စစ်ကောင်စီရဲ့ စခန်းများ သိမ်းပိုက်နိုင်ခဲ့ဟု KIA ပြော

စစ်ကောင်စီရဲ့ စခန်းများ သိမ်းပိုက်နိုင်ခဲ့ဟု KIA ပြော

ဧပြီ ၂၂

ကချင်ပြည်နယ်တစ်ဝှမ်း စစ်ကောင်စီရဲ့အရေးပါတဲ့ တပ်စခန်းတစ်ခုဖြစ်ခဲ့တဲ့ အလော့ဘွန်းအပါအဝင် တပ်စခန်းတစ်ချို့ကို  သိမ်းယူထားနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO / KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဗိုလ်မှူးကြီးနော်ဘူက “ တချို့တွေကပြောချင်တာက ကာကင်းတွေ၊ ခဏတစ်ဖြုတ်နေတဲ့ တပ်စခန်းတွေ ဒီလိုမျိုးလည်းရှိပါတယ်။ အဲ့တာကြောင့် ဒီလကုန်ပိုင်းလောက်မှာဆိုရင်လည်း အတည်ပြုပြီးမှ ပြောလို့ရမှာပါ။ အခုလောလောဆယ်က အွန်လိုင်းကပြောသလောက်ပဲရှိပါတယ်။

ကျွန်တော်တို့ဆီမှာ တပ်စခန်းတွေကိုသိမ်းတယ်ဆိုတာကတော့ သိပ်ပြီးတော့မများပါဘူး ” လို့ပြောပါတယ်။

တစ်ချို့တပ်စခန်းတွေကတော့ KIA က ထိုးစစ်ဆင်လို့မဟုတ်ဘဲ အထိနာနေပုံရတဲ့ စစ်ကောင်စီရဲ့တပ်တွေက သူ့ဘာသာ ဖယ်သွားတာမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။ ဖားကန့်ဘက်မှ ာ ရဲကင်းစခန်းတစ်ချို့ကို သိမ်းယူတာရှိပေမယ့် စခန်းအထိုင်ချတာမျိုးမလုပ်ဘူးလို့ ဆိုပါတယ်။

KIA က သိမ်းယူခဲ့တဲ့အထဲ အလော့ဘွန်းစခန်းတိုက်ပွဲဆိုရင် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ပါ အင်အားသုံးခဲ့ပေမဲ့  လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီဘက်က အကျအဆုံးများခဲ့ပြီး  အုပ်စုလိုက် လက်နက်ချမှုတွေရှိခဲ့တယ်လို့ ကချင်ဘက်က ဖေ့စ်ဘွတ်လှုမူကွန်ရက်စာမျက်နှာတွေမှာ တွေ့ရပါတယ်။ 

ဗိုလ်မှူးကြီးနော်ဘူက အသေးစိတ်မပြောပေမဲ့ “  တကယ်လို့များ လက်နက်ချတာ၊ လက်မြှောက်တာရှိပြီဆိုရင်တော့ ဂျီနီဗာကွန်ဗန်းရှင်းစည်းမျဉ်းစည်းကမ်းအတိုင်းလုပ်ရမှာဖြစ်ပါတယ်” လို့ဆိုပါတယ်။

ထူးထူးကဲကဲ ထိုးစစ်ဆင်နေတဲ့ KIA နဲ့ ဆွေးနွေးဖို့ မတ်လတုန်းက မြေပြန့်ဒေသမှာ လူထုအုံကြွဆန္ဒပြမှုတွေနဲ့ ဗျာများနေသလို တစ်ခြားဒေသတစ်ချို့မှာလည်း တိုက်ပွဲတွေကြုံနေရတဲ့ စစ်ကောင်စီဘက်က ကမ်းလှမ်းခဲ့တာမှာ KIA က ရွှေ့ဆိုင်းခဲ့ပါတယ်။ မတ်လ ဒုတိယပတ်အတွင်း တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အခြေအနေတွေကလည်း ပိုမို တင်းမာလာခဲ့ပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဦးလမိုင်ဂွန်ဂျာက “အာဏာသိမ်းပြီး နောက်ပိုင်းမှဖြစ်လာတဲ့ပုံကိုကြည့်မယ်ဆိုရင် သူတို့ (KIA) လည်း စစ်မျက်နှာတွေဖွင့်ပြီးတော့မှ ပတ်ပတ်လည် တစ်နေရာတည်းမဟုတ်ဘူး။" လို့ ပြောရင်း စစ်ကောင်စီဘက်ကပြန်လည် စစ်အင်အားတိုးချဲ့မှုတွေလုပ်နေတာကြောင့်  နောက်ထပ်စစ်ပွဲတွေ " ဆိုးဆိုးရွားရွားပေါ့လေ။ ဆိုလိုတာက နည်းနည်းပြင်းပြင်းထန်ထန်ဖြစ်လာနိုင်တဲ့ အရိပ်အယောင်တော့မြင်တယ်ဗျ” လို့ ဆိုပါတယ်။

 ဧပြီလ ၂၁၊ ၂၂ ရက်တွေမှာတော့ တိုက်ပွဲကြီးကြီးမားမားဖြစ်ပွားတာမရှိသေးကြောင်းလည်းသိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required