နိုင်ငံရေး၊ ဘာသာရေးကိစ္စများကြောင့် ရွေးကောက်ပွဲကို ထိခိုက်မခံနိုင်ဟု နေပြည်တော် နယ်လုံဝန်ကြီးပြော

နိုင်ငံရေး၊ ဘာသာရေးကိစ္စများကြောင့် ရွေးကောက်ပွဲကို ထိခိုက်မခံနိုင်ဟု နေပြည်တော် နယ်လုံဝန်ကြီးပြော

နေပြည်တော်၊ အောက်တိုဘာ ၂ ။ ။ နိုင်ငံရေး၊ ဘာသာရေး အပါအဝင် မည်သည့်အကြောင်းနှင့်မျှ ရွေးကောက်ပွဲကို အထိအခိုက် မခံနိုင်ကြောင်း နှင့် ပြဿနာများမဖြစ်ပွားအောင် ရွေကောက်ပွဲတည်ငြိမ်းအေးချမ်းစွာ ကျင်းပနိုင်ရေးကော်မတီဝင် အားလုံးက ဝိုင်းဝန်းထိမ်းသိန်းကြရန် နေပြည်တော်ကောင်စီနယ်မြေ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းနောင်က ပြောကြားသည်။    

“ဘယ်ဟာပဲဖြစ်ဖြစ် ပြဿနာတစ်ခုရဲ့ အစဟာ မီးစလေးတွေလိုပဲ အဲ့ဒီမီးစလေးတွေက စပြီး မီးမတောက်နိုင်အောင်၊ မီးစလေးစပြီဆိုတာနဲ့ အရင်ဆုံး ကြိုတင်လက်ဦးမှုယူပြီးတော့မှ ဖြေရှင်းထိန်းသိမ်းနိုင်ဖို့ ဒါကို သက်ဆိုင်ရာကော်မတီဝင်တွေက အလေးအနက်ထား ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်" ဟု ဗိုလ်မှူးကြီး မင်းနောင်က နေပြည်တော်ကောင်စီနယ်မြေအတွင်း ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးဆောင်ရွက်ထားမှု အခြေအနေ ရှင်းလင်းပွဲ အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီနယ်မြေ ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ရွေးကောက်ပွဲမတိုင်ကာလ၊ ရွေကောက်ပွဲနေ့၊ ရွေးကောက်ပွဲအလွန် ကာလ လုံခြုံရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါကော်မတီကို အစိုးရဌာန (၂၀)ခုဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။                        

ရွေကောက်ပွဲကာလအတွင်း ပြည်သူများသာမက ဝန်ထမ်းများပါ မိမိတာဝန်များကို စိတ်အေးချမ်းစွာ ထမ်းဆောင်နိုင်ဖို့ လိုကြောင်းနှင့် ယင်းရွေးကောက်ပွဲကာလအတွင်း သတင်းများသည် အချိန်နှင့်အမျှ တန်ဖိုးရှိနေကြောင်းနှင့် ထူးခြားမှု သတင်းများကို ကော်မတီဝင်များက လျင်မြန်စွာ ပေးပို့ရန်လည်း ကော်မတီဝင်များကို လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးက မေတ္တာရပ်ခံခဲ့သည်။                

“တက်ရောက်လာတဲ့ ကော်မတီဝင်များက ဘာပဲကြားကြား ကျွန်တော်တို့ဆီကို ဆက်သွယ်ပြီးတော့ ပြောပေးစေချင်ပါတယ်။ ကိုယ် ကိုယ်တိုင်မပြောဘူးဆိုလို့ရှိရင်တောင် ကိုယ့်ရဲ့ တပည့်တွေ၊ ကိုယ့်ရဲ့ဘေးနားက လုပ်ဖော်ကိုင်ဖက် ဒါကို ကိုယ့်ရဲ့ ရုံးကတစ်ဆင့် ကျွန်တော်တို့ဆီကို ဆက်သွယ်ပြီးတော့ ပြောပေးစေချင်ပါ တယ်"ဟု နယ်လုံဝန်ကြီးက ပြောသည်။

နေပြည်တော်ရဲတပ်ဖွဲ့မှ နေပြည်တော်ကောင်စီနယ်မြေတွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ၂၅၅ရုံး၊ မဲရုံပေါင်း (၆၁၄)ရုံ နှင့် ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးကိစ္စများအပါဝင် ရွေးကောက်ပွဲအကြိုကာလ၊ မဲဆွယ်စည်းရုံးရေးကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲအလွန် ကာလများအတွက် လုံခြုံရေး ဆိုင်ရာအစီအမံများကို နေပြည်တော်တိုင်းရဲတပ်ဖွဲ့ ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ရှင်းလင်းခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေတွင် လူဦးရေ ၁၁ သိန်း ၆ သောင်းကျော်၊ ရဲတပ်ဖွဲ့ဝင် ၁၄၀၀ နီးပါးရှိသည့်အတွက် ပြည်သူ၈၃၂ ဦးမှာ ရဲတပ်ဖွဲ့ဝင် ၁ ဦးနှုန်းဖြင့် လုံခြုံရေးယူနေရသည့် သဘောရှိသည်။

ယင်းအပြင် နေပြည်တော်တွင် မဲပေးနိုင်သူ ၆ သိန်း ၇ သောင်း ၈ ထောင်ကျော်အတွက်  မဲရုံ ၆၁၄ ရုံထားရှိမည်ဖြစ်ပြီး မဲရုံတရုံတွင် အထူးရဲ တဦးနှုန်းဖြင့် ဦးရေ ၆၁၄ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀၀၀ ကျော်ကိုလည်း ဖြန့်ကျက်ထားမည်ဟု သိရသည်။

 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly