သေဒဏ်၊ ကြည်လင်း၊ အောင်ဝင်းဇော် နှင့် သူတို့

သေဒဏ်၊ ကြည်လင်း၊ အောင်ဝင်းဇော် နှင့် သူတို့

သန့်ဇော် ( သန်လျင် )

ကျွန်တော်ဟာ ၁၉၈၉ ခုနှစ် အာဏာသိမ်း စစ်အစိုးရခေတ်(တပ်မတော်အစိုးရ) ဇူလိုင်လ ၂၇ ရက်နေ့မှာ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးအောင်ညွန့်(လေ) ဦးဆောင်တဲ့ စစ်ခုံရုံးအမှတ်( ၁ ) ကနေ တရားခံများ အပြစ်ရှိတယ်ဟု ယူဆ၍ ( ယူဆ၍ တဲ့နော် ) မသေမချင်း ကြိုးကွင်းစွပ် သတ်စေ . . .ရက်ပေါင်း ၃၀ အတွင်း အယူခံဝင်နိုင်သည် . . ဆိုပြီး သေဒဏ်အမိန့်ကို ချမှတ်ခြင်းခံခဲ့ရပါတယ်။ အဲဒီအချိန် ကျွန်တော့စိတ်ထဲမှာတော့ ဒေါသစိတ်တွေနဲ့ ဝမ်းနဲစိတ် တွေ ရောပြွန်း ခံစားမိလိုက်ပါတယ်။ ဒေါသစိတ်ဖြစ်မိတာက ကျွန်တော်တို့ တကယ်အမှုကို လုံးဝ မကျူးလွန်ပါဘဲလျက် သေဒဏ် ချမှတ် ခံလိုက်ရခြင်းပဲဖြစ်ပါတယ်။ ဝမ်းနည်းသွားတာကတော့ ကျွန်တော်တို့ နိုင်ငံ မှာ အမှန် တရား ပျောက်ဆုံး ဆုံးရှုံးသွားတာပဲ ဆိုတာပဲဖြစ်ပါတယ်။ သေရမှာတော့ လုံးဝမစိုးရိမ်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရဟာ အာဏာသိမ်းစစ်အစိုးရ(တပ်မတော်အစိုးရ) ဖြစ်တာကတစ်ကြောင်း၊ ကျွန်တော်တို့ အမှုဟာ တကယ်မကျူးလွန်ပါဘဲနဲ့ မြန်မာသိ ကမ္ဘာသိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သက်သက်မဲ့ ဂုဏ်သိက္ခာကျဆင်းအောင် တမင်ရည်ရွယ်တာ ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ မရှေးမနှောင်း တရားခံအစစ် အမှန်ကို ဖမ်းဆီးမိမှာ (သို့မဟုတ်) တကယ်ကျူးလွန်တဲ့သူတွေနဲ့ အဖွဲ့အစည်းတွေက တစ်နေရာရာမှ အမှန်တရားကို ဖော်ထုတ်လိမ့်မယ်လို့ ယုံကြည်လို့ပဲဖြစ်ပါတယ်။

တစ်ချိန်က မြန်မာနိုင်ငံရဲ့ စစ်ခုံရုံးဆိုတာက စစ်တရားသူကြီးအဖွဲ့ရယ်၊ စစ်အစိုးရရဲ့ တရားစွဲအဖွဲ့ (ထောက်လှန်းရေး)နဲ့ စွပ်စွဲခံရသူ တရားခံရယ်ပဲ တရားရုံးမှာရှိတာပါ။ စစ်ခုံရုံးက တရားစွဲအဖွဲ့ (ထောက်လှန်းရေး) မှ တရား စွဲတာ မှန်ခြင်း မမှန်ခြင်းအပေါ် သေခြာစူးစမ်း ဆင်ခြင်မနေတော့ပဲ သူ့ရဲ့အထက် အမိန့်ပေးသူရဲ့ အမိန့်အတိုင်း စာအိပ်ဖွင့် အမိန့်ချတာပဲ ဖြစ်ပါတယ်။ ဒီနေ့အရပ်ဖက် တရားရုံးတွေကတော့ သတင်းထောက်တွေ သတင်းဌာ နတွေနဲ့ ပြည့်ကျပ်နေတဲ့ အခြေအနေဆိုတဲ့အခါ အမှန်တရားနဲ့ အလွန်နီးစပ်မှုရှိလာတာကို တွေ့ရပါတယ်။ အဲဒီတော့ အပြစ်ပေး အရေးယူတဲ့အခါမှာ ပြည်သူတွေရဲ့ ထင်မြင်ချက်ကိုလည်း တရားသူကြီးက လေ့လာရပါတော့ တယ်။ ပြည်သူတွေ စိတ်အဝင်စားဆုံးကတော့ သေဒဏ်ပေးတဲ့ အမှုတွေပါပဲ။

သေဒဏ်ပေးခြင်းဆိုသည်မှာ တရားရုံးမှ အပြစ်သားအပေါ် ၎င်းကျူးလွန်သော ပြစ်မှုအတွက် အမြင့်ဆုံး ပြစ်ဒဏ်ပေးခြင်းဖြစ်ပါတယ်။ သေဒဏ်ကို အင်္ဂလိပ်လို death penalty ဟုလည်းကောင်း capital punishment ဟု လည်းကောင်း ဖလှယ်သုံးလေ့ရှိပါတယ်။ သေဒဏ်ချမှတ်ပြီး အပြစ်သားအား ချက်ချင်းကွပ်မျက်ခြင်းမျိုး မဟုတ်ဘဲ အယူခံအဆင့်ဆင့် တက်ရောက်ကာ တစ်သက်တစ်ကျွန်းဒဏ်သို့ ပြောင်းလဲချမှတ်ခြင်းမျိုးဖြင့် ပြစ်ဒဏ် လျော့ပေါ့လေ့ရှိပါတယ်။ တစ်သက်တစ်ကျွန်းဆိုတဲ့ ပြစ်ဒဏ်ဆိုတာကလည်း မြန်မာနိုင်ငံမှာတော့ အနှစ် ၂၀ ကျွန်းဒဏ်၊ ၂၅နှစ် ကျွန်းဒဏ် အစရှိသဖြင့် သတ်မှတ်ထားပါတယ်။ မဆလ ခေတ်ကတော့ နိုင်ငံတော်ကောင်စီ အစရှိသဖြင့် နောက်ဆုံးသမ္မတဆီ အယူခံဝင်ရပါတယ်။ သမ္မတက အနိုင်မပေးရင်တော့ သို့မဟုတ် အောက်ရုံးအမိန့် တည်စေ ဆိုရင်တော့ ကြိုးပေးကွပ်မျက်ပြီသာမှတ်ပေတော့ပဲ။ ဒါကတော့ မဆလခေတ် သေဒဏ်ပေးခြင်းနဲ့ ပြစ်ဒဏ်လျော့ပေါ့ခြင်းပါပဲ။ နောက်တစ်ခုက ထောင်ထဲမှာတော့ နိုင်ငံတော်လာတယ်လို့ ခေါ်ပါတယ်၊ အပြင်မှာတော့ အကျဉ်းသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်လို့ ခေါ်ပါတယ်။

မဆလခေတ်မှာတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာ အလွန်နည်းတာတွေ့ရပါတယ်။ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်း အမျိုးအစားတွေရှိပါတယ်။ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်း (Amnesty) မှာတော့ (၁) ပြစ်ဒဏ်ဆိုင်း ငံ့ခြင်း (Reprieve or Suspension of Sentence)၊ (၂) ပြစ်ဒဏ် ရွှေ့ဆိုင်းခြင်း (Respite)၊ (၃) ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်ကို လျော့ပေါ့ခြင်း/ လျှော်ပစ်ခြင်း (Remmission)၊ (၄) ပြစ်ဒဏ် လျော့ချ ပြောင်းလဲပေးခြင်း (Commutation)၊ (၅) အမှုနှင့် ပတ်သက်၍ သက်ညှာခြင်း (Clemency) တို့ပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ကျင့်သုံးတဲ့ အများစုကတော့ ပြစ်ဒဏ် လျော့ချ ပြောင်းလဲပေးခြင်း (Commutation) ပဲဖြစ်ပါတယ်။ နောက်လွတ်ငြိမ်း သက်သာခွင့် လို့လည်း သုံးနှုံးပါတယ်။

အာဏာသိမ်းစစ်အစိုးရခေတ် ( တပ်မတော်အစိုးရခေတ် )မှာတော့ အမိန့်ကြေညာချက် အမှတ် ၄ / ၈၉ ဆိုပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တော့ မဆလခေတ်က ကြိုးသမား (သို့မဟုတ်) သေဒဏ်ကျ အကျဉ်းသားတွေဟာ ကြိုးမိန့်၊ သေမိန့်ကျခံရစဲစဲမှာ ရှစ်လေးလုံး အရေးတော်ပုံကြီးကြောင့် သူတို့ အသတ်မခံရတော့လို့ အရေးတော်ပုံကြီးကို အသက်လောက် ကျေးဇူးတင်ကြတာကို ထောင်ထဲကို ရောက်လာတဲ့ ကျွန်တော်အပါအဝင် ၈၈ အရေး တော်ပုံမှာ ပါဝင်သူတွေကို ပြောပြကြလို့ ကျွန်တော်မျက်ဝါးထင်ထင် တွေ့ခဲ့ဖူးပါတယ်။ ဒီအထဲမှာ KNU ကတော်လှန်ရေးသမားတွေကတော့ သေဒဏ်ကနေ၂၅ နှစ်ကျွန်းဆိုပြီး သတ်မှတ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်အပါအဝင် ရန်ကုန်တိုင်း သန်လျင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ညီညီဦးနှင့် မိုးကျော်သူတို့ကို အာဏာသိမ်းစစ်အစိုးရ ( တပ်မတော်အစိုးရ )က သန်လျင်ရေနံချက်စက်ရုံ ဗုံးခွဲတယ်ဟုဆိုကာ သေဒဏ်ချ မှတ်ခြင်း ခံလိုက်ရပါတယ်။

ကျွန်တော်တို့ကို သေဒဏ်ချပြီးနောက် ရန်ကုန်တိုင်းတွင်း စစ်ခုံရုံး ၅ ခုမှ သေဒဏ်တွေချလိုက်တာ ကြိုးသမားသေဒဏ်ကျ အကျဉ်းသား ၁၃၀ ကျော်ရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်တော့ ၂၀၀ ခန့်ရှိနိုင်ပါတယ်။ သေဒဏ်ကျသူတွေထဲမှာတော့ ရှစ်လေးလုံးအရေးတော်ပုံအတွင်း လူသတ်မှုတွေရော လူသတ်မှုနဲ့ပတ်သက်ပြီး ဓားကိုင် တုတ်ကိုင်သူတွေရော အလောင်းကို ကိုင်ကြည့်သူတွေရော အားလုံးကို စစ်ခုံရုံးက သေဒဏ်ချပစ် ပါတော့ တယ်။  မုဒိမ်းလူသတ် အလောင်းဖျောက်မှု ၊ ဓားပြတိုက်လူသတ်မှု၊ ကလေးမုဒိမ်း လူသတ်အလောင်းဖျောက်မှုတွေ အကုန်လုံး သေဒဏ်အမိန့် ချပစ်တာပါ။ ၁၉၉၃ ခုနှစ်ရောက်တော့ မြန်မာနိုင်ငံအတွင်းက သေဒဏ်ကျနေသူ အားလုံးကို စစ်အစိုးရ(တပ်မတော်အစိုးရ)ရဲ့ အမိန့် ၁ / ၉၃ အရ သေဒဏ်မှ အနှစ် ၂၀ သို့ ပြောင်းလဲလိုက်ပါတယ်။ တစ်ခြား ပြစ်ဒဏ်ကျ အကျဉ်းသားတွေကိုတော့ နှစ်များလျှော့ပေါ့ သတ်မှတ်ပေးပြီး နှစ်နည်းသူတွေနဲ့ လွတ် ရက်နီးသူတွေကိုတော့ တစ်ခါထဲ လွှတ်ပေးလိုက်ပါတယ်။

နောက်တစ် ၁၉၉၇ ခုနှစ်မှာ လွတ်ငြိမ်းသက်သာဆိုပြီး လာပြန်ပါပကော။ အဲဒီမှာတော့ ကျွန်တော်တို့လို နိုင်ငံတော် (လွတ်ငြိမ်းချမ်းသာ) တစ်ခါရပြီးသား နိုင်ငံရေးသမားတွေမပါဝင်တော့ဘဲ တစ်ခြား မုဒိမ်းလူသတ် အလောင်း ဖျောက်အမှုတွေကတော့ အနှစ် ၂၀ ကနေ ၁၀ နှစ်ဖြစ်သွားပါတော့တယ်။ ၁၀ နှစ်ဆိုတော့ ထောင်ထဲမှာ ၇ နှစ်ကျော်ကျော် နေသားရှိရင်လွတ်ပါတယ်၊  တစ်ချို့နိုင်ငံတော် နှစ်ထပ်ကွမ်းရပြီး လွတ်သွားတယ်၊ တစ်ချို့ ရက်အနည်း ငယ်နေပြီး လွတ်သွားကြပါတယ်။

တစ်ခါ ဦးသိန်းစိန်အစိုးရခေတ် ၂၀၀၈ အခြေခံဥပဒေအရ အုပ်ချုပ်တဲ့ခေတ်မှာတော့ သေဒဏ်တွေကို ထောင့်တစ်သက် လွတ်ရက်မရှိဆိုပြီး ပြောင်းပေးလိုက်ပါတယ်။ မသတ်တော့ဘူးဆိုတဲ့သဘောပေါ့၊ ထောင်ထဲမှာပဲ ဘဝဆုံး ပြီးသေပေါ့။ ထွက်ပြေးနိုင်ရင်လွတ်ပေါ့ဆိုသလိုပဲ ပြောရမှာပဲ ဖြစ်ပါတယ်။ ထူးခြားတာက နိုင်ငံရေးအကျဉ်းသား သေဒဏ်ကျသူတွေပါ ထောင်တစ်သက် လွတ်ရက်မရှိထဲ ပါသွားပါတော့တယ်။ ၂၀၀၆ ခုနှစ်မှာ သေဒဏ် တွေချခံရတဲ့ SSA က စိုင်းဖုန်းတင့်၊ သံချောင်း တို့လည်းပါတာပေါ့။ စစ်အစိုးရခေတ် သေဒဏ်ကျသူတွေလည်းပါဝင်ပါတယ်။ သူတို့တွေကို လက်တွေ့လေ့လာကြည့်တော့ သေဒဏ် လွတ်သွားပြီး သူတို့ကို ကြိုးပေးမ သတ် တော့ဘူး ဆိုပေမယ့် ထောင်ထဲမှာပဲ လွတ်ရက်မရှိ လုံးပါးပါးကာ သေလိမ့်မယ် သေမှာပဲဆိုပြီး စိတ်ထဲမသက်မသာ ဖြစ်ကြတာကိုတွေ့ရပါတယ်။ ကျွန်တော်တို့က တစ်ဆင့်ပြီးတစ်ဆင့်နဲ့ တစ်နေ့နေ့ လွတ်မှာဖြစ်ကြောင်း ပြောကာ အားပေးကြရပါတယ်။ နောက်မှာတော့ နိုင်ငံရေးကြောင့်ကျတဲ့ ကိုစိုင်းဖုန်းတင့်နဲ့ ကိုသံချောင်းတို့က သမ္မတကြီးဦးဝင်းမြင့်ရဲ့ ၂၀၁၈ ဧပြီ ၁၇ ရက်နေ့မှာ အမိန့်ကြေညာချက်ထုတ်ပြီး လုံးဝ လွှတ်ပေးလိုက်ပါ တော့ တယ်။ တစ်ခြားရာဇဝတ်မှု နဲ့ ထောင့်တစ်သက် လွတ်ရက်မရှိသူတွေကတော့ ထောင်ထဲနေမြဲအတိုင်းပါပဲ။

ခုတစ်လောမှာတော့ ရှေ့နေကြီးဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့ကို သေနတ်နဲ့ ပစ်သတ်ခဲ့သူ ကြည်လင်းနဲ့ ခိုင်းစေသူလို့ဆိုတဲ့ အောင်ဝင်းဇော်ကို တရားရုံးက မသေမချင်းကြိုးကွင်းစွပ်သတ်စေအမိန့် ကိုချမှတ်လိုက် ပါတယ်။ ပြီးတော့ သူတို့ဟာ ဥပဒေအရ ပြစ်ဒဏ်ကျသူတွေ ရပိုင်ခွင့်ရှိတဲ့ တရားလွှတ်တော်ချုပ်ရုံးကို အယူခံတင်သွင်းတဲ့အခါမှာတော့  သူတို့ရဲ့ အယူခံကို တရားလွှတ်တော် ချုပ်ရုံးကပယ်ချလိုက်ပါတယ်။ ဆက်ပြီး သူတို့ဟာ နိုင်ငံတော် သမ္မတဆီကို အယူခံတင်ဦးမှာဖြစ်ပါတယ်၊ လူသားတစ်ယောက်ကို စနစ်တကျနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ထားတဲ့သူကို အောက်ရုံးအမိန် တည်စေဆိုခဲ့ရင်တောင် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးအရ အပြစ်ပေး တဲ့အခါမှာတော့ ကျွန်တော်တို့ဟာ ရတိပြတ် ဘာမှ ခန့်မှန်းလို့ မရတဲ့ အနေအထားမှာရှိပါတယ်။

လောလောဆယ် မြန်မာနိုင်ငံအနှံ့ လူပြောများနေတဲ့ ဝေဖန်မှုတွေများတဲ့ အမှုတစ်ခုဖြစ်တဲ့ ဗစ်တိုးရီးယား ကိစ္စအပါအဝင် သက်ငယ်မုဒိမ်းမှုတွေ၊ မုဒိမ်းလူသတ်မှုတွေကို ဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးက ဘယ်လောက်ထိ အရေးယူနိုင်ပါပြီလဲ၊ တာဝန်ယူမှု တာဝန်ခံမှုတွေရော တကယ်ပဲရှိရဲ့လားဆိုတာ အသံကျယ်ကျယ်မြည်လာတဲ့အတွက် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ညွှန်ကြားနေရတာတွေလည်း တွေ့ရပါတယ်။ ကျွန်တော့ရဲ့အမြင်အ ရတော့ ပြည်ထဲရေးနဲ့ တရားစီရင်ရေးဖက်ကို အစိုးရဖက်က ပြည်သူလူထုတောင်းဆိုမှုအရ ဆောင်ရွက်ပေးနေရသလို ဖြစ်နေတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ တရားဥပဒေဟာ အမှန်သေချာပြောရရင် ကျွန်တော်လည်း လိုက်မမီပါဘူးခင်ဗျာ။ လူသားတစ်ယောက်အနေနဲ့ ပုဂ္ဂလဓိဋ္ဌာန်စဉ်းစားမယ် ဆိုရင် ပြစ်မှုကျူးလွန်သူဟာ သူကျူးလွန်ခဲ့တဲ့ အတိုင်းအတာအရတော့ ပေးဆပ်ရမှာပဲဖြစ်ပါတယ်။ ကျွန်တော်စဉ်းစားတာထက် တရားရုံးက တရားသူကြီးရဲ့ ဆင်ခြင်တုံတရားဟာ ပိုလို့ အရေးပါပါတယ်။တရားသူကြီးကလည်း သူ့ရဲ့လုပ်ပိုင်ခွင့်ကို အဂတိကင်းဖို့လိုအပ်တဲ့အပြင် တစ်စုံတစ်ဦးရဲ့ လွှမ်းမိုးမှုမခံရဖို့လည်း သေချာပေါက် လိုအပ်ပါတယ်။

ပြစ်ဒဏ်ချမယ့် တရားသူကြီးက စဉ်းစားတဲ့အခါ သင့်တင့်တဲ့ပြစ်ဒဏ်ပေးပြီး၊ ပြစ်ဒဏ်တွေကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီလူတွေကို လျှော့ပေးလိုက်ရင် ၊ လွှတ်ပေးလိုက်ရင် ဘာတွေဖြစ်မလဲ၊ အကယ်၍ အပြစ်သားဟာ လူမှု လောကနဲ့ လုံးဝမစပ်ဟပ်တဲ့ ပြစ်မှုကြီးကျူးလွန်ခဲ့လို့ သေဒဏ်ချလိုက်ပြီး လူ့အခွင့်အရေးအရ မလွတ်မချင်း တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို လျှော့ပေးလိုက်ရင်တောင် ထောင်ထဲမှာပဲ တစ်သက်လုံးထားရင်၊ ထောင်ထဲမှာ ထောင်ဝန်ထမ်းတွေနဲ့ တစ်ခြားအကျဉ်းသားတွေကို မထူးဇာတ်ခင်းပြီး မတရားမှုတွေ ထပ်ကျူးလွန်နိုင်သလား၊ ထောင်ကနေ ထွက်ပြေးဖို့ မတော်တရော်နည်းတွေနဲ့ အားထုတ်နိုင်တယ်ဆိုတာကိုလည်း စာဖတ်သူ အနေနဲ့ လည်း ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ဥပေက္ခာပြုလို့ မရနိုင်တဲ့ အခြေအနေပဲ ဖြစ်နေပါတော့တယ် ။

သန့်ဇော် ( သန်လျင် )