မဲပေးရာတွင် ပြည်ပမှာကဲ့သို့ အခက်အခဲကြံုမည်ကို ပြည်တွင်း မဲဆန္ဒရှင်မသန်စွမ်းများ စိုးရိမ်နေ

မဲပေးရာတွင် ပြည်ပမှာကဲ့သို့ အခက်အခဲကြံုမည်ကို ပြည်တွင်း မဲဆန္ဒရှင်မသန်စွမ်းများ စိုးရိမ်နေ

ပြည်ပရောက် မြန်မာနိုင်ငံသားများ ဆန္ဒအလျောက် ကြိုတင်မဲ သွားပေးချိန်တွင် အဆင်မပြေမှုများ ကြုံတွေ့ နေရသည့်အတွက် ပြည်တွင်း၌ မဲပေးချိန်တွင်လည်း မသန်စွမ်းများ အခက်အခဲရှိလာမည်ကို စိုးရိမ်နေကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာ မြတ်သူဝင်းက ပြောသည်။

“အခုအချိန်မှာ ပြည်သူပြည်သားတွေ အများစုဟာကိုယ့်ရဲ့ အသိစိတ်နဲ့သာ ဆန္ဒမဲပေးဖို့ ပြင်းပြနေသော်လည်းပဲ ကျွန်တော်ယူဆ တာကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းအနေနဲ့က အဟန့်အတားတွေ အများကြီး ရှိနေတယ်။” ဟု ၎င်းက ဆက်ပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၂ သန်းကျော်၊ နိုင်ငံလူဦးရေ၏ ၄.၆ ရာခိုင်နှုန်း ရှိနေပြီး မဲပေးနိုင်သည့် အသက်အရွယ်ရှိသူ ဦးရေမှာ ၂သန်း ခန့်ရှိနေသည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အစိုးရနှင့် လူထုအဖွဲ့အစည်းများက အသိပညာပေး ဟောပြောမှုများ ပြုလုပ်လာသည့်အတွက်၂၀၁၀ ထက် ယခုနှစ် ရွေးကောက်ပွဲတွင် မသန်စွမ်း အမျိုးသမီးများ မဲပေးမှုနှုန်း ပိုများလာနိုင်ကြောင်း မသန်စွမ်းအမျိုးသမီးများအသင်း ဥက္ကဌ ဒေါ်ငယ်ငယ်အေးမောင်ကလည်း ပြောသည်။

မှတ်ပုံတင်ရရန်၊ မဲစာရင်းများတွင်ပါ၊ မပါစစ်ရန်၊ စံပြမဲရုံ မဟုတ်သည့် မဲရုံများတွင် အရပ်ဖက်အဖွဲ့ အစည်းများက ကူညီနိုင်ရန်အတွက် ပြင်ဆင်နေသည်ကိုတွေ့နေရ၍ မသန်စွမ်းများအတွက် ထည့်သွင်း စဉ်းစားပေးလာပြီဟု ဆိုနိုင်သောလည်း ထူးခြားသည့် အထူးဝန်ဆောင်မှုများမှာ အများကြီး လိုနေသေးသည်ဟု ဒေါက်တာ မြတ်သူဝင်းကဆိုသည်။

“ကျွန်တော်တို့ မသန်စွမ်းတွေအတွက် ထည့်သွင်း စဉ်းစားထားမှုက အရမ်းအားနည်းနေတာ တွေ့ရတယ်” ဟု ၎င်းကဆက်ပြောသည်။

၂၀၁၀၊ ၂၀၁၂ ရွေးကောက်ပွဲများတွင် မဲရုံအဖြစ် အသုံးပြုခဲ့သည့် စာသင်ကျောင်းများမှာ မသန်စွမ်းများ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရန် အခက်အခဲများရှိခဲ့ရာ လာမည့်ရွေးကောက်ပွဲတွင် မသန်စွမ်းသူတို့ အဆင်ပြေသွားလာနိုင်မည့် စံပြမဲရုံများ တည်ဆောက်ရန် IFES က အစိုးရကို အကြံပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly