ထိန်းသိမ်းခံ သတင်းထောက်ကို ပြန်လွှတ်ပေးရန် ဂျပန် တောင်းဆို

ထိန်းသိမ်းခံ သတင်းထောက်ကို ပြန်လွှတ်ပေးရန် ဂျပန် တောင်းဆို
Photo: AP

ဧပြီ ၁၉

ရန်ကုန်မြို့ နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဂျပန်လူမျိုး သတင်းထောက် ယူကီ ကီတာဇူမီ ကို ပြန်လွှတ်ပေးရန် မြန်မာအာဏာသိမ်းစစ်အုပ်စုထံ တောင်းဆိုထားကြောင်း ဂျပန်အစိုးရက ဧပြီ ၁၉ ရက်တွင် ပြောသည်။

ဂျပန် သတင်းထောက် ကီတာဇူမီသည် ဧပြီ ၁၈ ရက် ညပိုင်းက စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့၀င်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ကီတာဇူမီကို လက်ရှိအချိန်အထိ စွဲချက်မတင်ထားသေးဟု သိရပြီး သံတမန်များသည် ယခုအခါ ၎င်းအား တွေ့ခွင့်ရရန် ကြိုးပမ်းလျက်ရှိကြောင်း ဂျပန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ကီတာဇူမီကို ညတွင်းချင်းပင် အင်းစိန်အကျဥ်းထောင်သို့ လွှဲပြောင်းပို့ဆောင်ထားသည်ဟုလည်း ၎င်းက ပြောသည်။

ဂျပန် သတင်းထောက် ကီတာဇူမီကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးရသည် ဆိုသည့် အကြောင်းရင်းကို ရှင်းပြရန် မြန်မာအာဏာသိမ်းစစ်အုပ်စုထံ ဂျပန်အစိုးရဘက်မှ တောင်းဆိုထားကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်း၀န်ချုပ် ကတ်ဆုနိုဘူ ကာတိုက သတင်း‌ထောက်များကို ပြောခဲ့သည်။

တစ်ချိန်တည်းမှာပင် ၎င်း အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက်လည်း ဂျပန်အစိုးရဘက်က တောင်းဆိုလျက် ရှိကြောင်း ကာတိုက ပြောခဲ့သည်။

“သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ဘက်က မြန်မာဘက်ကို ဆက်လက် တောင်းဆိုသွားမှာပါ၊ နောက်ပြီး မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံသားတွေ ဘေးကင်းရေးအတွက် ကျွန်တော်တို့ အတတ်နိုင်ဆုံး လုပ်ဆောင်နေပါတယ်” ဟု ကာတိုက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly