သမ္မတ သီးသန့်ညွှန်ကြားချက်ကြောင့် ရွေးကောက်ပွဲ ဝင်ရဟု ဗိုလ်မှူးကြီးဟောင်း တသီးပုဂ္ဂလအမတ်လောင်းဆို

သမ္မတ သီးသန့်ညွှန်ကြားချက်ကြောင့် ရွေးကောက်ပွဲ ဝင်ရဟု ဗိုလ်မှူးကြီးဟောင်း တသီးပုဂ္ဂလအမတ်လောင်းဆို

နိုင်ငံရေး အခြေအနေအရနှင့် နိုင်ငံတော်အကြီးအကဲ၏ သီးသန့် တာဝန်ပေးမှုကြောင့် ရွေးကောက်ပွဲ ဝင်ပြိုင်ရခြင်း ဖြစ်သည်ဟု နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် တသီးပုဂ္ဂလဝင်ပြိုင်မည့် အမတ်လောင်းဖြစ်သူ ဗိုလ်မှူးကြီးဟောင်း တစ်ဦးက မဇ္ဈိမကို ပြောဆိုလိုက်သည်။

“တသီးပုဂ္ဂလ ဆိုပေမယ့် နိုင်ငံတော ်အကြီးအကဲက ခိုင်းတာပါပဲ။ တာဝန် ပေးတာပါ။ နိုင်ငံတော် အကြီးအကဲက တာဝန်ပေးလို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ တသီးပုဂ္ဂလဆိုတာလည်း သီးသန့်တာဝန်ပေးတာနဲ့ ကျွန်တော်တို့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု နေပြည်တော် ကောင်စီဝင်ဟောင်းဖြစ်သူ ဗိုလ်မှူးကြီး အငြိမ်းစား ဦးမြင့်အောင်သန်းက ပြောသည်။

တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးမြင့်အောင်သန်း အပါအဝင် နေပြည်တော ်ကောင်စီဝင်(၅)ဦးသည် မူလက အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ရန် အမည်စာရင်း ပေးခဲ့သော်လည်း ယင်းတို့ကို မရွေးချယ်ခဲ့သဖြင့် တသီးပုဂ္ဂလ ဝင်ပြိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော် နေရာတွင် ဝင်ပြိုင်မည့် တသီးပုဂ္ဂလ အမတ်လောင်း ဦးမြင့်အောင်သန်းက အောက်တိုဘာ ၂၄ရက်တွင် ကားအစီးရေ ၅၇စီး၊ လူဦးရေ နှစ်ထောင်ခန့်ဖြင့် မဲဆန္ဒနယ်အတွင်း လှည့်လည်ကာ မဲဆွယ် စည်းရုံးရေးဆင်းစဉ် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

တသီးပုဂ္ဂလအမတ်လောင်း ဦးမြင့်အောင်သန်း၏ အဆိုပါ မဲဆွယ်စည်းရုံးမှုတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌဖြစ်သူ သမ္မတဦးသိန်းစိန်၏ ဓာတ်ပုံပါ ပိုစတာများ ချိတ်ဆွဲကာ မဲဆွယ်စည်းရုံးသည်ကို တွေ့ရသည်။

ထို့ပြင် နိုင်ငံ၊ အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်ဖို့ ဦးမြင့်အောင်သန်းကို မဲပေးစို့ ဟူသည့် လက်ကမ်း စာစောင်များကိုလည်း မြို့နယ်အတွင်း လှည့်လည် မဲဆွယ်စဉ် ဖြန့်ဝေခဲ့သည်။

လက်ကမ်းစာစောင်ပါ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်မည့် အစီအစဉ်အပေါ် ဦးမြင့်အောင်သန်းအား မဇ္ဈိမက မေးမြန်းရာ “ညီလေးရော ဗုဒ္ဓဘာသာ မဟုတ်ဘူးလား၊ ဗုဒ္ဓဘာသာတိုင်းကတော့ ကိုယ့်ရဲ့ အမျိုးဘာသာကို ကာကွယ် စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်။ လူမျိုးပျောက်လို့လည်း မရဘူး။ ဘာသာ ပျောက်လို့လည်း မရဘူး” ဟု ၎င်းက ဆိုသည်။

ဦးမြင့်အောင်သန်းသည် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဦးသိန်းစိန်က တိုက်ရိုက်ခန့်အပ်သည့် နေပြည်တော်ကောင်စီဝင် တစ်ဦးဖြစ်သည်။ နေပြည်တော် ကောင်စီနယ်မြေတွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် အမတ်လောင်း ၄၃ဦးအနက် တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ကြမည့် အမတ်လောင်း ၈ဦး ပါဝင်သည်။

ထို (၈)ဦးအနက် နေပြည်တော်ကောင်စီဝင် (၅)ဦး ပါဝင်သည်။ ယင်းတို့မှာ ဦးမြင့်အောင်သန်းအပါအဝင် ဦးမျိုးညွှန့်၊ ဦးသန်းဌေး၊ ဦးမြင့်ဆွေနှင့် ဦးမြင့်ရွှေတို့ ဖြစ်သည်။

၎င်းင်းတို့အပြင် ယခင် ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်း၊ သမ္မတနှင့်နီးစပ်သူ ဦးကိုကိုကျော်တို့မှာလည်း တသီးပုဂ္ဂလအဖြစ် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ဦးကိုကိုကျော်မှာမူ ကြံ့ခိုင်ရေးပါတီ၏ ပူးတွဲဥက္ကဌအဖြစ် ဖယ်ရှားခံရသူ သူရဦးရွှေမန်းဝင်ပြိုင်မည့် ဖြူးမြို့နယ်တွင် အရွေးချယ်ခံမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly