ဟင်္သာတမြို့က မြင့်မြတ်ပုဂ္ဂလိကဆေးရုံပိုင်ရှင်ကို ၅၀၅(က) နဲ့ အမှုဖွင့်

ဟင်္သာတမြို့က မြင့်မြတ်ပုဂ္ဂလိကဆေးရုံပိုင်ရှင်ကို ၅၀၅(က) နဲ့ အမှုဖွင့်

မတ် ၂၇

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့က ပုဂ္ဂလိက အထူးကုဆေးရုံကြီးတစ်ရုံ ဖြစ်တဲ့ မြင့်မြတ်ဆေးရုံကို ၂၅ ရက်နေ့ ည၁၂ နာရီခန့်မှာ ရဲနဲ့စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ဆေးရုံအတွင်းက လူနာအခန်းတွေတိုင်းကို ဝင်ရှာတာ ၊ ဆေးရုံနဲ့ ကပ်လျှက် မှာရှိတဲ့ ဆေးရုံပိုင်ရှင်ရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ မြင့်မြတ်ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ လူနာရှင်တစ်ဦးက ပြောပါတယ် ။

အဲဒီနောက် ဆေးရုံပိုင်ရှင် ကိုဖြိုးမင်းဟိန်းရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ကိုဖြိုးမင်းဟိန်းကို မတွေ့တဲ့အတွက် သူ့ရဲ့ မိခင် နဲ့ ဝန်ထမ်း ၆ ဦးကို ဖမ်းခေါ်သွားခဲ့ပြီး ၊ အိမ်အတွင်းမှာ ရှိတဲ့ CCTV တွေကို ဖြုတ်ယူသွားတာ ၊ လပ်တော့ ၊ဖုန်း စတာတွေအပြင် ၊ ငွေသိန်း ၅၀ ခန့်ကိုလည်း ယူဆောင်သွားတယ်လို့ ဆေးရုံနဲ့ နီးစပ်သူတစ်ဦးက အတည်ပြုပါတယ် ။

ရဲတွေအနေနဲ့ မြင့်မြတ်ဆေးရုံအတွင်းမှာ CDM လုပ်နေတဲ့ ဆရာဝန်တွေကို ဖွက်ထားပေးတယ်လို့ ယူဆပြီး အခုလို ဝင်ရောက်စီးနင်းတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ကြပါတယ် ။ မနေ့က ၂၆ ရက်နေ့မှာတော့ မြင့်မြတ်ဆေးရုံပိုင်ရှင် ကိုဖြိုးမင်းဟိန်းကို ၅၀၅(က)နဲ့ ဟင်္သာတမြို့မစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly