မြန်မာရွေးကောက်ပွဲ ထိုင်းနိုင်ငံအတွက် ဘယ်လိုအဓိပ္ပာယ်ရှိသလဲ

မြန်မာရွေးကောက်ပွဲ ထိုင်းနိုင်ငံအတွက် ဘယ်လိုအဓိပ္ပာယ်ရှိသလဲ
မန္တလေးမြို့အောင်မြေသာစံမြို့နယ်တွင် NLD ပါတီအောင်နိုင်ရေးအတွက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက စက်ဘီးများစီးကာ လှည့်လည်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္စျိမ)

ဘန်ကောက်၊ အောက်တိုဘာ ၂၅ ။ ။ ရက်သတ္တနှစ်ပတ်တာအချိန်အတွင်း မြန်မာရွေးကောက်ပွဲတွင် မည်သူနိုင်သည်ဖြစ်စေ၊ နယ်စပ်လုံခြုံရေး၊ အလုပ်သမားနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် မြန်မာရွေးကောက်ပွဲရလဒ်က ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုရှိလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

အာဏာရ ပြည်ခိုင်ဖြိုးပါတီက ဖွဲ့စည်းပုံအခြခံဥပဒေကို ပြုပြင်ပြောင်းလဲရန်နှင့် အများစုမှာ ထိုင်း-မြန်မာနယ်စပ်အနီးတွင် လှုပ်ရှားနေကြသည့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများကြား ပဋိပက္ခများ ပြေလည်ရေး ဖက်ဒရယ်ပြည်ထောင်စုသို့ ရှေ့ရှုချီတက်ရန် သန္နိဌာန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ အဓိက ပေါ်လစီပလက်ဖောင်းမှာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေးပင်ဖြစ်သည်။ မြန်မာအလုပ်သမားများကို ပြည်ပထွက် အလုပ်အကိုင်ရှာဖွေစေရန် တွန်းအားပေးနေသည့် အလုပ်အကိုင်အခွင့်အလမ်းကင်းမဲ့မှုသည်ပင်လျှင် လက်ရှိအစိုးရ၏ ပျက်ကွက်မှုပင်ဖြစ်သည်ဟု NLD က ပြောကြားခဲ့သည်။

‘သန်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံက အလုပ်ပေးထားရတာကိုက NLD ရဲ့ စကားနဲ့ ကိုက်ညီနေတယ်’ဟု နာရီဆူအန်တက္ကသိုလ် မြန်မာဘာသာစကားဌာန ညွှန်ကြားရေးမှူး ဝီရတ် နီယွမ်တန်က ပြောကြားခဲ့သည်။

ထိုင်း-မြန်မာ စီးပွားရေးဖိုရမ်ကို တည်ထောင်သူလည်းဖြစ်၊ အတွင်းရေးမှူးချုပ်ဟောင်းလည်းဖြစ်သည့် သာနစ်ဆိုရတ်၏ ပြောကြားချက်အရ လက်ရှိထိုင်းနိုင်ငံတွင် စာရင်းဝင် မြန်မာရွှေ့ပြောင်းအခြေချ ၁.၆သန်း အလုပ်လုပ်ကိုင်လျှက်ရှိပြီး မှတ်ပုံမတင်ရသေးသည့် နောက်ထပ် ၁.၆သန်းလည်း ရှိသေးသည်ဟု ဆိုသည်။

‘အလုပ်သမားအများစုက နိုင်ငံကူးလက်မှတ်မရှိတဲ့အပြင် မှတ်ပုံတင်လည်း မရှိကြပါဘူး။ ထိုင်းနဲ့ မြန်မာအစိုးရသစ်ဟာ ဒီရွှေ့ပြောင်းအခြေချအရေးကို ဖြေရှင်းဖို့ ပူးပေါင်းလုပ်ကိုင်ရပါလိမ့်မယ်’ဟု ၎င်းက ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံအတွင်း ထိုင်းနိုင်ငံပါဝင်နေသည့် စီးပွားရေးအခန်းကဏ္ဍမှာ အရေးပါနေဦးမည်ဟု ဧကန်မပြောနိုင်ပါ။ PTT၏ ၂၆နှစ်ကြာ စွမ်းအင်ကဏ္ဍတွင် ပါဝင်မှုကြောင့် တစ်ခါက နံပါတ်တစ် ရင်းနှီးမြှုပ်နှံသူဖြစ်ခဲ့သော်လည်း နှစ်ပေါင်း၅၀ကြာပြီးနောက် မြန်မာက စီးပွားရေးကို ဖွင့်ပေးလိုက်သည့်အခါတွင် ထိုင်းနိုင်ငံ၏ သြဇာမှာ တဖြည်းဖြည်း လုံးပါးပါးသွားဖို့ ရှိနေပါသည်။

‘ထိုင်းနိုင်ငံက အရေးပါတဲ့အဆင့်မှာ မရှိတော့ပါဘူး။ ဒါက မြန်မာနိုင်ငံဟာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုနှံမှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို တိုးတိုးပြီး ရရှိနေတယ်ဆိုတာကို ပြနေပါတယ်’’ဟု မစ္စတာ သာနစ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ထိုင်းရင်းနှီးမြှုပ်နှံမှုများမှ စွမ်းအင်ကဏ္ဍမှသည် ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရန် ဂျပန်၊ မြန်မာနှင့် ထိုင်းနိုင်ငံကြား မကြာသေးမီက လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအထိ ကဏ္ဍစုံပါဝင်နေသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဘွန်ရွန်ဂရတ်ဆေးရုံမှာလည်း မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဆေးခန်းနှင့် ရောဂါရှာဖွေရေးဝန်ဆောင်မှုများ လုပ်ကိုင်ရန် မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ကို ရရှိထားပြီးဖြစ်သည်။  

PricewaterhouseCoopers မှ မန်နေဂျာတစ်ဦးဖြစ်သည့် ဂျော့ မက္ကလုကမူ ထိုင်းမှာ မြန်မာနိုင်ငံတွင် အလွန်အောင်မြင်လျှက်ရှိပြီး မြန်မာနိုင်ငံရေး အပြောင်းအလဲဒဏ်ကို အနာက်နိုင်ငံများထက် ပိုမိုကျော်ဖြတ်နိုင်သည့် အခွင့်သာသည့် အနေအထားတွင် ရှိနေသည်ဟု ပြောကြားခဲ့သည်။

‘လမ်းကြောင်းက ရွေးကောက်ပွဲရလဒ်နဲ့ မသက်ဆိုင်ဘဲ ဆက်သွားနေဦးမယ့်သဘောရှိတယ်’’ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့ဟူ၍ ရှိနေသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများမှာ ခေါင်ခိုက်နေသည့် မြေဈေးနှုန်းကြီးမြင့်မှုများနှင့် တစ်ခါတစ်ရံ ဆယ်ရက်ကျော်ကြာမြင့်တတ်သည့် ရှုပ်ထွေးသည့် ငွေလွဲမှုလုပ်ငန်းစဉ်များနှင့် ရင်ဆိုင်နေကြရသည်။

‘အစိုးရသစ်က ဘဏ္ဍာရေးကဏ္ဍမှာ ငွေလွှဲရ လွယ်ကူအောင် ဥပဒေတွေ ဖြေလျော့ပေးတာမျိုး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ဖို့ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဆင်ဖွယ်ရှိတယ်’’ဟု မစ္စတာ သာနစ်က ပြောကြားခဲ့သည်။

ဖက်ဒရယ်စနစ်နှင့် တိုင်းရင်းသားအုပ်စုအားလုံးနှင့် ငြိမ်းချမ်းရေးယူရန် ပြည်ခိုင်ဖြိုး၏ တွန်းအားပေးမှုသည်လည်း ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုအတွက် အဓိကကျပါသည်။ ‘ကျနော်တို့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့အခါ အစိုးရဆီကသာမက၊ ကရင်လို တိုင်းရင်းသားအုပ်စုတွေဆီကပါ ခွင့်ပြုချက်ရရပါတယ်’’ဟု မစ္စတာ သာနစ်က ပြောကြားခဲ့သည်။
တိုင်းရင်းသားလူနည်းစုများနှင့် ကာလကြာရှိနေခဲ့သည့် ပြဿနာများကို ငြိမ်းငြိမ်းချမ်းချမ်း မဖြေရှင်းနိုင်သရွေ့ စစ်မှန်သောဒီမိုကရေစီ မဖြစ်နိုင်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး ပီဆနု ဆူဗာနာဂျာတာက မကြာသေးမီက ဆမီနာတစ်ခုတွင် ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly