မိုးကုတ်မြို့ရောက် လီဆူ စစ်ဘေးရှောင်များ မဲပေးခွင့် စာရင်းတွင် မပါဝင်ဖြစ်နေ

မိုးကုတ်မြို့ရောက် လီဆူ စစ်ဘေးရှောင်များ မဲပေးခွင့် စာရင်းတွင် မပါဝင်ဖြစ်နေ

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်မြို့မှ ၈ မိုင်ခန့် ဝေးသော လီဆူပိန်းပြစ် ကျေးရွာအနီးရှိ ပိန်းပြစ် စစ်ဘေးရှောင် စခန်းရှိ အိမ်ထောင်စု ၁၅၀ ကျော်သည် နေရပ်ပြန်ရန် အခက်အခဲများ ရှိနေပြီး ရွေးကောက်ပွဲအတွက် မဲပေးရန်လည်း မဲစာရင်းတွင် ပါဝင်ခြင်း ရှိ၊ မရှိ မသိရသေးကြောင်း ပိန်းပြစ် စစ်ဘေးရှောင်စခန်း အုပ်ချုပ်ရေးမှူး ဦးယောဆက်က မဇ္ဈိမ ကိုပြောသည်။

အဆိုပါ စစ်ဘေးရှောင် အများစုသည် လီဆူမျိုးနွယ်စုများ ဖြစ်ပြီး ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်က မိုးကုတ်မြို့နယ်၊ လွန်ကျောက် ကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် တအောင်း(တအမ်း) လွတ်မြောက်ရေး တပ်ဦးတို့ တိုက်ပွဲ ဖြစ်ပွားခဲ့သောကြောင့် ရွှေညောင်ပင် ကျေးရွာနှင့် လွန်ကျောက် ကျေးရွာတို့မှ ဒေသခံများ ပိန်ပြစ်ကျေးရွာသို့ ထွက်ပြေးလာကြခြင်းဟု စစ်ဘေးရှောင် ဦးရွှေလေးက ဆိုသည်။

"တစ်ခါမှ အခုလို စစ်မဖြစ်ဘူးဘူး။ အဲဒီအချိန်က ရဟတ်ယာဉ်တွေနဲ့ တိုက်တော့ ရွာတွေကကြောက်ပြီး ပြေးရတော့တာပေါ့။ မပြေးရင် အကုန်သေကုန်မှာ။ အခုလည်း မပြန်ရဲဘူး"ဟု ဦးရွှေလေး ကဆိုသည်။

စစ်ဘေးရှောင်လာသူများအား လီဆူစာပေနှင့် ရိုးရာယဉ်ကျေးမှု ကော်မတီ၊ လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၊ လီဆူ လုပ်ငန်းရှင်များက ဦးဆောင်၍ ပိန်းပြစ်ကျေးရွာ အနီးတွင် လူနေအိမ် ၃၀ တည်ဆောက်ပြီး လက်ခံထားကာ လိုအပ်သည့် စားဝတ်နေရေးနှင့် ကျန်းမာရေး၊ ပညာရေးကိုလည်း ကူညီထောက်ပံ့မှုများ ပေးလျက်ရှိသည်။

ထို့အပြင် မိုးကုတ်မြို့နယ်ရှိ လူမှုပရဟိတ အဖွဲ့များမှ လိုအပ်သည်များကို လှူဒါန်း ပေးလျက်ရှိသည်။UNHCR မှ လည်း မိုးကာများ ရေပိုက်များ လာရောက် လှူဒါန်းထားသည်။ ထိုနေရာသို့ အာဏာပိုင် အဖွဲ့အစည်းများမှ စာရင်းသာ လာရောက်ကောက်ယူထားပြီး ကူညီပေးမှုများ မရှိသေးကြောင်း စစ်ဘေးရှောင် စခန်းမှ သူများကဆိုသည်။

စစ်ဘေးရှောင်လာသူ အလီမီး က "ယာတွေအိမ်တွေ စွန့်ပြီး ပြေးလာရတာ ဆိုတော့ ပြန်လို့ရရင် ပြန်ချင်တယ်။ ဒီမှာဘာမှ လုပ်စားစရာ မရှိဘူး"ဟု ပြောသည်။ နေရပ်သို့ အများစုမှာ ပြန်လိုသော်လည်း စစ်ပွဲများ ထပ်မံဖြစ်မည်ကို စိုးရိမ်သောကြောင့် မပြန်ရဲသေးကြောင်း ဆိုကြသည်။

အဆိုပါ စစ်ဘေးရှောင်သူများကို ကူညီ ဆောင်ရွက်ပေးနေသော လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) စည်းရုံးရေး တာဝန်ခံ မုအားလုက "သူတို့အတွက် စိုးရိမ်ရတော့ မပြန်စေချင်ဘူး။ ဒါကြောင့် ဒီမှာ တောင်ယာလုပ်ငန်း လုပ်နိုင်အောင် မြေကွက်တွေ ဖော်ပေးနေတယ်။ ကျောက်တွင်းတွေ လုပ်နိုင်အောင်လည်း ဆောင်ရွက်နေတယ်။ ပြီးတော့ သူတို့ မဲပေးခွင့်ရဖို့လည်း ဆောင်ရွက်နေတယ်။ ကျွန်တော်တို့ စာရင်းတွေ ကောက်ပြီး ကော်မရှင်ကို တင်ပေးထားတယ်။ ပေးခွင့်ရအောင် လုပ်ပေးမယ်လို့တော့ ပြောတယ်။ အကြောင်းတော့ မပြန်သေးဘူး။ ရွေးကောက်ပွဲနီးမှ အကြောင်းကြားမယ် ထင်တယ်။ မဲပေးခွင့် မဆုံးအောင်တော့ လုပ်မှာပါ"ဟု ပြောသည်။

စစ်ရှောင်စခန်းတွင် ၁၈ နှစ်ပြည့်ပြီး မဲပေးနိုင်သူဦးရေ ၉၀ ကျော်ရှိသည်ဟု ဒူးလေးပါတီ မှ ကောက်ယူထားသော စာရင်းအရ သိရသည်။ အဆိုပါ စခန်းတွင် ရောက်နေသူ အများစုသည် မဲပေးရန် မသိသလို ရွေးကောက်ပွဲ ကိုလည်း စိတ်မဝင်စားကြောင်း၊ စစ်ပွဲများကင်းပြီး ငြိမ်းချမ်းရေးကိုသာ အလိုရှိကြောင်း စခန်းအုပ်ချုပ်ရေးမှူး ဦးယောဆက် ကဆိုသည်။

စစ်ရှောင် စခန်းမှ မိသားစုဝင်တစ်ချို့သည် နေရပ်ပြန်ကာ စိုက်ပျိုး မွေးမြူရေးများ ပြန်လည် လုပ်ကိုင်မှုများ ပြုလုပ်နေသော်လည်း သေနတ်သံများကြား၍ စခန်းသို့ အောက်တိုဘာလ ၁၁ ရက်က ပြန်လည် ပြေးလာကြသူများလည်း ရှိသည်ဟု ဦးယောဆက်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly