မြန်မာစစ်တပ်၏ အကြမ်းဖက်မှုအပေါ် ကုလ လုံခြုံရေးကောင်စီ အပြင်းအထန် ရှုတ်ချ 

မြန်မာစစ်တပ်၏ အကြမ်းဖက်မှုအပေါ် ကုလ လုံခြုံရေးကောင်စီ အပြင်းအထန် ရှုတ်ချ 
Photo - AFP

မတ် ၁၁ 

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို မြန်မာစစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုအပေါ် ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တစ်ရပ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့တွင် တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ကြောင်း သံတမန်များက ပြောသည်။ 

ယင်းသည် တစ်လကျော်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် တရုတ်အပါအ၀င် လုံခြုံရေးကောင်စီ အဖွဲ့၀င် ၁၅ နိုင်ငံက မြန်မာအရေးနှင့်ပတ်သက်ပြီး ညီညွတ်မှုရှိကြောင်း ကြုံတောင့်ကြုံခဲ ပြသမှုလည်း ဖြစ်သည်။  

ယခု ထုတ်ပြန်ချက်သစ်တွင် မြန်မာစစ်တပ်အပေါ် ဝေဖန်ထားသလို အမျိုးသမီးများ၊ လူငယ်များနှင့် ကလေးများအပါအ၀င် ငြိမ်းချမ်းစွာ ရှိသော ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှု လုပ်ဆောင်ခြင်းကို ကောင်စီအနေဖြင့် အပြင်းအထန် ရှုတ်ချကြောင်း ပြောထားသည်။ 

သို့သော် ယင်းသည် “အာဏာသိမ်းမှု” စကားလုံးကို မသုံးထားသလို အကယ်၍ မြန်မာစစ်ဗိုလ်ချုပ်ကြီးများ ဖိနှိပ်မှုများကို မရပ်တန့်လျင် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုလုပ်နိုင်ခြေ အလားအလာနှင့်ပတ်သက်၍လည်း မဖော်ပြထားပေ။ 


ထို့ပြင် ဆေးဘက်ဆိုင်ရာ အမှုထမ်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်း၊ အလုပ်သမားသမဂ္ဂ အဖွဲ့၀င်များ၊ ဂျာနယ်လစ်များနှင့် မီဒီယာ၀န်ထမ်းများအပေါ် ကန့်သတ်ပိတ်ပင်မှုများနှင့်ပတ်သက်၍ ကောင်စီအနေဖြင့် အလွန်စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်သလို တစ်ဖက်သတ် ထိန်းသိမ်းခံထားရသူအားလုံး ချက်ချင်းပြန်လွတ်ရေးအတွက် တောင်းဆိုကြောင်း လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ 

“စစ်တပ်ဘက်က အစွမ်းကုန် ထိန်းသိမ်းသည်းခံပေးဖို့ တောင်းဆိုပါတယ်၊ အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်နေတယ်ဆိုတာ အလေးပေးပြောလိုတယ်” ဟုလည်း လုံခြုံရေးကောင်စီ၏ ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသံတမန် ခရစ္စတင်း ရှရန်နာ ဘာဂျီနာ မြန်မာနိုင်ငံသို့ အမြန်ဆုံး လာရောက်နိုင်ရန်အတွက်လည်း ယင်းထုတ်ပြန်ချက်ထဲတွင် တိုက်တွန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly