သံရုံးဝန်ထမ်းများ မညံ့ ကြိုတင်မဲပေးမှု အောင်မြင်စွာ ပြီးဆုံးဟု ပြောရန် ဝန်လေးဟု မြန်မာ သံအမတ်ဆို

သံရုံးဝန်ထမ်းများ မညံ့ ကြိုတင်မဲပေးမှု အောင်မြင်စွာ ပြီးဆုံးဟု ပြောရန် ဝန်လေးဟု မြန်မာ သံအမတ်ဆို

အမေရိကန်တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက် ကြိုတင်မဲပေးမှုသည် စက်တင်ဘာ ၁၈ ရက်တွင် ပြီးဆုံးခဲ့သော်လည်း အောင်မြင်သည်ဟု ပြောရန် ဝန်လေးသည်ဟုဆိုကာ နိုင်ငံသား အခွင့်အရေး မရခဲ့ခြင်းအတွက် များစွာ စိတ်မကောင်းပါကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထဋ်က လက်မှတ်ရေးထိုးလျက် အောက်တိုဘာ ၁၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

အမေရိကန်ရောက် မြန်မာနိုင်ငံသားများအတွက် ကြိုတင်မဲပေးခြင်းကို အောက်တိုဘာ ၁၇ ရက်မှ ၁၈ ရက် ညနေအထိ လုပ်ဆောင်ခဲ့ရာ ၁၈ ရက် ညနေ ၅ နာရီတွင် ပြီးဆုံးခဲ့သော်လည်း “အောင်မြင်စွာ ပြီးဆုံးခဲ့သည်ဟု ပြောဆိုလိုသော်လည်း အကြောင်းကြောင်းကို ထောက်ရှု၍ ဝန်လေးမိပါသည်” ဟု ဦးကျော်မျိုးထွဋ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမေရိကန်ရောက် မြန်မာများ မဲပေးနိုင်ရန် သံရုံး အင်တာနက်စာမျက်နှာတွင် ကြေညာခြင်း၊ လူမှုကွန်ယက်များတွင် ဖေါ်ပြခြင်း၊ နီးစပ်ရာ အသိပေးခြင်းတို့ လုပ်ခဲ့သော်လည်း “ကြိုတင်မဲ ပေးလိုသူအချို့၏ ဆန္ဒများ မပြည့်ဝခဲ့သည်ကို ဝမ်းနည်းစွာ ကြုံတွေ့ခဲ့ရပါသည်။ လူဦးရေ အားဖြင့် မများလှသော်လည်း ၎င်းင်းတို့၏ နိုင်ငံသား အခွင့်အရေး အပြည့်အဝ မရရှိဘဲ ဆုံးရှုံးခဲ့သည့်အတွက် များစွာ စိတ်မကောင်း ဖြစ်မိသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကြိုတင်မဲပေးရာတွင် ဆန္ဒမဲ လက်မှတ် မပြည့်စုံမှု၊ အလုံအလောက်မရမှု၊ မှားယွင်းမှုများ ဖြစ်ပေါ်ပြီးနောက် ကြိုတင်မဲများဖြင့် သံရုံးများကို ဒုက္ခပေးမိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဝန်ခံထားသည်။

“သူတို့မှာ Workload က တော်တော် များပါတယ် ကျနော်တို့က ရှင်းပါတယ် ဒီက ဘယ်နှမဲကွဆို ဟိုဘက်ကို ပုတ်ထုတ်လိုက်တာပဲ ဟိုဘက်က ခွဲတဲ့အခါ မပါသွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်” ဟု မှားယွင်းမှုများ ပေါ်ပေါက်ခဲ့သည့် ကြိုတင်မဲနှင့် ပတ်သက်၍ 5 Plus News ရုပ်သံနှင့် မေးမြန်းမှုတွင် ဖြေရှင်းခဲ့သည်။

အောက်တိုဘာ ၁၉ ရက်စွဲဖြင့် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင်လည်း “သံရုံးဝန်ထမ်းများ မညံ့ကြပါ။ သို့သော်လည်း ဖြစ်ပေါ်လာသည့် အခက်အခဲနှင့် မပြည့်စုံမှုများအတွက် မိမိတို့ သံရုံးအနေဖြင့် ကာယကံရှင်များ ကျေနပ်လောက်သည်အထိ တာဝန်ဝန် ဖြေရှင်းမပေးနိုင်ခဲ့သည့်အတွက်တော့ များစွာ စိတ်မကောင်း ဖြစ်ခဲ့ကြရသည်” ဟုလည်း ပါရှိသည်။

“အတွေ့အကြုံကလည်း နည်းတယ် သံရုံးဘက်ကလည်း သိပ်ပြီးတော့ ပြဿနာ အဖြစ်မခံချင်ဘူး ထင်ပါတယ်။ သူတို့ စိတ်ထဲမှာ ကျနော့်ဆီကို မြန်မြန် ပြန်ရောက်ဖို့ စိတ်ကူူးရှိနေတယ် တကယ့် တကယ်ဆို နှစ်ပတ်ကျော် သုံးပတ်လောက် လိုပါသေးတယ် လုံလောက်ပါတယ်” ဟုလည်း ဦးတင်အေးက ပြောဆိုထားသည်။

စင်္ကာပူ၊ မလေးရှား၊ ဗြိတိန်၊ ကိုရီးယား၊ ဂျပန်၊ အမေရိကန် စသည့်နိုင်ငံများတွင် အောက်တိုဘာ ဒုတိယပတ်နှင့် တတိပတ်များအတွင်း ကြိုတင်မဲများပေးစေရာ ဆန္ဒမဲ လက်မှတ် စုံစုံလင်လင်မရခြင်း၊ နေထိုင်သည့်နိုင်ငံ မှားယွင်းနေခြင်း၊ အမည်မပါခြင်း စသည့် မှားယွင်းမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly