ရန်ကုန်၊ အောက်တိုဘာ ၁၄ ။ ။ NCA စောင့်ကြည့်ရေးနှင့် နိုင်ငံရေးမူဘောင် အကောင်အထည်ဖော်မည့် ကော်မတီဖွဲ့စည်းနိုင်ရန် JICM (Joint Implementation and Coordination Meeting) ကို အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပြီး နောက်နေ့ အောက်တိုဘာ ၁၆ ရက်တွင် ပြုလုပ်မည်ဟု ချင်းအမျိုးသားတပ်ဦး၊ အထွေထွေအတွင်းရေးမှူး ပူးဇင်ကျုံးက မဇ္ဈိမကို ပြောသည်။
အောက်တိုဘာလ ၁၄ ရက် နံနက်ပိုင်း နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီနှင့် လက်မှတ်ထိုးမည့်အဖွဲ့များ ပါဝင်သည့် အခမ်းအနားကျင်းပရေး ပူးတွဲကော်မတီအစည်းအဝေးမှ သဘောတူထားသည်ဟု ၎င်းကဆိုသည်။
အပစ်ရပ်စဲရေးစာချုပ် အကောင်အထည်ဖော်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲအစည်းအဝေး - JICM အစည်းအဝေးကို အောက်တိုဘာ ၁၆-၁၇ တွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ ၌ပင် ပြုလုပ်မည်ဖြစ်သည်။
"အောက်တိုဘာ ၁၆ နဲ့ ၁၇ မှာလုပ်မှာ။ ဦးသိန်းစိန်တက်ပြီး အစည်းအဝေးကို ဖွင့်ပေးမယ်လို့သိရတယ်။ လက်မှတ်ထိုးမယ့်အဖွဲ့တွေရယ်၊ UPWC က လူကြီးတွေရယ် တက်မယ်။ အဲဒီကနေ JMC နဲ့ UPDJC ကို ဖွဲ့ရမှာပါ။ အဲဒီအစည်းအဝေးကိုပါမယ့် ဦးရေကိုလည်း နှစ်ဖက်က ဆုံးဖြတ်ပြီးသားပါ။" ဟု အောက်တိုဘာလ ၁၄ ရက် အစည်းအဝေး တက်ရောက်သူ အခမ်းအနားကျင်းပရေးပူးတွဲကော်မတီဝင် ပူးဇင်ကျုံးကဆိုသည်။
အပစ်အခတ်ရပ်စဲရေးစာချုပ် စောင့်ကြည့်ရေးပူးတွဲကော်မတီ-JMC (Joint Monitoring Committee) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲပူးတွဲကော်မတီ-UPDJC (Union Peace Dialogue Joint Committee) တို့ကို JICM အစည်းအဝေး မှ ဖွဲ့စည်းမည်ဖြစ်သည်။
JICM အစည်းအဝေးသို့ လက်မှတ်ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့မှ ၁၆ ဦးနှင့် UPWC မှ ၈ ဦး တို့ တက်ရောက်ဆွေးနွေးကြမည်ဟု ရခိုင်လွတ်မြောက်ရေးပါတီ၊ အတွင်းရေးမှူး စောမြရာဇာလင်းက ပြောသည်။
"လက်မှတ်ထိုးမယ့်အဖွဲ့တစ်ဖွဲ့က ၂ ဦးစီ အစည်းအဝေးတက်မယ်။ UPWC က ၈ဦး တက်မယ်။ အဲဒီကနေပြီးတော့ NCA အကောင်အထည်ဖော်ဖို့ ကော်မတီတွေကို ဆက်ဖွဲ့ပြီး ဆက်ဆောင်ရွက်ရမှာ။" ဟု ၎င်းကပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားပြု အရေအတွက် ' ၁၆ 'သည် အစိုးရက အစောပိုင်းတွင် ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့သည့် ၁၆ ဖွဲ့မှ တစ်ဦးကျစီ ပါဝင်နိုင်ရေးအတွက် နှစ်ဖက် ကြိုတင်သတ်မှတ်ထားခဲ့ကြခြင်းဖြစ်သည်။
သို့သော် လက်ရှိ ၈ဖွဲ့သာ လက်မှတ်ရေးထိုးနိုင်သေးသဖြင့် လက်မှတ်ထိုးသည့်အဖွဲ့တစ်ဖွဲ့လျှင် ၂ဦး ကျစီ တက်ရောက်ရန် အခမ်းအနား ကျင်းပရေး ပူးတွဲကော်မတီအစည်းအဝေးမှ ပြန်လည်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
နောက်ဆက်တွဲလက်မှတ်ရေးထိုးလာသည့် အဖွဲ့များရှိလာပါကမူ အဆိုပါအရေအတွက် ၁၆ ဦးကို ပြောင်းလဲမည်မဟုတ်ပဲ အဖွဲ့များအကြား အချိုးကျ ပြန်လည်ပါဝင်ရမည်ဖြစ်သည်။
NCA စာချုပ်ကို လက်မှတ်ရေးထိုးပြီးသည်နှင့် ၂လအတွင်း နိုင်ငံရေးမူဘောင် ရေးဆွဲရမည်ဖြစ်ပြီး၊ ၃လအတွင်း နိုင်ငံရေး ဆွေးနွေးပွဲများကို ပြုလုပ်ရမည်ဟု စာချုပ်အတွင်း ထည့်သွင်းထားသည်။
အောက်တိုဘာလ ၁၅ ရက် နံနက် ၉နာရီတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ ၌ တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့နှင့် အစိုးရတို့ လက်မှတ်ထိုးကြမည်။