လုံခြံုရေးအဖွဲ့များနှင့် ညှိနှိုင်းပြီးမှ ရွေးကောက်ပွဲ မကျင်းပမည့်နယ်မြေ ကြေညာခဲ့ဟု ကော်မရှင်ပြော

လုံခြံုရေးအဖွဲ့များနှင့် ညှိနှိုင်းပြီးမှ ရွေးကောက်ပွဲ မကျင်းပမည့်နယ်မြေ ကြေညာခဲ့ဟု ကော်မရှင်ပြော

ရန်ကုန်၊ အောက်တိုဘာ ၁၃။ ။ လာမည့်ရွေးကောက်ပွဲတွင် မကျင်းပမည့် နယ်မြေများ ကြေညာခဲ့ခြင်းကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ဆုံးဖြတ်ခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောသည်။

"ရွေးကောက်ပွဲလုံခြုံရေးဆပ်ကော်မတီတွေ၊ သက်ဆိုင်ရာအစိုးရအဖွဲ့တွေလည်းပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့တွေရဲ့တင်ပြချက်နဲ့ ညှိနှိုင်းဆောင်ရွက်ပြီး ဆုံးဖြတ်တဲ့ကိစ္စ ဖြစ်ပါတယ်။'' ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက မဇ္ဈိမသို့ ပြောကြားသည်။

ယင်းနယ်မြေများအား လက်နက်ကိုင်အဖွဲ့အစည်းများရှိနေ၍ နယ်မြေငြိမ်းချမ်းမှုမရှိဟု သုံးသပ်ကာ ရွေးကောက်ပွဲ မကျင်းပနိုင်ဟု ထုတ်ပြန်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူးက ပြောသည်။

ယင်းသို့ နယ်မြေ မငြိမ်းချမ်းသဖြင့် ရွေးကောက်ပွဲ မပြုလုပ်နိုင်ဟုဆိုသည့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တို့မှ ကျေးရွာအုပ်စုများတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတို့မှ ကျေးရွာအုပ်စုများသည် ကရင်ကျေးရွာအုပ်စုအများစုဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကမူ ''သူတို့ပြောတဲ့အတိုင်း မလုံခြုံလို့ မငြိမ်းချမ်းလို့ ဖြစ်မှာပေါ့။ မလုံခြုံဘူးဆိုတဲ့နေရာတွေက အောက်ခြေမှာဖြစ်လို့ အတိအကျတော့ မသိဘူး။ ရွေးကောက်ပွဲ လုပ်ပေးတာ သူတို့အလုပ်။ ကျွန်တော်တို့အလုပ်မှ မဟုတ်တာ။ တိုက်ပွဲဖြစ်တာတော့ မရှိပါဘူး။'' ဟု မဇ္ဈိမသို့ ပြောကြားသည်။

ဖလုံ-စဝေါ်ပါတီမှ အမျိုးသားလွှတ်တော်အမတ်လောင်း ဦးမန်းအောင်ပြည်စိုးက လှိုင်ဘွဲ့ မဲဆန္ဒနယ် (၂) ထဲတွင် ပါဝင်သော ကျေးရွာအုပ်စု (၈) ခု၌ ရွေးကောက်ပွဲ မကျင်းပဖြစ်တော့သဖြင့် ပယ်ဖျက်လိုက်ရပြီး၊ လှိုင်ဘွဲ့ မဲဆန္ဒနယ် (၁) တွင်မူ တစ်ရွာမှ မပါကြောင်း ပြောကြားသည်။

''အခြေအနေ အဲ့လောက်မဆိုးပါဘူး။ လုံခြုံရေးကြောင့်တော့ မဟုတ်ဘူး။ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်လည်း လက်နက်ကိုင်တွေက တာဝန်ယူပေးပါဆိုရင် ယူပေးကြမှာဘဲ။ မတရားလုပ်မယ့်အနေအထားကြောင့် ပိတ်လိုက်တာဆိုရင် မပြောတတ်ဘူး။ အဲ့ဒီဖက်က ယိုးဒယားနဲ့ နီးတယ်။ သွားရေးလာရေး ခက်ခဲတယ်။ မဲပုံးတွေသယ်မယ်ပို့မယ်ဆိုရင်တောင် ယိုးဒယားဖက်ကနေ ဖြတ်သွားရမယ့် အနေအထားပါ။'' ဟု ပါတီ၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဦးမန်းအောင်ပြည်စိုးက ပြောသည်။

ရွေကောက်ပွဲမကျင်းပနိုင်သည့် ကျေးရွာအုပ်စု ၂၅ ခုပါဝင်သည့် ဖာပွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းဖိုးခင်က ''ကျွန်တော်တို့ ဖာပွန်က သိရသလောက် ကန့်သတ်နယ်မြေတွေ ဖြစ်တယ်။

အဲ့ဒီကျေးရွာအုပ်စုတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ အတွင်းရေးမှူးတွေ ခန့်အပ်လို့ မရဘူး။ ဖွဲ့စည်းလို့လည်း လက်မခံဘူး။ အုပ်ချုပ်ရေးပိုင်း တွေလည်း သွားလို့မရဘူး။ မဲစာရင်းကောက်လို့ မရဘူး။ အဲ့ဒါကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်တာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အဲ့ဒီကျေးရွာအုပ်စုတွေလည်း ပါဝင်သင့်တာပေါ့။'' ဟု မဇ္ဈိမသို့ ပြောကြားသည်။

ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဟု ကြေညာခဲ့သော နယ်မြေစာရင်းတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှှိ (၃၄) မြို့နယ်မှ ကျေးရွာအုပ်စုပေါင်း (၄၀၀) ကျော်ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly