ကျေးလက် အမျိုးသမီးများ ကျန်းမာရေးအတွက် ကိုယ်စားပြုဆွေးနွေးမည့် အမျိုးသမီး အမတ် လိုအပ်

ကျေးလက် အမျိုးသမီးများ ကျန်းမာရေးအတွက် ကိုယ်စားပြုဆွေးနွေးမည့် အမျိုးသမီး အမတ် လိုအပ်

ကျေးလက်ဒေသရှိ အမျိုးသမီးများ ကျန်းမာရေး စောင့်ရှောက်မှုမရ၍  မိခင်ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်း များနေသည့်အပေါ် ဖြေရှင်းနိုင်ရန် မူဝါဒများ ချမှတ်သည့်အခါ ကိုယ်စားပြုဆွေးနွေးနိုင်သည့် အမျိုးသမီး ကိုယ်စားလှယ် အများစုလွှတ်တော်၌ လိုအပ်နေကြောင်း ပြည်ကြီးခင်အဖွဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်နွယ်ဇင်ဝင်း ကပြောသည်။

လက်ရှိလွှတ်တော်တွင် အမျိုးသမီးကိုယ်စားလှယ် ၅၃ ဦးသာရှိနေ၍ လာမည့်လွှတ်တော်၌ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် ၃၀ % ပါဝင်ခွင့်ရရန် တောင်းဆိုမှုများ ရှိခဲ့သောလည်း အောင်မြင်မှု မရှိခဲ့ပေ။

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက လွှတ်တော်ထဲသို့ အမျိုးသမီး ကိုယ်စားလှယ် ရောက်ရှိမှုနည်းပါးခြင်းမှာ နိုင်ငံရေး အခြေအနေကြောင့်ဟု ပြောသည်။

“အမျိုးသမီးက အမြဲတမ်းနောက်တန်းမှာပဲ ရှိတဲ့အခါကျတော့ အခုလိုနိုင်ငံရေး ကိစ္စရပ်တွေ ဖြစ်လာတဲ့ အခါကျတော့ ၂၀၁၀မှာပဲကြည့်ကြည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာပဲ ကြည့်ကြည့် တော်တော်လေးကို အင်အား နည်းနေတာကိုတွေ့ရတယ်” ဟုသူမကဆက်ပြောသည်။

နိုင်ငံ၏ အပြောင်းအလဲကာလ၊ ရွေးကောက်ပွဲတို့ ပေါ်ပေါက်လာချိန်တွင် အမျိုးသမီး အပါအဝင် ပြည်သူအားလုံး အနေဖြင့် အဆင်သင့်မဖြစ်ခဲ့၍ လွှတ်တော် ကိုယ်စားလှယ်အဖြစ် နိုင်ငံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အခက်အခဲများ ရှိခဲ့ကြောင်းလည်း ဒေါ်ဖြူဖြူသင်းကဆိုသည်။

ရွေးကောက်ပွဲတွင် အနိုင်ရပါက အမျိုးသမီးများအတွက် အကြမ်းဖက်မှုမှ ကာကွယ်ရေး၊ အခမဲ့ပညာရေး၊ စွမ်းရည်မြင့်တင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းစသည့် ကဏ္ဍများ၌လည်း ဥပဒေနှင့် မူဝါဒများချ မှတ်ပြဌာန်းနိုင်ရန် ကျိုးစားသွားမည်ဟု အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းအချို့က ပြောဆိုထားသည်။

ချင်းတိုးတက်ရေးပါတီက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် လောင်း ဒေါ်ချယ်ရီဇက်ဟောင်း ကမူ အမျိုးသမီးများကို ခေါင်းဆောင်မှုပိုင်းတွင် နေရာ သိပ်မပေးသလို အမျိုးသားများပြောဆိုမှ ခိုင်လုံသည်ဟု ယူဆနေသည့် လူထု၏ အတွေးအခေါ်များကိုပြောင်းလဲအောင် မနည်းကြိုးစားနေရသည်ဟုခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၈၀၀ ကျော် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly