ပြည်ပနိုင်ငံရောက် နိုင်ငံသားများ မဲပေးနိုင်ရန် ကြိုတင်မဲလက်မှတ်များ ကော်မရှင် ထုတ်ပေးပြီ

ပြည်ပနိုင်ငံရောက် နိုင်ငံသားများ မဲပေးနိုင်ရန် ကြိုတင်မဲလက်မှတ်များ ကော်မရှင် ထုတ်ပေးပြီ
ကြိုတင်မဲ လက်မှတ်များ ထုတ်ပေးမှုကို နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်  ပြည်ထာင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဦးလွင်)

နေပြည်တော်၊ အောက်တိုဘာ ၃။          ။ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများအတွက် ၎င်းတို့ ကြိုတင်မဲ ထည့်နိုင်ရန် လက်မှတ်များကို နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာ(၃)ရက် ညနေပိုင်းတွင် ပြည် ထောင်စုရွေးေကောက်ပွဲ ကော်မရှင်ထံမှ လက်ခံရယူခဲ့သည်။

ကြိုတင်မဲ လက်မှတ်များ ထုတ်ပေးမှုကို နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်  ပြည်ထာင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒမဲလက်မှတ်များကို လက်ခံရရှိသည့် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် သက်ဆိုင်ရာ နိုင်ငံများရှိ  သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများသို့ အချိန်မှီ ပေးပို့သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

“နိုင်ငံခြားရေး ဝန်ကြီးဌာန သက်ဆိုင်ရာ သံရုံး ကောင်စစ်ဝန် ရုံးတွေကို သွားပို့လိုက်မယ်။ သံရုံး၊ ကောင်စစ် ဝန်ရုံးတွေက ဒါကို ရတဲ့အခါကျတော့ သူတို့ကဒီ ကြိုတင်မဲပေးနိုင်တဲ့ သူတွေစာရင်းကို သူတို့ ဘယ်နေ့ရက် ဘယ်နေရာမှာ ကြိုတင်မဲ ပေးပါမယ် ဆိုပြီးတော့ ဒီပုံစံ ၁-(၃)ထဲမှာပါတဲ့ ပုံစံ(၁၅)နဲ့ တောင်းခံထားတဲ့ လူတွေ ဆီကို သူတို့က လှမ်းအကြောင်းလိုက်မှာပါ” ဟု ပြောသည်။

သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၅၉ (က)နှင့်(ခ)တွင် ကြိုတင်ဆန္ဒမဲလက်မှတ်များနှင့် စာအိတ်များကို လက်ခံရရှိသောအခါ သက်ဆိုင်ရာ သံရုံးအကြီးအမှူး သို့မဟုတ် အမြဲတမ်း ကိုယ်စားလှယ်ရုံး အကြီးအမှူး၊ သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူးသည် မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိကိုယ်စား တာဝန်လွှဲအပ် ထားသည့် ဝန်ထမ်းက ဖြစ်စေ၊ သက်ဆိုင်ရာ မဲဆန္ဒရှင်များအား ယင်းတို့ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးအဖြစ်သည့် ဆန္ဒမဲပေးလိုက ပေးနိုင်ကြောင်းနှင့် ဆန္ဒမဲမပေးလိုက ဆန္ဒမဲပေးခြင်းမပြုဘဲ နေနိုင်ကြောင်းကို ရှင်းပြပြီးမှ  ဆန္ဒမဲပေးလိုသူများ အတွက်ကိုသာ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ဆန္ဒပေးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးရမည်ဟု ပြဌာန်းထားသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနသည် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ၏ ကြိုတင် ဆန္ဒလက်မှတ်များကို နိုင်ငံ(၄၄) နိုင်ငံသို့ပေးမည် ဖြစ်ကြောင်းသိရသည်။ ယင်း(၄၄)နိုင်ငံတွင် ကြိုတင်မဲဆန္ဒရှင်ဦး ၄၄၄၀၀ ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly