၂ဝ၁၅ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ

၂ဝ၁၅ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ

စစ်အုပ်ချုပ်မှု စနစ်အောက်တွင် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီးနောက် မြန်မာနိုင်ငံသည် နိုဝင်ဘာ ၈ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားရာ ၂၅ နှစ်အတွင်း နိုင်ငံရေးပါတီများ အားလုံး ပါဝင်ယှဉ်ပြိုင်ကြမည့် ရွေးကောက်ပွဲ ဖြစ်လာမည် ဖြစ်သည်။

စစ်တပ်နှင့် ဆက်စပ်သည့် သမ္မတဦးသိန်းစိန်၏ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီသည် မဲအပြတ်အသတ် အနိုင်ရရန် အဓိကပြိုင်ဘက်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ တိုင်းရင်းသား ပါတီတချို့ ကလည်း ၎င်းတို့၏ သက်ဆိုင်ရာ နယ်မြေများတွင် အနိုင်ရရန် ယှဉ်ပြိုင်သကဲ့သို့ ပါတီငယ်လေးများ ကလည်း ဗမာလူမျိုးများ အဓိကနေထိုင်သည့် မဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အဓိကအချက်များ

- ၂ဝ၁၄ ခုနှစ် သန်းကောင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၅ သန်းရှိသည့်အနက် အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးခွင့်ရှိသူ အရေအတွက်မှာ ၃၃ သန်း ဖြစ်သည်။

-  စစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂ဝဝ၈ ခုနှစ်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ၂ဝ၁ဝ တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပြတ်အသတ် အနိုင်ရမည့် အခြေအနေဖြစ်အောင် စီစဉ်ခဲ့သည့် ရွေးကောက်ပွဲအဖြစ် သတ်မှတ်ခံရသည်။ ၂ဝ၁၂  တွင် ကြားဖြတ် ရွေးကောက်ပွဲကို ပါတီအားလုံး ပါဝင်ခွင့်ရရှိအောင် ကျင်းပပေးခဲ့ရာ မဲဆန္ဒနယ် ၄၄ ခုအနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၄၃ နေရာတွင် အနိုင်ရသည်။

- မဲပေးခွင့် ကဒ်ပြားများအား သက်ဆိုင်ရာ ကော်မရှင်ခွဲများက ရွေးကောက်ပွဲ မကျင်းပမီ တစ်ပတ် မတိုင်ခင် ထုတ်ပေးရမည်ဖြစ်ပြီး မဲပေးမည့်သူများက နိုင်ငံသား မှတ်ပုံတင်ပြကာ အဆိုပါ ကဒ်ပြား များကို ထုတ်ယူရမည်။

-   နိုဝင်ဘာ ၈ တနင်္ဂနွေနေ့ မဲပေးနိုင်သည့် အချိန်မှာ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်မည်။

-   မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်အတွက် ၃၂၅ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၆၈ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် ၆၇၃ နေရာ ဖြစ်သည်။ လွှတ်တော်အား လုံးတွင် နေရာ၂၅ ရာခိုင်နှုန်းကို တပ်မတော်သား ကိုယ်စားလှယ်များက အလိုအလျောက် ရရှိမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ထိုကိုယ်စားလှယ်များကို လူထုကရွေးချယ်ရန် မလိုဘဲ တပ်မတော်က ရွေးချယ် ခန့်အပ်မည် ဖြစ်သည်။

- မဲဆန္ဒနယ် တစ်ခုလုံးတွင် ထောက်ခံမဲ အရေအတွက်ပေါ် မူတည်ပြီး အနိုင်အရှုံးကို ဆုံးဖြတ်မည်။

ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ နိုင်ငံရေးပါတီပေါင်း ၉၁ ခုပါ ဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပါတီတစ်ခုချင်းစီမှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် အရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

ပါတီ ကိုယ်စားလှယ်အရေအတွက်
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၁,၁၃ဝ
 ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၁,၁၃ဝ
 တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၇၅၇
 အမျိုးသား တိုးတက်ရေးပါတီ ၃၅၃
 မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ၂၈၆
 အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ၂၇၄
 ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၂ဝ၆
 ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ၁၅၈
 ကရင်ပြည်သူ့ပါတီ ၁၁၇
 ရခိုင်အမျိုးသားပါတီ ၇၇
 တစ်သီးပုဂ္ဂလ ၃ဝ၉

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly