တပ်နဲ့ မတည့်တဲ့ပါတီ အာဏာရလာရင် ပဋိပက္ခဖြစ်လာနိုင်တယ်လို့ ဦးလှဆွေပြော

တပ်နဲ့ မတည့်တဲ့ပါတီ အာဏာရလာရင် ပဋိပက္ခဖြစ်လာနိုင်တယ်လို့ ဦးလှဆွေပြော
၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ပေးရန် တာမွေမြို့နယ်အတွင်း လူ ၁၀၀ ခန့်က ၂၀၁၄ ဒီဇင်ဘာလအတွင်း ဆန္ဒပြတောင်းဆိုနေစဉ်။၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟု ဒေါက်တာအေးမောင်က ဆိုထားသည်။ (ဓာတ်ပုံ - သက်ကို)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ။   ။ ပြည်သူတွေ အတွက် အုပ်ချုပ်တဲ့ စနစ်တခု မြန်မာနိုင်ငံမှာပေါ်ထွန်းစေဖို့ ဆယ်စုနှစ်များစွာ စောင့်စားလာခဲ့တဲ့ ပြည်တွင်းရော ပြည်ပမှာ ပါရှိတဲ့ သန်းပေါင်းများစွာသော မြန်မာနိုင်ငံသားတွေရဲ့ မျှော်လင့်ချက်တွေ ပြည့်မပြည့်ကိုတော့ လာမယ့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ရလဒ်က ထွက်လာမယ့် အဖြေကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြီး လေးနှစ် ကြာချိန်မှာ သူရဲ့ နိုင်ငံရေး ကတိကဝတ် ပြုမှုကို မေးခွန်းထုတ်ခြင်း ခံနေရတဲ့ လက်ရှိအစိုးရကို ပြည်သူလူထု ထောက်ခံ၊ မခံ အခြေအနေကို ရွေးကောက်ပွဲက အဖြေပေးတော့မှာ ဖြစ်ပါတယ်။

မည်သို့ပင်အဖြေထွက်လာသည်ဖြစ်စေ တက်လာမယ့် အစိုးရဟာ သင်္ချာသဘောတရားအရ  တပ်နဲ့ မဖြစ်မနေ ပေါင်းကို ပေါင်းရမယ်လို့ကြံ့ခိုင်ရေးပါတီရဲ့ လက်ရှိလွှတ်တော် အမတ်တစ်ဦးဖြစ်သူ ဦးလှဆွေက ဆိုပါတယ်။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့ သူက တင်ကြို ဟောကိန်းထုတ်ပါတယ်။

“မြန်မာပြည်မှာက တစ်ခု ခု ဖြစ်တာတောင် ရဲထိန်းလို့ရဘူးဗျ။ တပ်သွားရင် ချက်ချင်းငြိမ်တယ်။ အဲဒီ အနေအထားမျိုးတော့ရှိတယ်။ တပ်မတော်ကလည်း လိုအပ်ချက်တော့ ရှိနေဦးမှာပဲ။ နောက်တစ်ခါ ကျွန်တော်တို့ရဲ့ တပ်မတော်ရဲ့ ရပ်တည်ချက်ကလည်း ဘယ်သူအစိုးရ ဖြစ် တက်လာတက်လာ အဲဒီအစိုးရ အဖွဲ့ဖွဲ့ပြီဆိုရင် တပ်မတော်နဲ့က မလွဲမသွေ ပူးပေါင်းရတော့မှာလေ။  အဲလို ပူးပေါင်းတဲ့ နေရာမှာလည်း တပ်မတော်နဲ့ ပလဲနံပတည့်တဲ့ ပါတီဆို ရင်ပိုကောင်း တာပေါ့။ အထူးပြောနေစရာ မလိုတော့ဘူး။ ပလဲနံပ မတည့်တဲ့ပါတီ တက်လာရင် တပ်မတော်နဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်” လို့ ဦးလှဆွေက ပြောပါတယ်။

တပ်နဲ့ ပေါင်းမှ ရမယ်လို့ ဦးလှဆွေက ပြောပေမယ့် တပ်မတော်သား လွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲ ရောက်နေတာကို တစ်ဝက်တစ်ပျက် အာဏာရှင် ဒီမိုကရေစီ စနစ်လို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဆိုပြီး ဆွေးနွေးငြိနှိုင်းပြီး အဖြေတစ်ခုထွက်ဖို့ ရှာဖွေနေတယ်လို့ ဆိုပါတယ်။ သူ့သဘောကတော့ ဦးလှဆွေပြောသလို ရလာတဲ့ အဖြေမှာ ၂၅ ထပ်ပေါင်းဖို့ ဟုတ်ဟန်မတူဘဲ ထပ်ပြီး အဖြေရှာဖို့ပဲ ဖြစ်ပါတယ်။

“လုံး၀ ဥသုံ ဒီမိုကရေစီ ဆန်တဲ့ စနစ်တစ်ခုကို သွားမလဲဆိုတဲ့ အခါမှာ အလုံးစုံ ပျက်သုန်းရေးထက် ဆွေးနွေးငြိနှိုင်းခြင်းကနေ အဖြေတစ်ခုကိုရဖို့လိုတဲ့ ကာလဆိုတာ သဘောပေါက်အောင် ပြောရတဲ့ အနေအထားမှာ ရှိပါတယ်” လို့ ဦးအေးမောင်က ဆိုပါတယ်။

ဆွေးနွေးငြိနှိုင်း အဖြေထုတ်ဖို့ ဦးအေးမောင်ကဆိုပေမယ့် မပြေလည်နိုင်တာက အကြောင်းအရာ နှစ်ခုတည်းလို့ ဦးလှဆွေက ဆိုပြန်ပါတယ်။ ဒါကတော့ တပ်မတော်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတဲ့။

“ဝေဖန်တဲ့ ပြည်သူကတော့ရှိမှာပဲလေ။ လူတိုင်း ထောက်ခံတယ်လို့ မဆိုလိုဘူး အနည်းအကျဉ်းလို့ပဲ ဆိုလိုနိုင်ပါမယ်။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ပြည်လုံးက ဝေဖန်တယ်လို့ မဆိုနိုင်ဘူးဗျ။အထူးသဖြင့် NLD  အုပ်စုပဲ။ ဒါပဲ ဝေဖန်တာလေ။ ကျန်တဲ့ ဟာတွေက မဝေဖန်ပါဘူး” လို့ ဆိုပါတယ်။

ဒီလိုဆိုရင် ပုစ္ဆာတစ်ပုဒ်ကို အဖြေထုတ်ဖို့ ခက်နေပြီလား၊ အဖြေထုတ်ဖို့ ခက်ခဲနေတာမဟုတ်ဘူးလို့ ဦးအေးမောင်ကဆိုပြီး အဲ့ဒီအဖြေက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးပဲလို့ ဆိုပါတယ်။

 

“အားလုံးပါတဲ့ နိုင်ငံရေး အခင်းအကျင်း သစ်တစ်ခုက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးတည်မယ်ဆိုရင် တစ်နည်းအားဖြင့် တပ်မတော်သားတွေလည်း ပါလာမယ်ပေါ့။ အဲဒါမျိုး ငြိငြိနှိုင်းနှိုင်းနဲ့ပေါ့ဗျာ၊ ခုလက်ရှိ ပြည်ခိုင်ဖြိုး ပါတီလိုပေါ့ဗျာ။ အာဏာရှင်ဖြစ်လို့ ပါတီတစ်ခုတည်းက ချုပ်ကိုင်သွားတာမျိုး မဟုတ်ပဲနဲ့ လာမယ့်ကာလကို အပြောင်းအလည်း လိုချင်တယ်။ အဲ့ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ဖို့ အဓိကထားတယ်။ ပြည်ထောင်စု အစိုးရကလည်း စုပေါင်း စပ်ပေါင်းသွားမယ်ဆိုရင် ကျွန်တော်ထင်တယ် တပ်မတော်ဘက်ကလည်း ပျော့ပျောင်းလာနိုင်ပါတယ်” လို့ ဦးအေးမောင်က အဖြေထုတ်နိုင်မယ့် နည်းလမ်းကို အကြံပြုပါတယ်။

မည်သို့ပင်ဆိုစေ ပုစ္ဆာ တစ်ပုဒ်ကို အဖြေထုတ်ဖို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲက တစ်ဆင့် ချဉ်းကပ်နေကြပါပြီ။ ဒီရွေးကောက်ပွဲဟာ မျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး ဆိုရင်တော့ ဒါဟာ ပြည်သူတွေက အုပ်ချုပ်တဲ့၊ ပြည်သူတွေ အတွက် အုပ်ချုပ်တဲ့ စနစ်တခု မြန်မာနိုင်ငံမှာ ပေါ်ထွန်းစေဖို့ဆယ်စုနှစ်များစွာ စောင့်စားလာခဲ့တဲ့ ပြည်တွင်းရော ပြည်ပမှာ ပါရှိတဲ့ သန်းပေါင်းများစွာသော မြန်မာနိုင်ငံသားတွေရဲ့ မျှော်လင့်ချက်တွေကို ကြီးမားတဲ့ ထိုးနှက်မှု တခုပဲ ဖြစ်ပါလိမ့်မယ်။

အများစု စိုးရိမ်တဲ့ ကိစ္စကတော့ တပ်မတော်ဟာ ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှာ ဒါမှမဟုတ် အတိုက်အခံ ပါတီတွေက မဲအများစုကို အနိုင်ရခဲ့ရင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုဘဲ နေမှာကို ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ မကြာသေးမီက BBC နဲ့ အင်တာဗျူးတခုမှာ ရွေးကောက်ပွဲ၌ ရလဒ်ကို လေးစားပါမယ်လို့ ပြောခဲ့ပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း စောမောင် ပေးခဲ့တဲ့ ကတိကို ပြည်သူတွေ အမှတ်ရ နေဦးမှာ ဖြစ်ပါတယ်။  ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီမှာ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့သူ ဘယ်သူကို မဆို အာဏာလွှဲပြောင်း ပေးမယ် လို့ တရားဝင် ကတိပေးခဲ့ပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မည်သူနိုင်သည် ဖြစ်စေ၊ အနိုင်ရတဲ့သူဟာ အလုပ်ဖြစ်တဲ့ အစိုးရတရပ်ကို ဖွဲ့ဖို့ ဆိုရင်တော့ သက်ဆိုင်သူ အားလုံးကို ပါဝင်စေဖို့ လိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆောင်ရွက်တဲ့ နေရာမှာ နိုင်ငံရဲ့ ပြဿနာများစွာ အတွက် တာဝန် ရှိသူတွေ ဖြစ်တဲ့ လက်ရှိအစိုးရ အဖွဲ့ဝင်တွေ မပါမဖြစ် ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းမှာ အာဏာ ချိန်ခွင်လျှာ အရွေ့အပြောင်းတွေ ဖြစ်မလား ဆိုတာကတော့ ရွေးကောက်ပွဲ သမိုင်းအစဉ်အလာကို လာမယ့် နိုဝင်ဘာလမှာ အဆုံး သတ်နိုင်မယ်လို့ မျှော်လင့်ဖို့ ပါပဲမဟုတ်ပါလားခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly