နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၀ ဧပြီ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၀ ဧပြီ ၂၀၂၁)
(Photos: : AFP – ဧပြီလ (၂၀)ရက်၊ ထားဝယ်မြို့ရှိ ဒေသခံပြည်သူများသည် အကြမ်းဖက်စစ်အာဏာရှင်အားအလိုမရှိကြောင်း ကြာပန်းများကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်သည့်မြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

• မရမ်းကုန်းတွင် လူငယ်အချို့က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ – NUG အား ထောက်ခံကြောင်း စာသားများကို အရုပ်များဖြင့် ပြုလုပ်၍ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• တွံတေးတွင်လည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်းနှင့် CRPH/NUG အား ထောက်ခံကြောင်း အိမ်တွင်းသပိတ် ပြုလုပ် ခဲ့သည်။

• သာကေတ အထက (၁) ကျောင်းရှေ့မျက်နှာစာတွင် CDM မလုပ်ဘဲ အကြမ်းဖက်စစ်အုပ်စုက ပေးနေသည့် မွမ်းမံသင်တန်းများ မတက်ရောက်ရန် ဗီနိုင်းနှင့် စာများကို ကျောင်းသားများက ကပ်ထားခဲ့သည်။ ထို့ပြင် လူငယ်အချို့ကလည်း လူစည်ကားရာနေရာများတွင် "R2P ကိုလည်း ကြိုမယ်၊ ကိုယ်တိုင်လည်း တိုက်ကြမည်၊ "အာဏာရှင်ကို မောင်းထုတ်စို့" စာသားပါ စာရွက်များကို လူစည်ကားရာနေရာများတွင်ကပ်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။

• လှိုင်သာယာတွင် လူငယ်အချို့က "ဖက်ဒရယ်ဒီမိုကရေစီ" ရရှိရေး ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။ ထို့ပြင် လူငယ်အချို့ကလည်း NUG ထောက်ခံကြောင်း သပိတ် ပြုလုပ်ခဲ့သည်။

• မြောက်ဥက္ကလာပတွင် လူငယ်အချို့က ပိုက်ဆံများပေါ်တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း စာများ ရေးသားကာ ပိုက်ဆံသပိတ် ပြုလုပ်ခဲ့သည်။

• ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်တွင် ယနေ့ နေ့လယ် ၁၂ နာရီခန့်က ဗုံးတွေ့ရှိသည်ဟုဆိုကာ အကြမ်းဖက်စစ်တပ်က အဆိုပါ ပတ်ဝန်းကျင်အား ပိတ်ဆို့၍ ရှင်းလင်းဖယ်ရှားခဲ့ရာ နေ့လယ် ၁ နာရီခန့်တွင် ပြီးဆုံးသွားသည်ဟု သိရသည်။

• အင်းစိန်၊ ဆယ်မိုင်ကုန်းတွင် လူငယ်အချို့က ရောင်စုံစက္ကူဖြင့် ကြိုးကြာရုပ်များ ခေါက်ကာ အရုပ်များပေါ်တွင် စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ကြောင်း စာသားများရေး၍ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• ရန်ကုန်မြို့ပေါ် လူစည်ကားရာ နေရာများနှင့် လမ်းဆုံလမ်းခွများတွင် အကြမ်းဖက်စစ်အုပ်စု လုံခြုံရေးတပ်ဖွဲ့များက ကားများအား တားဆီးစစ်ဆေးမှုကို မပြတ်ပြုလုပ်လျက် ရှိသည်။

• ဖမ်းဆီးခံရသူများအား လွတ်မြောက်ရေးအတွက် ဧပြီလ ၂၁ ရက်တွင် ထောင်ကို ကိုယ်စားပြုသည့် အပြာရောင်အိင်္ကျီဝတ် ဆင်ကာ လက်ဖဝါးတွင် ဖမ်းဆီးခံရသူများ နာမည်ရေးထိုး၍ ဆိုရှယ်မီဒီယာပေါ်တွင် Profile ပြောင်းကြရန် တိုက်တွန်း နှိုးဆော်ထားသည်။

• ကမာရွတ်၊ ရွာမကျောင်းလမ်းတွင် လူငယ်အချို့က အနက်ရောင်အိင်္ကျီများ ဆင်တူဝတ်ဆင်ကာ စစ်အာဏာရှင်စနစ် ဆန့် ကျင်ကြောင်း သံချပ်များတိုင်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး

• ယမန်နေ့ ညနေနှင့် ညပိုင်းများက မန္တလေးသပိတ်ဦးဆောင်သူ တစ်ဦးဖြစ်သည့် ကိုတေဇာစန်း၏ ယခင်နေခဲ့ဖူးသည့် မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာရှိ တိုက်ခန်းသို့ အကြမ်းဖက်စစ်အုပ်စုဘက်က နှစ်ကြိမ်တိုင် လာရောက်စစ်ဆေးခဲ့ပြီး စစ်၊ ရဲ အပြင် အရပ်ဝတ်လက်နက်ကိုင်များလည်း ပါရှိသည်ဟု သိရသည်။ ဒေါက်တာတေဇာစန်းအား ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသဖြင့် ၎င်းအား ဝိုင်းဝန်းဖမ်းဆီးခြင်း၊ သတင်းပို့ခြင်းပြုလုပ်ပါက ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်မည်ဟု ဆုငွေထုတ်ဖမ်းဆီးရန် အကြမ်းဖက်စစ်အုပ်စုဘက်က လုပ်ဆောင်လျက်ရှိသည်။ ယမန်နေ့ နံနက်ပိုင်းကလည်း အဆိုပါအိမ်ရာအနီး အမှိုက်ပုံတွင် ဦးခေါင်းပွင့်ထွက်ကာ ခနွ္ဓာကိုယ်တွင်လည်း ရိုက်နှက်ခြင်းနှင့် မီးရှို့ခံထားရသည့် ဒဏ်ရာများဖြင့် အသက် ၄၀ ကျော်ခန့်အရွယ် သက်မဲ့အလောင်းတစ်ခုအား ကားနှစ်စီးဖြင့် လာရောက်ပစ်ထားသည်ဟု သိရသည်။

• ယနေ့ နံနက် ၁၁ နာရီကျော်ကလည်း မန္တလေး ၈၆ လမ်းနှင့် လမ်း ၄၀ ထောင့်တွင် အကြမ်းဖက်စစ်အုပ်စု လုံခြုံရေး အဖွဲ့များက အင်အားအများအပြားဖြင့် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများထံက သိရသည်။

• ပစ်ခတ်မှုများရှိခဲ့သည့် မြင်းခြံတွင် ယနေ့ နံနက် ၉ နာရီခွဲခန့်ကစ၍ မြို့လယ်တွင် အကြမ်းဖက်စစ်အုပ်စုဘက်က အင်အား ပြသည့်အနေဖြင့် လုံခြုံရေးတင်းကြပ်ထားကာ အချို့လမ်းများတွင် လမ်းလွှဲမှသွားရန် ခိုင်းစေခြင်းများ ပြုလုပ်လျက်ရှိပြီး အသွားအလာလည်း ရှင်းနေသည်ဟု မြင်းခြံမြို့ခံတစ်ဦးက နေ့လယ်၁၂ နာရီတွင် အတည်ပြု ပြောဆိုသည်။

• အကြမ်းဖက်စစ်အုပ်စုက ကားဖြင့်တိုက်ကာ ပစ်ခတ်ဖမ်းဆီးမှုများ လုပ်ဆောင်နေသော်လည်း ယနေ့နံနက်ပိုင်းတွင် ဘုရားကြီးငြိမ်းချမ်းရေး၊ တမ္ပဝတီ၊ ဗကသ၊ ပညာရေးမိသားစုနှင့် အထက (၇) ကျောင်းသား/သူဟောင်းများ သပိတ်စစ်ကြောင်းတို့က လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြ တော်လှန်ခဲ့ကြသည်။

• မန်းအခြေစိုက် တကသ သပိတ်စစ်ကြောင်းဦးဆောင်ကာ ကျောင်းသားများက ယနေ့ နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်က လာရောက်ဖြိုခွဲရန် သတင်းရရှိခဲ့သဖြင့် လူစုခွဲခဲ့ရသည်။

• မန်းအင်ဂျင်နီယာ ဆိုင်ကယ်သပိတ်စစ်ကြောင်းကလည်း လိုက်လံဖမ်းဆီးမှုများ ရှိသည့်ကြားကပင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ကာ အောင်မြင်စွာ လူစုခွဲနိုင်ခဲ့သည်။

• မိုးကုတ်တွင် အကြမ်းဖက်စစ်အုပ်စုက ဘူဒိုဇာများ သုံးကာ ပြည်သူများဆောက်လုပ်ထားသည့် သပိတ်ခံတပ်များကို အင်အားသုံး ဖယ်ရှားလျက်ရှိသည်။ အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်မှုကြောင့် ယခင်ရက်က လူငယ်နှစ်ဦး ကျဆုံးခဲ့ပြီးနောက် ခံတပ်များရှိရာ ရပ်ကွက်များရှိ ဘုရားဝန်းများတွင် တပ်စွဲခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို ခံတပ်အတားအဆီးများကို အလျင်အမြန် ဖယ်ရှားနေခြင်းလည်း ဖြစ်သည်။ မိုးကုတ်အနောက်ပိုင်းရပ်ကွက်များ သပိတ်စစ်ကြောင်းမှာမူ လူအင်အား ၁၀၀ ကျော်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့သည်။

• မိုးကုတ်မြို့ သပိတ်ခေါင်းဆောင်နှင့် ယခင်အုပ်ချုပ်ရေးမှူးဟောင်း လုပ်ခဲ့သူ ဦးစိုးမြင့်နေအိမ်အား အကြမ်းဖက်စစ်တပ်က သော့များရိုက်ဖျက်ကာ နေအိမ်အတွင်းရှိ ပရိဘောဂများကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ဦးစိုးမြင့်သည် စစ်တပ်အာ ဏာသိမ်းပြီးနောက် ဆက်လက်တာဝန်မထမ်းဆောင်လိုဟုဆိုကာ အုပ်ချုပ်ရေးမှူးအဖြစ်က နုတ်ထွက်ထားသူလည်း ဖြစ်သည်။

• မြစ်သားနှင့် ကျောက်ဆည်မြို့နယ်ကြားရှိ ကျောက်ဆောင်၊ ဒရယ်ကောင်းနှင့် သိုတန်ရွာတို့တွင် စစ်အာဏာရှင်ဆန့်ကျင် ကြောင်း လူထုသပိတ်များ ပြုလုပ်ခဲ့သည်။

• မိတ္ထီလာတွင် ပညာရေးမိသားစု၊ ကျောင်းသားသမဂ္ဂနှင့် ဖယ်ဒရယ်အလံများ လွှင့်ထူကာ "တပ်မတော် အလင်းဝင်ပါ" ဆိုင်းဘုတ်များ ကိုင်ဆောင်၍ အင်အား ရာနှင့်ချီဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ညောင်ဦး၊ ရှေးဟောင်းဒေသ ပုဂံတွင် ဒေသခံအင်အား ၁၀၀ ခန့်က စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်က လာရောက်သည့်အတွက် လူစုခွဲခဲ့ရသည်။

• မန္တလေးတွင် ယနေ့ ညနေ ၄ နာရီခွဲအချိန်အထိ မြို့ပေါ်နေရာအချို့တွင် အကြမ်းဖက်စစ်အုပ်စုဘက်က ဆိုင်ကယ်နှင့် လမ်း သွားလမ်းလာများကို ခေါ်ယူစစ်ဆေးရာတွင် ဖုန်းတွင်းရှိ ဓာတ်ပုံများကို အဓိက စစ်ဆေးနေပြီး မြို့ပေါ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးရုံးများတွင်မူ လုံခြုံရေးတင်းကြပ်ထားသည်။ ထို့ပြင် လမ်းကျဉ်းများတွင် ရှိသည့် အုပ်ချုပ်ရေးရုံးများတွင်မူ လမ်း ပိတ်ဆို့ထားကာ အသွားအလာ ကန့်သတ်ထားသည်ဟုလည်း မန္တလေးမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။

ပဲခူးတိုင်းဒေသကြီး

• ပဲခူးမြို့တွင် ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ပေးရေးနှင့် "ငါတို့အလှည့် ကျန်သေးတယ်" စာသားများ စိုက်ထူကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• ယနေ့ နံနက်ပိုင်းက ပဲခူး၊ ဘုရားကလေးကျေးရွာ၊ ဒေးစွန်ပါသာသနာ့နယ်မြေအတွင်းရှိ ဘုန်းကြီးကျောင်းများတွင်  CDM ဝန်ထမ်းနှင့် ဆန္ဒပြသူများ လာရောက်နေထိုင်သည်ဟုဆိုကာ အကြမ်းဖက်စစ်အုပ်စု လုံခြုံရေးအဖွဲ့များက ဝင်ရောက်ရှာဖွေလျက်ရှိသည်ဟု သိရသည်။

• အုတ်တွင်းမြို့တွင် ဒေသခံအချို့က ဆိုင်ကယ်များဖြင့် မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ပဲခူး၊ ဒိုက်ဦမြို့နယ်၊ လက်ခုပ်ကွင်းကျေးရွာတွင် ဒေသခံပြည်သူများက စစ်အာဏာသိမ်းမှု မလိုရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဒိုက်ဦးမြို့ပေါ်တွင်လည်း ယနေ့ နေ့လယ် ၂ နာရီခွဲခန့်တွင် လူငယ်အချို့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာရွက်များကို ဆိုင်ကယ်များဖြင့်ပတ်၍ မြို့ပေါ်လမ်းမများပေါ်၌ ကြဲချခဲ့သည်။

• ပေါင်းတည်တွင် အိမ်ရှင်မအချို့က NUG အစိုးရအား ထောက်ခံကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး

• မုံရွာ၊ အောင်ချမ်းသာရပ်ကွက်ရုံးတွင် အသွားအလာကန့်သတ်ထားသည့် ယမန်နေ့ည ၁၁ နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လောင်ကျွမ်းရသည့် အကြောင်းအရင်းကို မသိရသေးဘဲ အဆိုပါညပိုင်းတွင် ဒေသခံနှစ်ဦးအား အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားသည်ဟု သိရသည်။

• မုံရွာပင်မသပိတ်စစ်ကြောင်းမှာ ယနေ့နံနက်အစောပိုင်းက NUG အစိုးရ ထောက်ခံကြောင်းနှင့် အာဆီယံအနေဖြင့် မြန်မာပြည်သူများဘက်မှ ရပ်တည်ပေးရန် စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• မုံရွာ၊ အမြင့်တိုက်နယ်ကျေးရွာများတွင် ပြုလုပ်နေသည့် သပိတ်များတွင် ဦးဆောင်ပါဝင်နေသူတစ်ဦးဖြစ်သည့် ကိုဖြိုးဝေလျှံ နေအိမ်အား ၎င်းမရှိခိုက်တွင် အကြမ်းဖက်စစ်အုပ်စုက စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ လူကို မဖမ်းဆီးနိုင်သည့် အတွက် ကွန်ပျူတာ၊ ဖုန်း၊ တီဗီ၊ ဆောင်းဘောက်စ်နှင့် စာအုပ်စာတမ်းများအပြင် နေအိမ်ရှိ ဆန်သုံးအိတ်နှင့် အစားအစာ များကိုလည်း အကြမ်းဖက်သိမ်းယူသွားသည်။

• ကသာမြို့တွင် ဒေသခံများက ကမ်းနားလမ်းနှင့် ညစျေးလမ်းများတွင် လှည့်လည်ကာ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• ရွှေဘိုတွင် ပညာရေးမိသားစုနှင့် ဒေသခံများ ပါဝင်သည့် ပင်မသပိတ်စစ်ကြောင်းကလည်း လူအင်အား အများအပြားဖြင့် လမ်းပေါ်တက်ကာ စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြသည်။ ထိုသို့ သပိတ်ပြုလုပ်ပြီး ခေတ္တနားနေစဉ် အကြမ်းဖက်စစ် အုပ်စုဘက်က လုံခြုံရေးများ ရောက်ရှိလာကာ ဖမ်းဆီးဖြိုခွဲခဲ့သဖြင့် အနည်းဆုံး ဆန္ဒပြသူ ၄၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။

• ကလေးမြို့တွင် လူငယ်နှင့် ဒေသခံများက စစ်ကြောင်းသုံးကြောင်းခွဲကာ စစ်တပ် အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ကန့်ဘလူတွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ - ISP Myanmar မှ ကိုအောင်မျိုးထက် (The Voice နှင့် တနင်္သာရီဂျာနယ် သတင်းထောက်ဟောင်း) အား လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် အကြမ်းဖက်စစ်တပ် လုံခြုံရေးအဖွဲ့ များက ဝင်ရောက်ဖမ်းဆီးသွားသည်။

• စစ်ကိုင်း၊ ဧရာဝတီမြစ်နံဘေး ရွှေတောင်ဦးမော်စေတီ လက်ရမ်းများတွင် ဒေသခံများက စစ်အုပ်စုကို ဆန့်ကျင်သည့် စာသားများ ဆိုင်းဘုတ်များ ချိတ်ဆွဲ၍ အကြမ်းဖက်စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြသခဲ့သည်။

မကွေးတိုင်းဒေသကြီး

• ရေစကြိုတွင် ဒေသခံ ကြက်သွန်စိုက်တောင်သူများက အကြမ်းဖက်စစ်အုပ်စု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်ခရိုင်၊ ရေဖြုမြို့နယ်၊ ကံပေါက်တွင် ယခင်ရက်များအတိုင်း ဒေသခံအင်အား ၁၀၀ ကျော်ဖြင့် ဖမ်းဆီးခံခေါင်းဆောင်များနှင့် နိုင်ငံရေးတက်ကြွသူများကို လွှတ်ပေးရေး၊ စစ်အာဏရှင်စနစ် အပြီးတိုင် ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။

• ထားဝယ်တွင် အင်ဂျင်နီယာနှင့် နည်းပညာကျောင်းသားများ၊ ပညာရေး၊ LGBT နှင့် ဒေသခံများ စုပေါင်းသပိတ်စစ်ကြောင်း ဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ထားဝယ်နှင့် သရက်ချောင်းမြိုန့ယ် ဆက်သွယ်ထားသည့် ရွှေဂူတံတားအနီးတွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ယင်းတံတားအနီး အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ သင်းကျွန်းကျေးရွာမှ ဒေသခံလင် မယားနှစ်ဦးအား ၎င်းတို့အိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

• လောင်းလုံမြို့နယ်၊ ပန်းဒလဲကျေးရွာတွင် သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့သည်။ ထို့ပြင် ဝဗြောကျေးရွာတွင်လည်း ဒေသခံများက စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း သံချပ်ထိုး၍ ဆန္ဒပြခဲ့ကြသည်။ အင်းဇောက် ကျေးရွာတွင်လည်း သပိတ်စစ်ကြောင်းထွက်ကာ အာဏာရှင်ဆန့်ကျင်ရေး ခမောက်သပိတ် ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး

• ပုသိမ်မြို့၊ တံတားသစ်အောက်တွင် အကြမ်းဖက်စစ်အုပ်စုဘက်က NLD ပါတီကို ထိုးနှက်တိုက်ခိုက်သည့် ဝါဒဖြန့်လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လိုက်လံဝေငှလျက် ရှိသည်။ ထို့ပြင် မြို့ခံလူငယ်များက လူစည်ကားရာ နေရာနှင့် စျေးများရှေ့တွင် ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ပေးရေးနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း လှည့်လည်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

 • မြောင်းမြအခြေစိုက် အလွတ်တန်းတင်းထောက် ကိုရဝေမောင်အား အကြမ်းဖက်စစ်အုပ်စုဘက်က ပြောစရာရှိသည်ဟုဆိုကာ ခေါ်ယူသည့်အတွက် သွားရောက်စဉ် ပုဒ်မ ၅၀၅ (က) ဖြင့် တိုင်ကြားထားသည့်အတွက် ဖမ်းဆီးထားလိုက်ကြောင်း သိရသည်။

မွန်ပြည်နယ်

• ပေါင်မြို့နယ် အရှေ့ဘက် ကျေးရွာများတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းကို ဆိုင်ကယ်သပိတ်ကို ဒေသခံများက ပြုလုပ်ကာ ကျေးရွာများအတွင်း လှည့်လည်ခဲ့ကြသည်။

• မော်လမြိုင်တွင် လူငယ်အချို့က စစ်အာဏာရှင်ဆန့်ကျင်သော စာသားများကို ဖုန်း LED များ ပြုလုပ်၍ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သည်။

ကရင်ပြည်နယ်

• ကရင်အမျိုးသားအစည်းအရုံး - KNU လက်အောက်ရှိ တပ်မဟာ (၅) ရှိရာ မူတြော်ခရိုင်တွင် အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခြင်းမှာ NCA စာချုပ်ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်သည့်အတွက်ဟု စွပ်စွဲထားခြင်းမှာ မမှန်ကြောင်းနှင့် စစ်တပ်ဘက်ကသာ အကြိမ်ကြိမ် ကျူးလွန်နေခြင်းသာဖြစ်ကြောင်း KNU တပ်မဟာ (၅) က တုံ့ပြန်လိုက်သည်။

• ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့်အနေဖြင့် စစ်အုပ်စုခေါင်းဆောင် အား ပြည်သူများက တရားစီရင်သည့်ပုံစံဖြင့် သပိတ်ပြုလုပ်ခဲ့သည်။

ကယားပြည်နယ်

• လွိုင်ကော်ဒေသခံများ ဦးဆောင်၍ ရှမ်းပိုင်းရပ်ကွက် လမ်းမကြီးများပေါ်တွင် စစ်အာဏာရှင်ကို တော်လှန်သော စာသားများပါသည့် စက္ကူအလံများ လွှင့်ထူကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ခဲ့ကြသည်။

• ယနေ့ နံနက်ပိုင်းက လွိုင်ကော်၊ နာနတ်တောရပ်ကွက်တွင် အကြမ်းဖက်စစ်တပ် လက်နက်ကိုင်လုံခြုံရေးအဖွဲ့များက ရပ်ကွက်တွင်းဝင်ကာ ဒေသခံအချို့၏ နေအိမ်များသို့ ဝင်ရောက်စစ်ဆေးပြီး ဖုန်းနှင့် လက်ပတ်နာရီများ အတင်းအဓမ္မယူ ဆောင်သွားသည့်အပြင် ရပ်ကွက်အတွင်း၌လည်း တပ်စွဲထားသည်ဟု သိရသည်။

• ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်တွင် လူငယ်များ စုပေါင်းကာ "လူသတ်စစ်ကောင်စီကို အပြီးတိုင်တော်လှန်ကြ"  အပါအဝင် တော်လှန်ရေး စာသားများ ရေးသားထားသော ဆိုင်ဘုတ်းများထိုင်ကာ ငါးမျှားသပိတ် ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်

• မိုးကောင်းတွင် ဒေသခံအင်အား ရာနှင့်ချီစုဝေးထားသည့် ပင်မသပိတ်စစ်ကြောင်းက ပိတောက်ပန်းများ ကိုင်ဆောင်ကာ စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• နမ္မတီးတွင် NUG အစိုးရအား ထောက်ခံကြောင်းဆိုင်းဘုတ်ကို သပိတ်တပ်ဦးတွင် ကိုင်ကာ ဒေသခံအင်အား ရာနှင့်ချီ၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ဆန္ဒပြခဲ့ကြသည်။

• ဖားကန့်အနီးတဝိုက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် - KI Aနှင့် အကြမ်းဖက်စစ်အုပ်စုတို့ကြား တိုက်ပွဲများ ဖြစ်ပွား နေသော်လည်း ယနေ့နံနက်ပိုင်းတွင် မြို့ခံများက ဆိုင်ကယ်များလှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• ဖားကန့်၊ အေးမြသာယာတွင်လည်း ယခင်ရက်များအတိုင်းပင် NUG ထောက်ခံကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဒေသခံအင်အား ရာနှင့်ချီ၍ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း တော်လှန်ဆန္ဒပြခဲ့ကြသည်။ 

• တာမခန်မြို့သစ်တွင်လည်း မြို့ခံအင်အား ရာနှင့်ချီက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ဝိုင်းမော်တွင်လည်း “NUG အစိုးရအား ဘုရားသခင် ကောင်းချီးပေးပါစေ" ဆိုင်းဘုတ်မျာ ကိုင်ဆောင်ကာ လူငယ်များက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ရှမ်းပြည်နယ်

• ရှမ်းပြည်မြောက်ပိုင်း သီပေါတွင် ဒေသခံများက အင်အား ရာနှင့်ချီ စုပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်းကို လမ်းမကြီးများပေါ်တက်၍ ဆန္ဒပြခဲ့ကြသည်။

• ကျောက်မဲတွင်လည်း လူငယ်အများစုပါဝင်ပြီး အင်အား ၁၀၀ ကျော်ရှိ သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင် ကြောင်းနှင့် NUG အစိုးရအဖွဲ့အား ထောက်ခံကြိုဆိုကြောင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

• တောင်ကြီးတွင် လူငယ်များက NUG အစိုးရအဖွဲ့ဝင် ဓာတ်ပုံများဖြင့် NUG စာသားပုံဖော်ရေးသား ထောက်ခံကာ စစ်အာ ဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။

• ဟိုပုံးမြို့ နမ့်ဟုတ်တိုင်တရာကျောင်းတွင် ဒေသခံလူငယ်အချို့က စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ အကြမ်းဖက်စစ်အုပ်စုက အာခံတော်လှန်ခဲ့သည်။

• မူဆယ်တွင် ဒေသခံအချို့က လက်ဖျံပေါ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် တော်လှန်သောစာသားများ ရေးသားကာ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ကြောင်း ပြသခဲ့သည်။

ချင်းပြည်နယ်

• ပြည်နယ်မြို့တော် ဟားခါးနှင့် အခြားမြို့ကြီးများတွင် လမ်းပေါ်တက် ဆန္ဒဖော်ထုတ်မှုများထက် လူမဲ့သပိတ်နှင့် ဆုတောင်း သပိတ်များကိုသာ အဓိကပြုလုပ်နေကြပြီး ယမန်နေ့ညကလည်း မင်းတပ်မြို့တွင် စစ်အာဏာရှင်စနစ် ကျဆုံရေးနှင့် ဒီမိုက ရေစီရရှိရေး ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

• မင်းတပ်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း အမွှေးတိုင် လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်

• ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး - AASYC က အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကို ကိုဆိုကြောင်း ထုတ်ပြန်ကြေညာလိုက်ပြီး အမျိုးသားတန်းတူရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧပြီ ၂၀ သုံးသပ်ချက်

• ရန်ကုန်မြို့ပေါ်တွင် ယခင်ရက်များအတိုင်း လူထုက သပိတ်မျိုးစုံဖြင့် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်မှုများ ရှိနေကာ အကြမ်းဖက်စစ်တပ်ဘက်ကလည်း လုံခြုံရေးအတွက် လမ်းဆုံလမ်းခွနှင့် အထင်ကရနေရာများတွင် ယာဉ်စစ်ဆေး မှုများကို ဆက်တိုက်ပြုလုပ်လျက် ရှိသည်။ လူသွားလူလာရှိသည့် နေ့ပိုင်းများတွင် စစ်တပ်နှင့် လုံခြုံရေးအဖွဲ့များ သွားလာမှုကို လျှော့ချထားပြီး ညပိုင်းများတွင် ၎င်းတို့၏ ဒေါက်တိုင် အုပ်ချုပ်ရေးမှူးများဖြင့် ကင်းလှည့်ခြင်းများကို မပြတ်ပြုလုပ်လျက် ရှိသည်။

• မန္တလေးတွင် သပိတ်များ စတင်လေ့ရှိသည့် နေရာများတွင် လုံခြုံရေးအင်အား တိုးထားကာ သပိတ်ခေါင်းဆောင်များ ဖမ်းဆီးနိုင်ရေးကို အကြမ်းဖက်စစ်တပ်ဘက်က အလေးထား လုပ်ဆောင်လျက်ရှိသည်။ သပိတ်ဖြိုခွဲခြင်းနှင့် လူဖမ်းခြင်းများ လုပ်ဆောင်ရာတွင် အရပ်ဝတ်လက်နက်ကိုင်နှင့် အိမ်စီးကားအသုံးပြုမှုကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လျက်ရှိပြီး သပိတ်ခေါင်းဆောင်များကို ဆုငွေထုတ် ဝါဒဖြန့်ခြင်းများကိုလည်း လုပ်ဆောင်လာခဲ့သည်။

• စစ်ကိုင်းတိုင်းအတွင်းတွင် သပိတ်များအား လက်နက်သုံးပစ်ခတ်ဖြိုခွဲခြင်းပုံစံကို အကြမ်းဖက်စစ်တပ်ဘက်က အသုံးပြုနေပြီး သပိတ်ခေါင်းဆောင်များ ဖမ်းဆီးရာတွင် လုံခြုံရေးအင်အား အများအပြားသုံးကာ ဒေသခံများအား အကြောက်တရား သွင်းလိုသည့်ပုံစံဖြင့် လုပ်ဆောင်လျက် ရှိသည်။

• နယ်မြို့ကြီးများတွင် အကြမ်းဖက်စစ်တပ်ဘက်က လုံခြုံရေးတင်းကြပ်ထားသော်လည်း သပိတ်များမှာ လူအင်အားအများ အပြားပါဝင်ကာ အားကောင်းလျက်ရှိပြီး အထိုင်သပိတ်များထက် ရွှေ့လျားသပိတ်ပုံစံကို ပိုမိုအသုံးပြုလျက် ရှိသည်။ တိုက်ပွဲ ရှိရာ နယ်မြို့ကြီးများတွင်ပင် သပိတ်များ မရပ်ဘဲ ဆက်လက် တည်ရှိနေသည်။

• အကြမ်းဖက်စစ်အုပ်စုဘက်က နိုင်ငံတကာ မျက်နှာစာတွင် NUG အစိုးရထက် လက်နှေးနေသည်ဟု မကြာမီပြုလုပ်တော့ မည့် အာဆီယံအစည်းအဝေးပေါ် အခြေခံကာ သုံးသပ်နိုင်ပြီး စစ်အုပ်စုနှင့် နီးစပ်သည့် ထိုင်းဘက်ကလည်း တက်ရောက်ရန် ငြင်းဆိုထားသည့်အတွက် NUG အစိုးရမှာ အသာရနေသည်ဟု သုံးသပ်နိုင်သည်။ စစ်အုပ်စုမှာ တိုင်းရင်းသားဒေသအခြေစိုက် လက်နက်ကိုင်များနှင့် တိုက်ပွဲများတွင် အကျအဆုံးများနေပြီး တပ်တွင်းစည်းရုံးရေးတွင်ပါ ထိခိုက်လာနေသည့် အနေအထား ရှိသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required