မြန်မာ့အရေး ပြေလည်စေရေးအတွက် ဖြေရှင်းဆောင်ရွက်ရန် ဂူတာရက်စ်နှင့် ဘန်ကီမွန်းက အာဆီယံကို တိုက်တွန်း

မြန်မာ့အရေး ပြေလည်စေရေးအတွက် ဖြေရှင်းဆောင်ရွက်ရန် ဂူတာရက်စ်နှင့် ဘန်ကီမွန်းက အာဆီယံကို တိုက်တွန်း
Photo - AFP

ဧပြီ ၂၀

မြန်မာနိုင်ငံရှိ လက်ရှိ ပြဿနာကို ပြေလည်သွားစေရန်အတွက် အဖြေရှာလုပ်ဆောင်သွားရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် ယခင်အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းတို့က အာဆီယံနိုင်ငံများ၏ အစိုးရများကို ဧပြီ ၁၉ ရက်တွင် တိုက်တွန်းပြောဆိုသွားခဲ့သည်။

လုံခြုံရေးကောင်စီ ခေါင်းဆောင်များ၏ ဗီဒီယိုကွန်းဖရင့်တစ်ခုအတွင်း ဂူတာရက်စ်နှင့် ဘန်ကီမွန်းတို့က အထက်ပါအတိုင်း တိုက်တွန်းသွားခဲ့ခြင်း ဖြစ်သည်။

“ချက်ချင်းလက်ငင်း ဖြစ်ပြီး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ကြဖို့အတွက် အာဆီယံ ခေါင်းဆောင်တွေကို ကျွန်တော် တိုက်တွန်းပါတယ်” ဟု ဘန်ကီမွန်းက ဂျကာတာတွင် ပြုလုပ်မည့် မြန်မာ့အ‌ရေး အာဆီယံ အစည်းအဝေး မတိုင်မီ ပြောဆိုသွားခဲ့သည်။

“ အားလုံးသော သက်ဆိုင်သူတွေနဲ့ ချိတ်ဆက်ဆွေးနွေးနိုင်ဖို့အတွက် အဆင့်မြင့်လယ်ဗယ် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့ကို သူတို့ သဘောတူသင့်ပါတယ်၊ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ကူညီဖို့အတွက် ကုလသမဂ္ဂနဲ့အတူ ပိုမို လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း အာဆီယံခေါင်းဆောင်တွေကို ကျွန်တော် ပန်ကြားပါတယ်” ဟု ဘန်ကီမွန်းက ပြောခဲ့သည်။

ထို့ပြင် စုစည်းညီညွတ်သော တုံ့ပြန်ဆောင်ရွက်ချက်တစ်ခုအတွက် အဟန့်အတားဖြစ်ထားစေခဲ့သော အာဆီယံအဖွဲ့၀င်များအကြား သဘောကွဲလွဲမှုများနှင့်ပတ်သက်၍လည်း ၎င်းအနေဖြင့် စိတ်မကောင်းဖြစ်မိကြောင်း ဘန်ကီမွန်းက ပြောခဲ့သည်။ အလားတူ မြန်မာ့အ‌ရေးနှင့်ပတ်သက်ပြီး သဘောကွဲမှုများ ရှိထားခဲ့သည့် ကုလလုံခြုံရေးကောင်စီအနေဖြင့်လည်း မြန်မာနိုင်ငံတွင် အဆိုး၀ါးဆုံး အခြေအနေကို တားဆီးနိုင်ရန်အလို့ငှာ ပြတ်ပြတ်သားသား လုပ်ဆောင်ကြရန် ၎င်းက တိုက်တွန်းပြောဆိုသွားခဲ့သည်။

အလားတူ လက်ရှိကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကလည်း အရှေ့တောင်အာရှဒေသအနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိ ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေရချိန် အာဆီယံ၏ အခန်းကဏ္ဍသည် ယခင်ကထက် ပိုမိုအရေးပါနေကြောင်း ပြောသွားခဲ့သည်။

“ဒီအခြေအနေအရ စုစည်းညီညွတ်တဲ့ ဒေသဆိုင်ရာ အားထုတ်မှုတစ်ရပ်အပေါ် အခြေတည်တဲ့ အားကောင်းတဲ့ နိုင်ငံတကာ တုံ့ပြန်မှုတစ်ခု လိုနေပါတယ်”

“ဒါကြောင့် နောက်ထပ် ယိုယွင်းဆိုးရွားမှုတွေကနေ ရှောင်လွဲနိုင်ဖို့နဲ့ ဒီ အခြေအနေကနေ ရုန်းထွက်နိုင်မယ့် ငြိမ်းချမ်းတဲ့ နည်းလမ်းတစ်ခု ရှာဖို့အတွက် ဒေသဆိုင်ရာ ခေါင်းဆောင်တွေကို သူတို့ရဲ့ သြဇာအရှိန်အ၀ါတွေ အသုံးချဖို့ ကျွန်တော် တိုက်တွန်းပါတယ်” ဟု ဂူတာရက်စ်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required