သတင်းမီဒီယာ ရွေးကောက်ပွဲ ရွေးချယ်ရေးလုပ်ငန်းစဉ်ကို ထောက်ခံကြောင်း မီဒီယာအဖွဲ့လေးခု ကြေငြာ

သတင်းမီဒီယာ ရွေးကောက်ပွဲ ရွေးချယ်ရေးလုပ်ငန်းစဉ်ကို ထောက်ခံကြောင်း မီဒီယာအဖွဲ့လေးခု ကြေငြာ

ရန်ကုန်၊ အောက်တိုဘာ ၂၀ ။         ။ သတင်းမီဒီယာကောင်စီရွေးကောက်ပွဲကို အောက်တိုဘာ ၂၁ရက်တွင် ပြုလုပ်မည်ဖြစ်ရာ ကောင်စီ ကိုယ်စားလှယ်များ ရွေးချယ်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ချွင်းချက်မရှိ ထောက်ခံကြိုဆိုကြောင်း သတင်းမီဒီယာ အဖွဲ့အစည်းများက အောက်တိုဘာ ၂၀ရက်တွင် စုပေါင်းကြေငြာချက် ထုတ်ပြန်လိုက်သည်။

ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်၌ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် သတင်း မီဒီယာကောင်စီ ရွေးချယ်တင်မြှောက်ပွဲကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် အောက်တိုဘာ ၂၁ရက်၌ ကျင်းပမည်ဖြစ်သည်။

ထိုရွေးကောက်ပွဲမတိုင်မီ သတင်းမီဒီယာအဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း - Myanmar Journalists Association (MJA)၊ မြန်မာဂျာနယ်လစ်ကွန်ရက် - Myanmar Journalists Network (MJN)၊ မြန်မာစာနယ်ဇင်းသမဂ္ဂ- Myanmar Journalists Union (MJU)၊ နိုင်ငံတကာမြန်မာသတင်းဌာန - Burma News International (BNI) တို့ဖြစ်ကြသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်မှ အမှုဆောင်ဖြစ်သူ ဦးမြင့်ကျော်က ''မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ ဖွဲ့စည်းဖို့လုပ်တဲ့အခါ တချို့သတင်းမီဒီယာသမားတွေက အမြင်မတူတာတွေရှိတယ်။ အချိန်ကာလတို့၊ လုပ်ပုံလုပ်နည်းတို့မှာ အမြင်မတူတာရှိတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေလည်းရှိကြတယ်။ သတင်းသမား မီဒီယာတွေ ကောင်းအောင်လုပ်တာဖြစ်လို့ ကျွန်တော်တို့က ဒီထုတ်ပြန်ချက် ထုတ်လိုက်တာပါ'' ဟု မဇ္ဈိမသို့ပြောသည်။

ရွေးချယ်တင်မြှောက်ပြီး ဖြစ်ပေါ်လာမည့် သတင်းမီဒီယာကောင်စီတွင် မိမိတို့ သတင်းမီဒီယာ အဖွဲ့အစည်းများသည် အခြားအဖွဲ့အစည်းများ၊ သတင်းသမားများနှင့် ညီညွတ်စွာ လက်တွဲပြီး
သတင်းမီဒီယာလောက တိုးတက်ဖွံ့ဖြိုးရေး နှင့် သတင်းသမားများ အကျိုးဆောင်ကြဉ်းရေးကို လွတ်လပ်စွာ ဆောင်ရွက်နိုင်မည်ဟု ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းအပြင် မကြာသေးမီက အတည်ပြုပြီးသော သတင်းမီဒီယာဥပဒေနှင့် နည်းဥပဒေများအရ စာနယ်ဇင်းကောင်စီသည် ရွေးချယ်ပွဲမှ ပေါ်ထွက်လာမည့် သတင်းမီဒီယာကောင်စီအား တာဝန်လွှဲပြောင်းပေးရမည် ဖြစ်သည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)သည် ပြောင်းလဲလာသော မြန်မာသတင်းမီဒီယာ လောက အတွက် ၂၀၁၂ ခုနှစ်မှ စတင်၍ သတင်းမီဒီယာဥပဒေရေးဆွဲခြင်း၊ သတင်းမီဒီယာကျင့်ဝတ် ရေးဆွဲ ထုတ်ပြန်ခြင်း၊ သတင်းမီဒီယာအချင်းချင်း၊သတင်းမီဒီယာနှင့် အခြားအဖွဲ့အစည်း သို့မဟုတ် တသီးပုဂ္ဂလအကြား ဖြစ်ပွားသော ပဋိပက္ခများကို ညှိနှိုင်းဖြန်ဖြေပေးခြင်း၊ သတင်းသမားများအတွက် အရည်အသွေးမြှင့်တင်သော သင်တန်းများပြုလုပ်ပေးခြင်း၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍ သတင်းမီဒီယာကျင့်ဝတ်ဆိုင်ရာ လမ်းညွှန်ချက်များပြုစုခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့သည်။

သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ သတင်းမီဒီယာကောင်စီဝင်များ ရွေးချယ်တင် မြှောက်ရေးတွင် MJA, MJN, MJU နှင့် BNI တို့က ဝင်ရောက် ရွေးချယ်ခံရန်အတွက် ထောင်ချီသော မိမိတို့ ကိုယ်စားပြုသည့် သတင်းသမားများက ကိုယ်စားလှယ်လောင်းများ ရွေးချယ် စေလွတ်ထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly