ထိုင်ဝမ်ကို တရုတ်၏ ကျူးကျော်မှု ပိုမိုစောနိုင်ကြောင်း အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးပြော

ထိုင်ဝမ်ကို တရုတ်၏ ကျူးကျော်မှု ပိုမိုစောနိုင်ကြောင်း အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးပြော

မတ် ၂၄

အမေရိကန် အင်ဒို - ပစိဖိတ်စစ်ဌာနချုပ်ကို ဦးဆောင်ရန် လျာထားခံရသူ ရေတပ်ဗိုလ်ချုပ်ကြီး  ဂျွန် အကွီလီနို က ထိုင်ဝမ်အပေါ် တရုတ်၏ ကျူးကျော်ခြိမ်းခြောက်မှုသည် မျှော်မှန်းထားသည်ထက် ်ပိုမိုစောနိုင်ဖွယ်ရှိကြောင်း သတိပေးပြောကြားလိုက်ပြီး ဒေသတွင်းလုံခြုံရေးအတွက် အမေရိကန် - ဂျပန်မဟာမိတ်ဖြစ်မှု၏ အရေးပါမှုကိုလည်း အလေးပေး ပြောကြားခဲ့သည်။

"ကျွန်တော့် အမြင်ကတော့ ဒီပြဿနာက အများထင်ထားတာထက်ပိုစောနိုင်တာကြောင့် ပြင်ဆင်ထားရပါမယ်" ဟု အမေရိကန် ပစိဖိတ် ရေတပ်မတော်၏ လက်ရှိတပ်မှူးက ဆီးနိတ်လွှတ်တော် စစ်ဘက်ရေးရာကော်မတီအား ပြောကြားခဲ့သော်လည်း တရုတ်စစ်တပ်အနေဖြင့် မည်သည့်အချိန်တွင် ထိုင်ဝမ်အား ကျူးကျော်ရန်စွမ်းရည်ရှိမည်နည်းဆိုသည်ကိုမူ ၎င်းအနေဖြင့် အတိအကျမပြောခဲ့ပေ။

ယခုလအစောပိုင်းကအမေရိကန် အင်ဒို - ပစိဖိတ်စစ်ဌာနချုပ်တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး ဖိလစ်ဒေးဗစ်ဆန်က လာမည့်ခြောက်နှစ်အတွင်း တိုက်ခိုက်နိုင်ဖွယ်ရှိကြောင်း ယင်းကော်မတီ၏ ကြားနာမှုတွင်ပင် ပြောဆိုခဲ့သည်။

အကွီလီနို သည် ဒေးဗစ်ဆန် ၏ အကဲဖြတ်ချက်ကို သုံးသပ်ရန်ငြင်းဆန်ခဲ့သည်။ ကိန်းဂဏန်းအမျိုးမျိုး ထွက်ပေါ်နိုင်သည်ဟု ပြောဆိုခဲ့ပြီး ခန့်မှန်းချက်များအရ ၂၀၄၅ ခုနှစ် မတိုင်မီအထိ ဖြစ်နိုင်သည်ဟု ဆိုသည်။ အန္တရာယ်အရှိဆုံး စိုးရိမ်မှုမှာ ထိုင်ဝမ်ကို စစ်ရေးအရတိုက်ခိုက်ခြင်းဖြစ်သည်ဟု သူက မှတ်ချတ်ပြုသည်။

ထိုင်ဝမ်နှင့် တရုတ်ပြည်မကြီးတို့သည် ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်အပြီးတွင်  သီးခြားအုပ်ချုပ်သည့် နယ်မြေများ ဖြစ်သွား ကြသည်။ တရုတ်အစိုးရက ထိုင်ဝမ်ကို ခွဲထွက်ရန်ကြိုးပမ်းနေသောပြည်နယ်အဖြစ် သတ်မှတ်ထားပြီး  ယင်းကျွန်းအား ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းရန်ကြိုးပမ်းခဲ့သည်။

တရားဝင်မဟုတ်သော ဆက်ဆံရေးမှ တစ်ဆင့် အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကို မိမိကိုယ်ကို ကောင်းစွာကာကွယ်နိုင် စွမ်းရှိစေရန် ကူညီပံ့ပိုးမှုများ ဆက်လက်ပေးခဲ့သည်။

ဒေသတွင်း၌ ရန်လိုသည့်လှုပ်ရှားမှုများအတွက် ဂျပန်က ကောင်းစွာ ကြိုတင်ပြင်ဆင်မှုရှိမရှိ မေးမြန်းသည့်အခါ အကွီလီနိုက နှစ်နိုင်ငံမဟာမိတ်ဖြစ်မှု၏ အားသာချက်ကို အလေးထားပြောကြားခဲ့သလို အရှေ့တရုတ်ပင်လယ် အတွင်းရှိ ဂျပန်အုပ်ချုပ်မှုအနီးတွင်ရှိသော ဆန်ကကု  ကျွန်းများအတွက် တရုတ်က ရန်လိုသောအပြုအမှုကို ဂျပန်က စိုးရိမ်ကြောင်း ၎င်းက ဆိုသည်။

 "ဂျပန်တွေနဲ့ အပြန်အလှန်ဆက်သွယ်လုပ်ကိုင်နိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆက်ဆံမှုကို ကျွန်တော် အရမ်းဝမ်းသာ မိပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ ဒါဟာဒေသတွင်းမှာ ခြိမ်းခြောက်မှုတွေကို အဟန့်အတားဖြစ်စေဖို့အတွက် ခိုင်မာတဲ့အခြေခံအုတ်မြစ်တွေပါပဲ" ဟု သူက ပြောသည်။.

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly