လှုပ်ရှားမှု CDM တွင် ပါဝင်နေသည့် ဆရာ/ဆရာမနှင့် ဝန်ထမ်းများကို ကာကွယ်ပေးခြင်းနှင့် လစာထောက်ပံ့ခြင်းများအပြင် အခြားလိုအပ်သည့်ကိစ္စရပ်များကိုပါ စီမံဆောင်ရွက်သွားမည်ဟု ထုတ် ပြန်ထားသည်။

• မြင်းခြံမြို့ပေါ်တွင် စစ်အုပ်စုလက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းမှုများ ဆက်တိုက်ရှိနေသည့်အတွက် မြို့ပေါ်သပိတ် စစ်ကြောင်း မထွက်နိုင်သော်လည်း မြင်းခြုံမြို့အနီးအနားရှိ ကျေးရွာများစုပေါင်းကာ လူအင်အားရာနှင့်ချီ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မိုးကုတ်မြို့ပေါ်တွင် စစ်အုပ်စုလက်နက်ကိုင်များက မြို့နေရာအနှံ့အပြားတွင် လုံခြုံရေးချ နေရာယူထားသည့်အတွက် ဒေသခံလူငယ်အချို့က ပျောက်ကြားသပိတ် ပြုလုပ်ကာ NUG အစိုးရထောက်ခံကြောင်းနှင့် အကြမ်းဖက်စစ်အုပ်စု အလိုမရှိ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ရှေးဟောင်းဒေသ ပုဂံတွင် ဒေသခံအင်အား ၂၀၀ ခန့်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ် ပြုလုပ်ခဲ့သည်။

• မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် ငွေအင်းလိပ်ဝပ်တောနှင့် ဂျိုစံပြကျေးရွာတို့တွင် ဒေသခံများက စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေး သပိတ်ပြုလုပ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီး

• ဖြူး၊ ကညွတ်ကွင်းတွင် ယနေ့နံနက်ပိုင်းက "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး" ဆိုင်းဘုတ်များ ကိုင်ကာ ဒေသခံများက အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• ယနေ့ နေ့လယ်ပိုင်းက ပဲခူး၊ မှော်ကန် (၁၁) လမ်းတွင် နေထိုင်သည့် ထွေအုပ်ရုံးမှ CDM ဝင်ထားသည့် အမျိုးသမီးဝန်ထမ်း တစ်ဦးက စစ်အုပ်စု အကြမ်းဖက်လက်နက်ကိုင်များက ဝင်ရောက်ဖမ်းဆီးသွားသည်။ ပဲခူးတွင် CDM ဝင် ထွေအုပ် ဝန်ထမ်း ၅၀ ခန့်ကိုလည်း အလုပ်က ထုတ်ပယ်ထားသည်။

• အုတ်တွင်းမြို့နယ်တွင် ဒေသခံများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး

• လူထုသပိတ်များ ပြန်လည်အားကောင်းနေသည့် ကလေးမြို့တွင် ယနေ့နံနက်ပိုင်းက လူငယ်အများစုပါဝင်သည့် ဒေသခံများက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက စစ်ကားလေးစီးဖြင့် ဖြိုခွဲရန် ရပ်ကွက်များအတွင်းထဲထိ ရောက်လာခဲ့သော်လည်း အချိ်နမီ လူစုခွဲနိုင်ခဲ့၍ ဖမ်းဆီးခံရမှု မရှိခဲ့ပေ။ ယမန်နေ့ ညနေ ပိုင်းက ကလေးမြို့၊ စမ်းမြို့ရပ်ကွက်တွင် သပိတ်တွင် ပါဝင်သည့် လူငယ်လေးဦးကိုလည်း အကြမ်းဖက်စစ်အုပ်စု လက်နက် ကိုင်များက အင်အားသုံး ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။ ထို့ပြင် အသွားအလာ ကန့်သတ်ထားသည့် ယမန်နေ့ည ၉ နာရီကျော်ကလည်း မြို့တွင်း၌ ခြောက်လှန့်ပစ်ခတ်မှုအချို့ကို အကြမ်းဖက် စစ်တပ်ဘက်က ပြုလုပ်သွားသည်ဟု ယနေ့ ညနေ ၅ နာရီခန့်တွင် ကလေးမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။

• ကလေးမြို့တွင် ညောင်ပင်သာရပ်ကွက်မှ CDM ဝင်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးပါတူး (ခ) ဦးဇာတုလျန်ကိုလည်း ယမန်နေ့ညပိုင်းက ၎င်းရှောင်တိမ်းနေသည့်နေအိမ်တွင် အကြမ်းဖက်စစ်အုပ်စုဘက်က ဝင်ရောက်ဖမ်းဆီးသွားသည်။

• ဆားလင်းကြီးမြို့နယ်၊ ဖောင်းကားကျေးရွာနေ ပြည်သူများ စုပေါင်း၍ "စစ်အာဏာရှင်စနစ် ကျဆုံးပါစေ" ဟု ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ရွှေဘိုတွင် အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်လျက်ရှိသဖြင့် နေ့စဉ် လမ်းပေါ် တက်နေသည့် ရွှေဘိုပင်မစစ်ကြောင်းမှာ ယနေ့နံနက်ပိုင်းတွင် ပျောက်ကြားစနစ်ဖြင့်သာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

• မြောင်မြို့နယ်၊ မကျီးဘုတ်ကျေးရွာတွင် ပြည်သူများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြ တော်လှန်ခဲ့ကြသည်။

• ကသာခရိုင်၊ ဗန်းမောက်တွင် NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေး ဆိုင်ကယ် သပိတ် ပြုလုပ်ခဲ့သည်။

• ပစ်ခတ်မှုများကြောင့် ဒေသခံများ ရွှေ့ပြောင်းနေရသည့် ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာတွင် တူမီးသေနတ် အလက် ၁၅၀ လာအပ်ပါက ရွာမှ ထွက်သွားပေးမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်တပ် လက်နက်ကိုင်များဘက်က လာရောက်ကမ်း လှမ်းမှုများ ရှိသည်ဟု ဒေသခံများထံက သိရသည်။ ကပိုင်ရွာအနီးတွင် လွန်ခဲ့သည့် ၃ ၇က်ခန့်ကတည်းက စစ်တပ်ဘက်က တပ်စွဲထားခြင်းဖြစ်ပြီး ရွာအတွင်းသို့လည်း အမျိုးသားများကို ဝင်ခွင့်မပြုဘဲ ပိတ်ဆို့ထားသည်ဟု သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လက်နက်ကိုင်စစ်တပ်ဘက်က အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဒေသခံများက ပြန်လည်ခုခံရာ နှစ်ဘက် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကာ စစ်တပ်ဘက် လက်နက်ကြီးများပါ သုံး၍ တိုက်ခိုက်သဖြင့် ကပိုင်အပါအဝင် ရင်ပေါင်တိုင်၊ မောက်လုပ်၊ ဆင်စွယ်၊ အထက်ငနန်း၊ အောက်ငနန်းအပါအဝင် အနည်းဆုံး ကျေးရွာကိုးခုမှ ဒေသခံများ ရှောင်ပြေးနေရသည်ဟု သိရသည်။

မကွေးတိုင်းဒေသကြီး

• ရေနံချောင်းတက္ကသိုလ်သည် CDM ဝင် ကျောင်းဖြစ်ပြီး စစ်ကျွန်ပညာရေးစနစ် အလိုမရှိသည့်အတွက် Student-s CDM လုပ်မည်ဖြစ်ကြောင်း တက္ကသိုလ်သမဂ္ဂက ထုတ်ပြန်လိုက်သည်။

• မကွေးတွင် ချင်းတိုင်းရင်းသားရိုးရာ အသုံးအဆောင်များတွင် စစ်အာဏာရှင်ကို တော်လှန်သော စာများရေးသားကာ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။

• ချောက်မြို့နယ်တွင် မြို့အဝင် ချောက်ရေနံမြေမှ ကြိုဆိုပါ၏ ဆိုင်းဘုတ်အောက်တွင် "NUG အစိုးရအား ထောက်ခံကြောင်း" ဆိုင်းဘုတ်ဆွဲကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လူမဲ့သပိတ် ပြုလုပ်ထားသည်။

တနင်္သာရီတိုင်းဒေသကြီး

• ရေဖြူ၊ ကံပေါက်တွင် သီလရှင်များအပါအဝင် ဒေသခံအင်အား ရာနှင့်ချီပါဝင်သော ပင်မသပိတ်စစ်ကြောင်းကြီးက ယနေ့နံနက်တွင်လည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန့်ကျင်တော်လှန် ဆန္ဒပြခဲ့ကြသည်။

• လောင်းလုံတွင်လည်း လူအင်အား ရာနှင့်ချီပါဝင်သော စစ်ပြဲနှင့် ညင်းမော်ကျေးရွာနှစ်ခု စုပေါင်းသပိတ်စစ်ကြောင်းက ကျေးရွာလမ်းများအတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် ပန်းဒလဲရွာတွင်လည်း ဆန္ဒဖော်ထုတ်များကို ဒေသခံများက ပြုလုပ်ခဲ့ကြသည်။

• ထားဝယ်အခြေစိုက် Dakkhina Insight သတင်းဌာနမှ သတင်းထောက် နိုင်လင်းထွန်းကို အကြမ်းဖက်စစ်အုပ်စု လက်နက် ကိုင်များက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဧရာဝတီတိုင်းဒေသကြီး

• ပုသိမ်မြို့တွင် ယနေ့နံနက် အစောပိုင်းက လမ်းဓာတ်တိုင်များတွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း စာရွက်များ လိုက်ကပ်ကာ အာရုဏ်ဦး လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• လပွတ္တာတွင် လူငယ်များက NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်

• ဘီးလင်း NLD အမတ်တစ်ဦးဖြစ်သည့် ဒေါ်သီရိရတနာကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားကြောင်း သတင်းများထွက် ပေါ်လျက်ရှိပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

• မော်လမြိုင်တွင် လူငယ်များက စစ်အာဏာရှင်စနစ် တော်လှန်ကြောင်းစာများ ပါဝင်သည့် "တော်လှန်မှတ်စု" အမည်ဖြင့် လက်ကမ်းစာစောင်များ ထုတ်ဝေကာ မြို့ပေါ်ရပ်ကွက်အချို့တွင် ဖြန့်ဝေလျက်ရှိသည်။

• မော်လမြိုင်မြို့ပေါ် ရပ်ကွက်အချို့တွင် လူငယ်များက "မော်လမြိုင်က ပစ်တိုင်းထောင်များ" ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• ပေါင်မြို့နယ်တွင် လူငယ်အချို့က NUG အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး - KNU ကို ထောက်ခံကြောင်း ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

ကရင်ပြည်နယ်

• မြို့တော် ဘားအံမြို့နယ်တွင်းရှိ အ.မ.က ကော့ကျိုက်တွင် CDM ဝင်နေသည့် မူလတန်းပြဆရာမ နန်းနွေးနွေးလှိုင်အား အဖမ်းအဆီးရှိသည်ဟူသည့် သတင်းများကြောင့် အိန္ဒုကျေးရွာတွင် သွားရောက်တိမ်းရှောင်စဉ် အကြမ်းဖက် စစ်အုပ်စုဘက်က အင်အား ၃၀ ကျော်၊ ကား ငါးစီးဖြင့် ဝင်ရောက်ဖမ်းဆီးသွားသည်ဟု သိရသည်။ ဘားအံ၊ ကမ်းနားလမ်းရှိ သူမနေအိမ်သို့ အကြမ်းဖက်စစ်တပ်က သွားရောက်ရှာဖွေစဉ် မတွေ့ရှိသဖြင့် မောင်ဖြစ်သူကို ဖမ်းဆီးကာ သူမ တိမ်းရှောင်နေသည့်နေရာအား လိုက်ပြခိုင်းပြီးနောက် ယမန်နေ့ညပိုင်းက ယင်းသို့ အင်အားသုံး ဖမ်းဆီးသွားခြင်း ဖြစ်သည်။

• ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့တွင် မြို့ခံလူငယ်များက မြို့အနီးအနားရှိ ကျေးရွာများသို့လှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• ကြာအင်းဆိပ်ကြီးမြို့နယ်အပိုင် ကျိတ်-ကွင်းကလေးကျေးရွာတွင် ဒေသခံများက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒ ဖော်ထုတ်ခဲ့သည်။

ကယားပြည်နယ်

• လွိုင်ကော်၊ ထေးငှားလျားနှင့် ဘာဒိုကျေးရွာရှိ လူငယ်များ ပူးပေါင်း၍ အင်အား ၁၀၀ ကျော်ဖြင့် စစ်အာဏာရှင်စနစ် အလို မရှိကြောင်း "အမျိုးသားထုသပိတ်" ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ နာနတ်တောရပ်ကွက်တွင်လည်း အကြမ်းဖက်စစ်အုပ်စုဘက်က ရပ်ကွက်အတွင်း ပြည်သူများ ဆောက်လုပ်ထားသည့် ခံတပ်အတာအးဆီးများကို အင်အားသုံး ဖယ်ရှားမှုများ ဆက်လက်ပြုလုပ်ခဲ့သည်။

• လွိုင်ကော်မြို့လယ်တွင် စစ်အာဏာရှင်ဆန့်ကျင်သော စာများ လိုက်လံကပ်နေသည့် လူငယ်သုံးဦးကို အကြမ်းဖက်စစ်အုပ် စုဘက်က ဖမ်းဆီးသွားသည်။

• ဒီးမော့ဆို စံပြကျေးရွာတွင် ဒေသခံအင်အား ထောင်နှင့်ချီ စုရုံးကာ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကချင်ပြည်နယ်

• ရွှေကူမြို့ အုပ်ချုပ်ရေး (စုပေါင်းရုံး) နှင့် အမှတ် (၂) စျေးအနီးတွင် ယမန်နေ့ည အသွားအလာကန့်သတ်ထားသည့် အချိန်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

• ဗန်းမော်မြို့၊ ဆင်ကုန်းရပ်ကွက်နေ မနှင်းဝေလှိုင်ဆိုသူအား ယမန်နေ့ ညပိုင်းက အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ရဲနှင့် စစ်ကား ရှစ်စီးဖြင့် အင်အား သုံးဖမ်းဆီးသွားကြောင်း သိရသည်။ ထို့ပြင် မြို့ပေါ်ရှိ ပုဂ္ဂလိကပိုင် ဆေးရုံ/ဆေးခန်း နှစ်ခုကိုလည်း CDM ဝင် ဆရာဝန်များအား လက်ခံကုသခွင့်ပေးသည့်အတွက် လုပ်ပိုင်ခွင့် ပိတ်သိမ်းလိုက်သည်ဟု သိရသည်။

• မြစ်ကြီးနားတွင် အကြမ်းဖက်စစ်အုပ်စုဘက်က အဖမ်းအဆီးများ ဆက်တိုက်ပြုလုပ်လာနေသော်လည်း မြစ်ကြီးနား အထွေ ထွေသပိတ်စစ်ကြောင်းမှာ ယနေ့တွင်လည်း လမ်းပေါ်တက်ကာ စစ်အာဏာရှင်စနစ်ကို တော်လှန်ဆန္ဒပြခဲ့ကြသည်။

• ဖားကန့်တွင် လုံးခင်းနှင့် ဆိုင်းတောင်ကျေးရွာအုပ်စုမှ ဒေသခံများပူးပေါင်း၍ NUG အစိုးရ ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် ဇာတ်သိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့ပြင် ဖားကန့်၊ အေးမြသာယာတွင်လည်း ဒေသခံများက စစ်အုပ်စု အလိုမရှိကြောင်းကို လုံခြုံရေးတင်းကြပ်မှုများရှိသည့်ကြားကပင် ဆက်လက်ပြုလုပ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• နမ္မတီးတွင် ပညာရေးမိသားစုများ ဦးဆောင်၍ ဒေသခံများအင်အား ရာနှင့်ချီ ပါဝင်သည့် ပင်မသပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• မိုးကောင်းတွင်လည်း ဒေသခံပြည်သူ ရာနှင့်ချီ စုဝေးကာ အနီရောင်ခမောက်များ ဆင်တူဆောင်း၍ အကြမ်းဖက်စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း တော်လှန်ဆန္ဒပြခဲ့သည်။

ရှမ်းပြည်နယ်

• သီပေါတွင် ဒေသခံများက စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေး အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• မူဆယ်တွင် မြို့ခံပြည်သူများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် "လုံးဝအုပ်ချုပ်၍ မရစေရ" ဟု ကြွေးကြော်သံများတိုင်ကာ ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့သည်။

• မူဆယ်မြို့ နာရီစင်အနီးတွင် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရမှု တစုံတရာ မရှိခဲ့ပေ။

• ဟိုပုံးတွင် ကျောင်းသားလူငယ်များက "သားတို့/သမီးတို့ အနာဂတ်လှပဖို့ အာဏာရှင်ကို အမြစ်ဖြတ်တိုက်ပေးပါ"  စာတန်းများကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ကျောက်မဲတွင် ဒေသခံများက ဆိုင်ကယ်စီးရေ ၁၀၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးရမည်ဟု ကြွေးကြော်ကာ ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်

• ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာပါက ပူးပေါင်းနိုင်ရန် ရည်ရွယ်ကာ ဖလမ်း၊ ကလေး-ကဘော်ဒေသ ချင်းလူငယ်များနှင့် နိုင်ငံတကာရောက် ချင်းလူမျိုးများ ပူးပေါင်း၍ ချင်းအမျိုးသားအဖွဲ့ချုပ် - CNO နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - Chin National Defense Force ကို ဖွဲ့စည်းလိုက်သည်။

နေပြည်တော်

• နေပြည်တော်၊ ပျဉ်းမနားတွင်လည်း ဒေသခံများက နေ့စဉ်ရက်ဆက် ဆိုင်ကယ်သပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်လျက်ရှိသည်။

ဧပြီ ၂၂ သုံးသပ်ချက်

• ရန်ကုန်မြို့တွင် သပိတ်များ ဆက်ရှိနေသလို အကြမ်းဖက်စစ်အုပ်စုဘက်ကလည်း လုံခြုံရေးအစီအမံများအား အားကောင်း ကောင်းဖြင့် ဆက်လက်ပြုလုပ်လျက်ရှိကာ ထူးခြားချက်အနေဖြင့် ပေါက်ကွဲမှုနှင့် မီးလောင်မှုများ မကြာခဏရှိနေသည့် စမ်းချောင်းမြို့နယ်တွင် လက်နက်များရှိပါက လာအပ်နှံကြရန် လိုက်လံကြေညာမှုများ ရှိလာခဲ့သည်။ အကြမ်းဖက်စစ်အုပ် စုဘက်က လုံခြုံရေးများ တင်းတင်းကျပ်ကျပ်ထားကာ လိုက်လံဖမ်းဆီးမှုများကို အင်အားသုံး၍ ဆက်တိုက်လုပ်လာဖွယ်ရှိပြီး တန်ပြန်ခုခံနိုင်မှုများအတွက် ကြိုတင်စီမံလျက်ရှိသည်ဟု သုံးသပ်နိုင်သည်။

• မန္တလေးတွင် သပိတ်ကြီးများ အားကောင်းနေသလို စစ်အုပ်စုဘက်ကလည်း သတင်းပေးဒလန်များ အသုံးပြု၍ ပိုက်စိတ် တိုက်ရှာဖွေမှုများကို ပြုလုပ်လျက် ရှိသည်။ စစ်တပ်ဘက်က သပိတ်ငြိမ်သက်နေသည့် မြို့ပေါ်ရပ်ကွက်များရှိ ကျောင်းများတွင် နေရာပြောင်းရွေ့ တပ်စွဲလာကာ သပိတ်များ လုံးဝငြိမ်သက်ရေးနှင့် သပိတ်ခေါင်းဆောင်များ ပိုက်စိတ်တိုက် ရှာဖွေရေး ကို ပိုမိုလုပ်ဆောင်လာဖွယ် ရှိသည်။

• နယ်မြို့ကြီးများတွင် မြို့ပေါ်သပိတ်များထက် မြို့နီးစပ်ကျေးရွာသပိတ်များ ပိုမိုအားကောင်းလာကာ မြို့ပေါ်သပိတ်များ မရှိရေးကို စစ်အုပ်စုဘက် ပိုမိုလိုလားဟန် ရှိသည်။ ခုခံအားကောင်းသည့် နေရာများတွင် အင်အားသုံးဖြိုခွဲသည့်ပုံစံကို ဆက် တိုက်ကျင့်သုံးရန် စစ်အုပ်စုဘက်က ဦးတည်ချက်ထား လုပ်ကိုင်နေပြီး သပိတ်အင်အားနည်းသွားသည့် နေရာများတွင် အုပ်ချုပ်ရေး ဝင်စီးနိုင်ရန်ထက် သပိတ်တွင် ပါဝင်သူများအား သတင်းပေး၍ သုံး၍ ဖမ်းဆီးနိုင်ရေးကိုသာ ဦးစားပေးလုပ်လာ နိုင်သည်။

• အကြမ်းဖက်စစ်အုပ်စုက ယခုရက်ပိုင်းအတွင်း သပိတ်များအား ဖြိုခွဲရေးထက် သပိတ်နှင့် CDM ခေါင်းဆောင်များ ဖမ်းဆီးရေးနှင့် အာဆီယံအစည်းအဝေးကို ပိုအာရုံစိုက်နေသည်။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများ အကျအဆုံးများ ရှိနေသော်လည်း သပိတ်များ ဖြိုခွဲရေးနှင့် အုပ်ချုပ်ရေး စတင်နိုင်ရန်အတွက် အင်အားသုံးနေရသည့်အတွက် ယခင် စစ်အုပ် စုလုပ်နေကြ အင်အားအလုံးအရင်းသုံး ထိုးစစ်ဆင်မှုများ မစတင်နိုင်သေးသည်ကို တွေ့ရသည်။ မြို့ကြီးများပေါ်တွင် ယခင်က မြင်နေရသည့် စစ်နှင့် ရဲကားကြီးများ သုံးကာ အင်အားပြမှုအစား ၎င်းတို့ အကျိုးစီးပွားနှင့် ပတ်သက်သည့် အဆောက် အအုံနှင့် ဒေါက်တိုင်များအတွက် အင်အားအနည်းငယ်စီဖြင့် ကာကွယ်နေရသည့်အတွက် အင်အားပြန့်နေလျက် ရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required