AA ကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ပေးနိုင်ရေး အလားအလာ ဘယ်လိုရှိလဲ

AA ကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ပေးနိုင်ရေး အလားအလာ ဘယ်လိုရှိလဲ

ဇန်နဝါရီလ ၁၇

ရခိုင်ပြည်နယ်လွှတ်တော်တွင်  မြောက်ဦးမြို့နယ် ကိုယ်စားလှယ် ဦးထွန်းသာစိန်တင်သွင်းသော AAကိုအကြမ်းဖက်အဖွဲ့ကနေပယ်ဖျက်ပေးရေးအဆိုဆွေးနွေးခဲ့ကြရာ  ကန့်ကွက်သူမရှိအတည်ပြုပြီးနောက် အစိုးရ၏အကောင်အထည်ဖော်မှုအား  ဒေသခံလွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးလေ့လာသူများက စောင့်ကြည့်နေကြသည်။  

ရခိုင်အမျိုးသားပါတီ ANP က ကိုယ်စားလှယ် ခြောက်ဦးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တစ်ဦးတို့ ထောက်ခံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရနှင့် တပ်မတော်ဘက်က တစ်စုံတစ်ရာ ကန့်ကွက်ခြင်းမပြုဘဲ ဇန်နဝါရီ၁၄ ရက်နေ့ကအဆိုကို အတည်ပြုလိုက်ခြင်း ဖြစ်သည်။

AA ကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ပေးရေးအဆိုကို ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည့် အတွက် ပြည်နယ်အစိုးရကတစ်ဆင့် ပြည်ထောင်စုအစိုးရထံ တင်ပြရမည်ဖြစ်ပြီး ပြည်ထောင်စုအကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ (ဗဟို) ကသာ အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးရမည် ဖြစ်သည်။

ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုထားသော ယခင်က အဆိုများကို  ပြည်ထောင်စု အစိုးရက အကောင်ထည်ဖော်ဆောင်ခဲ့ခြင်းမရှိခဲ့သည့်အတွက် အစိုးရကို တပ်မတော်က တိုက်တွန်းမှသာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ရုပ်သိမ်းပေးမည့် အနေအထားမျိုးတွေ့ရကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဝေဖန်လိုက်သည်။

“ဒါက ပြည်ထောင်စုအစိုးရက လုပ်ရမယ့်ကိစ္စ။ အစဉ်အလာအားဖြင့်လည်း ပြည်နယ်လွှတ်တော်က တိုက်တွန်းတိုင်း ပြည်ထောင်စုအစိုးရက လိုက်ပြီးလုပ်တာလည်း မရှိခဲ့ဘူး။ အခုသူတို့ဘက်က ပြောတာက တပ်မတော်က ပြောလာမှ ရုပ်သိမ်းပေးမယ့် သဘောရှိတယ်။ အဲတော့တပ်မတော်က ရုပ်သိမ်းပေးလို့ရပြီ။ နယ်မြေအေးချမ်းပြီ ပြောရမယ့်သဘောပဲ။ တပ်မတော်ဘက်ကလည်း ရှေ့ဆက်တိုက်ပွဲအခြေအနေ တိုးတက်ဖြစ်ထွန်းလာတဲ့တော့မှပဲ တင်ပြမယ့်သဘောမျိုး ကြားရတယ်။ ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

AA ကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ပေးရေးအဆိုနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများနှင့် အရပ်ဖက်အဖွဲ့အစည်းများကလည်း လိုလားနေသည့်အတွက် ယခုအဆိုကို လက်တွေ့တွင် အကောင်အထည်ဖော်လာနိုင်လိမ်မည်ဟု မျှော်လင့်ကြောင်း အဆိုတင်သွင်းခဲ့သည့်  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“အဲဒီအဆိုနဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ဖြစ်သွားရင် ရခိုင်ပြနယ်လွှတ်တော်ဥက္ကဋ္ဌကနေတဆင့် ပြည်နယ်အစိုးရကို ပို့ပါလိမ့်မယ်။ ပို့ပြီးတဲ့နောက်မှာ အဲဒါက ပြည်ထောင်စုနဲ့ ဆိုင်တဲ့အတွက် ရခိုင်ပြည်နယ်အစိုးရက ပြည်ထောင်စု အစိုးရကို တင်ပြရမှာ ဖြစ်ပါတယ်။” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

AA ကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ပေးရန် ပြည်နယ်လွှတ်တော်တွင် တင်သွင်းသည့်အဆိုသည် ပြည်နယ်လူထု၏ အသံကို ဖော်ပြလိုက်ခြင်းဖြစ်ပြီး တပ်မတော်ဘက်ကလည်း AA ကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ပေးရန် သဘောထားရှိပုံရကြောင်း နိုင်ငံလေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “တပ်မတော်ဘက်ကလည်း အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ဖို့ သဘောထားရှိပုံရပါတယ်။ ဒါပေမယ့် တပ်မတော်ဘက်က ပြည်ထောင်စုအစိုးရကို ဘယ်လိုထောက်ခံမှုမျိုး ပေးထားလဲတော့ ကျွန်တော်တို့ မသိဘူးပေါ့ဗျာ။ ဒါပေမယ့် ပြည်နယ်လွှတ်တော်က ဘယ်လိုပဲ ဆုံးဖြတ်သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ အခြေခံဥပဒေအရ ပြည်နယ်လွှတ်တော်နဲ့ ပြည်ထောင်စုအစိုးရနဲ့ဆိုတာ ပတ်သက်မှုက မရှိဘူးဗျ။ အကြမ်းဖက်အဖွဲ့က ဖျက်သိမ်းချက်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကတော့ NLD အစိုးရအပေါ်မှာပဲ မှုတည်ပါလိမ့်မယ်။” ဟု ပြောသည်။

ရခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က သတ်မှတ်ကြေညာလိုက်ခြင်း ဖြစ်သည်။  

အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ သတ်မှတ်ကြေညာချက်တွင် AA အဖွဲ့သည် ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရုံမက အရပ်သားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးရွာအတွင်း မိုင်းထောင်ဖောက်ခွဲခြင်းများ စသဖြင့် အကြမ်းဖက်မှုများကို ကျူးလွန်နေသည့်အတွက် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

လတ်တလော ရခိုင်ပြည်နယ်တွင်း တပ်မတော်နှင့် AA တို့ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုက စတင်ကာ တိုက်ပွဲများ ရပ်တန့်နေပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများလည်း ရှိနေသလို တပ်မတော်၏ ထုတ်ပြန်ချက်တွင် AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမည်တပ်ပြီး မသုံးစွဲတော့သည်ကိုလည်း တွေ့ရသည်။

အကြမ်းဖက်အဖွဲ့အဖြစ် အမည်တပ်ထားခြင်းသည် တိုက်ပွဲများ ရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေး တွေ့ဆုံညှိနှိုင်းမှုတွင် ဥပဒေအရ အဟန့်အတားဖြစ်နေသည့်အတွက် ယင်းနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရက အကောင်အထည် ဖော်ဆောင်ရန် လိုအပ်ကြောင်းလည်း  ဒေသခံလွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးလေ့လာသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly