နေပြည်တော် ကြံ့ခိုင်းရေး အမတ်လောင်းများ လူထုဟောပြောပွဲ ထပ်မံလုပ်ဦးမည်

နေပြည်တော် ကြံ့ခိုင်းရေး အမတ်လောင်းများ လူထုဟောပြောပွဲ ထပ်မံလုပ်ဦးမည်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အောက်တိုဘာ ၁၀ရက်၊ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့ဦး စေတီအနီး ဘောလုံးကွင်းပြင်တွင် ပြုလုပ်သည့် လူထုဟောပြောပွဲသို့ တက်ရောက်လာသည့် ပါတီဝင်များကိုတွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ)

နေပြည်တော် ကောင်စီနယ်မြေများမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုး အမတ်လောင်းများ၏ လူထု ဟောပြောပွဲကို ထပ်မံပြုလုပ်မည်ဟု ပြည်ခိုင်ဖြိုးပါတီ၏ ပြည်ထောင်စုနယ်မြေ အောင်နိုင်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးတင့်ဇော်က အောက်တိုဘာ ၁၆ရက်တွင် မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ အောက်တိုဘာ ၃၁ရက်နေ့မှာ လုပ်မှာ၊ နေရာကိုတော့ လျာထားနေတုန်းပဲ၊ အတိအကျ မသိရသေးဘူး။ အခုတော့ မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်တွေ၊ စည်းရုံးရေး ယာဉ်တွေနဲ့ မဲဆွယ် စည်းရုံးရေး လုပ်နေတယ်။ အဲဒီဟောပြောပွဲ ကျရင်တော့ ပြည်ထောင်စု နယ်မြေက အမတ်လောင်းတွေ အကုန်တက်မှာ" ဟု ပြောသည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မန္တလေးတိုင်း အတွင်းရှိ နေပြည်တော်ဟု သတ်မှတ်ထားသည့် ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ဇဗ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်တို့ကို ပြည်ထောင်စု နယ်မြေအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

ယင်းနယ်မြေ များတွင်လည်း ပြည်ခိုင်ဖြိုးပါတီမှ တပ်မတော်အငြိမ်းစားနှင့် အစိုးရ အဖွဲ့ဝင်များဖြစ်သည့် ဦးလှဌေးဝင်း(ဇေယျာသီရိ)၊ ဦးဝေလွင်(ပုဗ္ဗသီရိ)၊ ဦးလှသိန်းဆွေ(ဥတ္တရသီရိ)၊ ဦးမြတ်ဟိန်း(ဇဗ္ဗူသီရိ)၊ ဦးမြင့်လှိုင်(ဒက္ခိဏသီရိ)၊ ဒေါ်ဝင်းဝင်းသီ(ပျဉ်းမနား)၊ ဦးမောင်ဦး(တပ်ကုန်း)၊ ဦးဇင်ယော်(လယ်ဝေး) တို့က ပြည်သူ့လွှတ်တော် နေရာများသို့ ရွေးချယ်ခံ ကြမည်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ၏ လူထုဟောပြောပွဲများကို ရန်ကုန်၊ မန္တလေးမြို့များတွင် အောက်တိုဘာ ဒုတိယအပတ်မှ စတင်ကာ ပြုလုပ်လျက်ရှိပြီး၊ ကချင်ပြည်နယ်တွင် အောက်တိုဘာ ၂၀ရက်၊ ဧရာဝတီတိုင်းတွင် ၁၈ ရက်နေ့တွင် ပြုလုပ်ရန်ရှိပြီး နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် အောက်တိုဘာ ၃၁ ရက်တွင်ပြုလုပ်ရန် ပြင်ဆင်ထား သည်ဟု ပြည်ခိုင်ဖြိုးဌာနချုပ်(နေပြည်တော်) မှသိရသည်။

စက်တင်ဘာ နောက်ဆုံးအပတ်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ အမတ်လောင်းများ ပထမအကြိမ် လူထု ဟောပြောပွဲတွင်၊ ပွဲမပြီးခင် တက်ရောက်လာသည့်ပါတီဝင်များဟု ယူဆရသူများက ထပြန်ခဲ့ကြ သကဲ့သို့ အောက်တိုဘာ ၁၀ရက် ရန်ကုန်တွင် ပြုလုပ်သည့် လူထု ဟောပြောပွဲတွင်လည်း ဟောပြောပွဲ မပြီးခင် ထမပြန်ကြရန်၊ ပွဲမစမှီကပင် ပါတီဝင်များကို အခမ်းအနား စီစဉ်သူများက အသံချဲ့စက်ဖြင့် ကြိုတင်အသိပေး ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly