မြန်မာနိုင်ငံအရေး ထုတ်ပြန်ချက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ သဘောတူညီချက် မရ 

မြန်မာနိုင်ငံအရေး ထုတ်ပြန်ချက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ သဘောတူညီချက် မရ 

မတ် ၁၀ 

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ရှုတ်ချသော၊ စစ်တပ်အနေဖြင့် လုပ်ကိုင်ဆောင်ရွက်နေမှုများကို ထိန်းချုပ်ရန် တောင်းဆိုထားသော၊ နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့သည့် လုပ်ငန်းစဉ်များကို စဉ်းစားသုံးသပ်မည်ဟု ခြိမ်းခြောက်ထားသော မူကြမ်းထုတ်ပြန်ချက်တစ်ရပ်အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ အင်္ဂါနေ့က သဘောတူညီချက် မရရှိခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြပြီး သံတမန်များကမူ နောက်ထပ်ဆွေးနွေးမှုများ ဆက်ရှိနိုင်သေးသည်ဟု ပြောကြသည်။ 

မြန်မာအရေး အပြီးသတ် ထုတ်ပြန်ရန် ကနဦး ဆွေးနွေးကြရာတွင် တရုတ်၊ ရုရှ၊ အိန္ဒိယနှင့် ဗီယက်နမ်တို့က ဗြိတိန်တင်သွင်းသည့် ထုတ်ပြန်ချက်မူကြမ်းကို ပြင်ဆင်ရန် အကြံပြုခဲ့ကြခြင်း ဖြစ်သည်ဟု သံတမန်များက ပြောသည်။ ဗြိတိန်၏ ထုတ်ပြန်ချက်မူကြမ်းပါ အာဏာသိမ်းသည်ဆိုသော ရည်ညွှန်းဖော်ပြချက်နှင့် နောက်ထပ် အရေးယူမှုများအတွက် စဉ်းစားသုံးသပ်သွားမည်ဆိုသည့် ခြိမ်းခြောက်မှုတို့ကို ဖယ်ရှားပေးရန်အပါအဝင် ထုတ်ပြန်ချက်ကို ပြင်ဆင်ရေး ယင်းနိုင်ငံများက အကြံပြုခဲ့ခြင်း ဖြစ်သည်။ 

အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီသည် ထုတ်ပြန်ချက်များကို အားလုံး သဘောတူညီချက်ရှိမှ ထုတ်ပြန်ရခြင်း ဖြစ်သည်။ 

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုအတွင်း စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို ဖယ်ရှားကာ ၎င်းနှင့် ၎င်း၏ NLD ပါတီမှ တာဝန်ရှိသူများကို ဖမ်းဆီးပြီး ဗိုလ်ချုပ်ကြီးများဖြင့် စစ်အုပ်ချုပ်ရေး စတင်ချိန်မှစ၍ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်လျက်ရှိနေသည်။ 

နိုဝင်ဘာရွေးကောက်ပွဲတွင် မဲလိမ်လည်မှုများ ရှိသည်ဟု စစ်တပ်က အရေးဆိုထားသည်။ ရွေးကောက်ပွဲကော်မရှင်ကမူ မဲများက တရားမျှတကြောင်း ပြောဆိုသည်။ 

ပြီးခဲ့သည့်လက မီဒီယာသို့ လုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် မြန်မာစစ်တပ်၏ အရေးပေါ်အခြေအနေ ကြေညာခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်းနှင့် ဖမ်းဆီးထားသူများကို ပြန်လည်လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ရုရှနှင့် တရုတ်၏ ကန့်ကွက်မှုကြောင့် အာဏာသိမ်းမှုကို ရှုတ်ချကြောင်း မထုတ်ပြန်နိုင်ခဲ့ပေ။ 

“အဖွဲ့ဝင်နိုင်ငံတိုင်းဟာ သီးခြားဖြစ်စေ၊ အစုအဖွဲ့အရ ဖြစ်စေ အခန်းကဏ္ဍကိုယ်စီ ရှိထားတယ်၊ အစုအဖွဲ့အနေနဲ့ ကျွန်တော်တို့ဟာ လုံခြုံရေးကောင်စီထံက အားကောင်းတဲ့ အသံနဲ့ အားကောင်းတဲ့ လုပ်ဆောင်ချက်တွေကို အမြဲတမ်း မျှော်လင့်နေတယ်”ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က သတင်းထောက်များအား အင်္ဂါနေ့ အစောပိုင်းတွင် ပြောခဲ့သည်။ 

အရှေ့တောင်အာရှ မြန်မာနိုင်ငံတစ်ဝန်း အာဏာသိမ်းမှုကို ဆန့်ကျင့်သည့် နေ့စဉ်ဆန္ဒပြမှုများအား ဖြိုခွင်းခံရရာတွင် လူပေါင်း ၆၀ ကျော်ထက်မနည်း သေဆုံးပြီး ၁၈၀၀ ခန့် ဖမ်းဆီးခံရကြောင်း ရှေ့နေအဖွဲ့တစ်ရပ်က ပြောသည်။ ဖမ်းဆီးခံရသူများတွင် ဂျာနယ်လစ်များ ဒါဇင်များစွာ ပါဝင်ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly