ကိုကိုးကျွန်းရှိ တပ်မိသားစုဝင်များကို မဲဆွယ်ခွင့် အတိုက်အခံအမတ်များမရ

ကိုကိုးကျွန်းရှိ တပ်မိသားစုဝင်များကို မဲဆွယ်ခွင့် အတိုက်အခံအမတ်များမရ

ကိုကိုးကျွန်း မဲဆန္ဒနယ်အတွင်း မဲဆန္ဒပေးခွင့်ရှိသူ ဦးရေ၏တစ်ဝက်ကျော်ရှိသည့် တပ်မိသားဝင် မဲဆန္ဒရှင်များနှင့် ရွှေ့ပြောင်းလုပ်သား မဲဆန္ဒရှင်များကို အတိုက်အခံ အမတ်လောင်းများ မဲဆွယ်စည်းရုံးခွင့် မရရှိကြောင်း NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုကိုးကျွန်း မြို့နယ်၊ ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးဝင်းမင်းက အောက်တိုဘာ ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

"ကန့်သတ်နယ်မြေတွေ အများကြီးပဲ၊ တပ်မိသားစုတွေ ရှိတဲ့နေရာတွေပါ။ အဲဒီကိုဝင်ဖို့ မြို့နယ်ကော်မရှင်ကို ခွင့်တောင်းတာ ခွင့်မပြုဘူးလု့ိ အကြောင်းပြန်တယ်။ ဒါပေမယ့် ပြည်ခိုင်ဖြိုးအလံ၊ စတေကာ၊ အင်္ကျီတွေကတော့ အဲဒီထဲမှာ တွေ့ရတယ်" ဟု ဆိုသည်။

ကိုကိုးကျွန်းမြို့နယ်တွင် မဲပေးခွင့်ရှိသူ တပ်မတော်သားနှင့် မိသားစုဝင် ၆၁၇ဦး၊ အရပ်သား ၅၀၀ ဦးနှင့် ရွှေ့ပြောင်းမဲဆန္ဒရှင် ၃၀၀ ကျော်ထိ ရှိနေပြီး၊ တပ်မတော်သားနှင့် ယင်းတို့ မိသာစုများအပါအဝင် တပ်မတော် ဆောက်လုပ်ရေး တပ်အတွင်းရှိ ရွှေ့ပြောင်းလုပ်သား မဲဆန္ဒရှင်များကိုလည်း မဲဆွယ်စည်းရုံးခွင့် မရကြောင်း ဦးဝင်းမင်းက ပြောသည်။

ကန့်သတ်နယ်မြေဟု ဆိုင်းဘုတ် တပ်ဆင်ထားသည့် နေရာများသို့ ဝင်ရောက် မဲဆွယ်စည်းရုံးရန် NLD အမတ်လောင်းများက ခရိုင်ကော်မရှင်နှင့် မြို့နယ် ကော်မရှင်တို့ထံ အောက်တိုဘာ ၂၄ ရက်၊ နံနက် ၁၁နာရီတွင် စာရေးသား ခွင့်တောင်းခဲ့သည်ဟုလည်း ဦးဝင်းမင်းက ဆိုသည်။

မြို့နယ်ကော်မရှင် ဥက္ကဌကိုယ်တိုင်က ယင်းနေ့ နေ့လည် ၁နာရီခွဲတွင်ပင် အဆိုပါ နေရာများသို့ ဝင်ရောက် မဲဆွယ်စည်းရုံးခွင့် မရှိကြောင်း အမတ်လောင်းများထံ ဖုန်းဆက် အသိပေးခဲ့သည်ဟု ဦးဝင်းမင်းက ပြောသည်။

ကန့်သတ်နယ်မြေဟု သတ်မှတ် ဆိုင်းဘုတ် တပ်ဆင်ထားသည့် နေရာအချို့သို့ ပြည်ခိုင်ဖြိုး ပါတီက မဲဆွယ်စည်းရုံးမှုများ ရှိခဲ့သည်ဟုလည်း အမည်မဖော်လိုသည့် ကိုကိုးကျွန်း ဒေသခံအချို့က ပြောသည်။

"အမှတ် ၂၇ ရေတပ်ထဲမှာ လွန်ခဲ့တဲ့ ၁၀ ရက်ကပဲ ပြည်ခိုင်ဖြိုးက ကိုယ်စားလှယ် လောင်းရယ်၊ သူတို့ရဲ့ နောက်လိုက်တွေလည်း ပါတယ်။ မဲဆွယ်တာ ကျွန်တော်တို့ ကိုယ်တိုင် တွေ့ပါတယ်။ ရက်အတိအကျ မမှတ်မိပေမယ့်။ သူတို့တွေ တပ်ထဲသွားတာ တွေ့တယ်" ဟု အမည်မဖော်လိုသည့် ကိုကိုးကျွန်း ဒေသခံ အမျိုးသားက မဇ္ဈိမကို ပြောသည်။

ကန့်သတ်နယ်မြေများအတွင်း ဝင်ရောက်မဲဆွယ်ရန် NLD ပါတီမှ ပေးပို့သည်ဟုဆိုသည့် ခွင့်တောင်းသည့် စာကို တောင်ပိုင်းခရိုင် ကော်မရှင်အနေဖြင့် မိမိမှ လက်ခံရရှိထားခြင်း မရှိသေးကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမြတ်စိုးက အောက်တိုဘာ ၂၄ရက်၊ နေ့လည် ၃နာရီခန့်တွင် တယ်လီဖုန်းမှ တစ်ဆင့် မဇ္ဈိမသို့ ဖြေကြားသည်။

"ကိုကိုးကျွန်းဆိုတာ တပ်အခြေစိုက်တဲ့ နေရာ မဟာဗျူဟာ နယ်မြေ၊ ကိုယ့်နေရာ သူများမယူအောင်လို့ တပ်က သွားအခြေစိုက် ထားတဲ့နေရာပါ။ တပ်ကဝင်ခွင့် မပြုပါဘူး ဆိုတဲ့နေရာကို ကျွန်တော်တို့ကလည်း ဝင်ခွင့်ပေးပါလို့မှ ပြောလို့မရတာ။ ပြိုင်ဖက် ကလည်း တပ်ကထွက်တဲ့သူ ဆိုတဲ့အခါ တပန်းသာတယ်ဆိုတာ ဟုတ်တယ်။ ဒါကလည်း သူအခွင့်အရေး သူယူတာပဲလို့ပဲပြောနိုင်ပါတယ်" ဟု ပြောသည်။

ကိုကိုးကျွန်းသို့ မဲဆွယ်စည်းရုံးရန် NLD အမတ်လောင်းများနှင့် ကိုယ်စားလှယ်များ အပါအဝင် ၁၀ဦးက အောက်တိုဘာ ၂၀ရက်မှသာ မဲဆွယ်စည်းရုံးရေး အတွက် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန စီမံခန့်ခွဲခွင့်ရ သင်္ဘောဖြင့် သွာရောက်ခွင့် ရရှိခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly