ပါတီတွေ အပြိုင်အဆိုင် မဲဆွယ်ချိန် တပ်မတော်သား အမတ်တွေ အခွင့်အရေး ပိုယူနေလို့ ဒေါက်တာအေးမောင်ဆို

ပါတီတွေ အပြိုင်အဆိုင် မဲဆွယ်ချိန် တပ်မတော်သား အမတ်တွေ အခွင့်အရေး ပိုယူနေလို့ ဒေါက်တာအေးမောင်ဆို
ပါတီကြီးများက အပြိုင်အဆိုင် မဲဆွယ်နေကြချိန် ရွေးကောက်ခံမဟုတ်သည့် အမတ်များ လွှတ်တော်တွင်း ရောက်နေခြင်းသည် မသင့်လျော်ဟု ဒေါက်တာ အေးမောင်က ဝေဖန်သည်။

ရန်ကုန်၊ စက်တင်ဘာ ၃၀။        ။ နိုင်ငံရေးပါတီ အသီးသီးက နိုဝင်ဘာ ရွေးကောက်ပွဲတွင် မိမိတို့ ကိုယ်စားလှလောင်းများ ရွေးချယ်ခံရရေး အသီးသီး မဲဆွယ်စည်းရုံး နေကြသော်လည်း ရွေးကောက်မခံဘဲ လွှတ်တော်တွင်း ရောက်လာသည့် တပ်မတော်သားအမတ်များသည် အခွင့်အရေးပိုယူနေသည်ဟု ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင်က ဝေဖန်လိုက်ပြီး တန်းတူ အခွင့်အရေးဖြစ်ရန် ရွေးကောက်ခံသည့် အမတ်များသာ ဖြစ်သင့်သည်ဟု သူကဆိုလိုက်သည်။

"အုပ်စုတစ်စုက အစိမ်းရောင်ကြီးဖြစ်နေတယ်။ သူများ လက်ခုပ်တီးတဲ့အခါမှာ လက်ခုပ်မတီးဘူး သူများလက်ခုပ်မတီးသင့်တဲ့ နေရာလေးကို သူတို့ကလက်ခုပ် များများတီးကြတယ်ဆိုတော့ ဖွဲ့စည်းပုံအရ တပ်မတော်သားတွေ လွှတ်တော်ထဲမှာ ပါနေတာကိုက စစ်ဘက်အရပ်ဘက် ဆက်ဆံရေးကို မကောင်းအောင် ယိုယွင်းအောင် ဖန်တီးထားတဲ့သဘောပဲ  တပ်မတော်သားတွေသည် ပြည်သူနဲ့ တန်းတူ အခွင့်အရေးရပါတယ်။ ပြည်သူထက် တစ်ပဲ ပိုရှုတဲ့ သဘော မဖြစ်အပ်ဘူး။ နိုင်ငံရေး နယ်ပယ်ထဲမှာ လာချင်သလား။ ယူနီဖောင်း ချွတ်ပြီးတော့မှ အရွေးကောက်ခံ" ဟု သူက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ခံမဟုတ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ရွေးချယ်သော တပ်မတော်သား အမတ်များကို လွှတ်တော်အတွင်း ရောက်ရှိနေသည်ကို ပြည်သူအများ မမြင်ချင်တော့ဟုလည်း သူက ဆိုသည်။

"ပြည်သူတွေက တပ်မတော်သားတွေ လွှတ်တော်ထဲမှာ လာထိုင်တာကို မမြင်ချင်တော့ ဘူးဗျ။ အမျိုးသား နိုင်ငံရေးကို သစ္စာရှိတယ်ဆိုရင် ခေါင်းပေါင်းလေးတွေနဲ့ တိုက်ပုံလေးတွေနဲ့ ညီညီညွတ်ညွတ် မြင်ချင်မှာပေါ့" ဟု ဆိုသည်။

တိုင်းရင်းသား ပါတီများအတွက် ရွေးကောက်ပွဲတွင် တပ်မတော်သား လွှတ်တော်အမတ်များ ပါဝင်နေခြင်းအပြင်၊ အင်အားကြီးပါတီ နှစ်ခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကြံ့ခိုင်ရေးပါတီတို့ကလည်း တိုင်းရင်းသားနယ်မြေများပါ မကျန် မဲဆန္ဒနယ် အားလုံးနီးပါးတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းကလည်း ထိုးနှက်ချက် တစ်ခုဟု သူကဆိုသည်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသာ နယ်မြေတွေမှာပါ နိုင်ပြီးတော့ ရသွားတယ်ပဲ ထားပါတော့ဗျာ။ ဘယ်လိုမှ ဖွဲ့စည်းပုံကို မပြောင်းနိုင်ဘူး ဆိုတဲ့အဖြေတစ်ခု သူရရမှာပေါ့ဗျာ။ အဲဒါကြောင့် ၇၅ရာခိုင်နှုန်းလုံး အမျိုးသာ းဒီမိုကရေစီအဖွဲ့ချုပ် နိုင်သော်လည်းပဲ ဖွဲ့စည်းပုံကို မပြောင်းနိုင်ဘူး။ အဲဒါကြောင့် ၇၅ ရာခိုင်နှုန်း နိုင်ဖို့အတွက် တိုင်းဒေသကြီး ပြည်နယ်တွေကို မဟာ ဗျူဟာမြောက် ချဉ်းကပ်တာ မှားတာပေါ့ဗျာ" ဟု သူက ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အဓိက ရည်မှန်းချက်သည် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးဟူသည့် ရည်မှန်းချက်ဖြစ်ခြင်းကြောင့် ဒေသခံ ပါတီများနှင့် ပူးပေါင်းခြင်း၊ ဒေသခံ ပါတီများ ဝင်ပြိုင်သည့် နေရာကို ဝင်မပြိုင်ဘဲ ရှောင်ပေးသင့်သည်ဟု စည်လုံးညီညွတ်ခြင်းနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်(စဒက) က ဦးခက်ထိန်နန်က ဆိုသည်။

"ဒေသခံပါတီတွေနဲ့ လက်တွဲပြီးတော့ ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း ဒေသခံပါတီတွေကို ဦးစားပေးတဲ့အနေနဲ့ ရှောင်ပေး သင့် တယ်။ ဒေသခံတိုင်းရင်းသားပါတီတွေကိုပဲ ဦးစားပေးပြီးတော့ ယှဉ်ပြိုင်စေသင့်တယ် တစ်ချို့က တော့လည်း ယှဉ်ပြိုင်တဲ့နေရာမှာ ဒီမိုကရေစီ စနစ်အရ အားလုံးက ယှဉ်ပြိုင်လို့ရတယ်ဆိုတဲ့ အနေအထား အရ သူတို့ လုပ်ပိုင်ခွင့် ဥပဒေဘောင်အတွင်းက လုပ်တာပဲ ဆိုတဲ့အမြင်မျိုးလည်းရှိတယ် ဘယ်သူပဲနိုင်နိုင် သူ့လိုအပ်ချက် အခြေနေအချိန်အခါအရတော့ အကောင်းဆုံးဆောင်ရွက်သွားကြမှာ" ဟု ပြောသည်။

မွန်ဒေသလုံးဆိုင်ရ ဒီမိုကရေစီပါတီဝင် ဒေါက်တာ မင်းနွယ်စိုးကလည်း "တစ်ဖက်ကတော့လည်း ဒီနေရာတွေမှာ သူတို့ဝင်ပြိုင်နေတာက ကျွန်တော်တော့ သိပ်မကြိုက်ဘူး ဖြစ်သင့်တာကတော့ တိုင်းရင်းသားပါတီတွေ သပ်သပ်ပြိုင်၊ ဒါ ကျွန်တော်တို့ လိုချင်တာပြောတာပါ။ တိုင်းဒေသကြီးတွေမှာတော့ ပါတီကြီးတွေ ပြိုင်ပေါ့ဗျာ" ဟု ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly