ရန်ကုန်၊ အောက်တိုဘာ ၅ ။ ။ မြန်မာနိုင်ငံနှင့် ဥရောပတစ်ဝှမ်းမှ အတီးအမှုတ်ပညာရှင်များပါဝင်ဖျော်ဖြေမည့် 2018 Gongs&Skins ကို နိုဝင်ဘာလ ၆ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံတွင် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဂီတဖျော်ဖြေပွဲပြုလုပ်မည့်အစီအစဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ခေါင်းဆောင်၍ ဂီတပညာရှင်များက နိုဝင်ဘာလ (၅)ရက်နေ့က ရန်ကုန်မြို့၊ YMCA ခန်းမတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
" ဥရောပနဲ့ ကမ္ဘာအနှံ့မှာရှိတဲ့ ကျွန်တော်တို့ရဲ့မိတ်ဆွေတွေနဲ့အတူ ၂၀၁၈ ခုနှစ်မှာ ဥရောပ ယဉ်ကျေးမှုအမွေ အနှစ်ဆိုင်ရာပွဲတော်တွေ ကျင်းပကြပါတယ်။ ဒီ Gongs&Skins ဖျော်ဖြေပွဲက မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ ကျွန်တော်တို့ရဲ့အစီအစဉ်တွေထဲက အဓိက အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့အားလုံးကို ပေါင်းစည်းပေးနိုင်စွမ်းတဲ့ မတူကွဲပြားမှု၊ ရိုးရာအစဉ်အလာနဲ့ ယဉ်ကျေးမှုတို့ရဲ့ ပွဲတော် ကြီးတစ်ခုဖြစ်ပါတယ်။" ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Kristian Schmidt က ပြော သည်။
2018 Gongs&Skins ဂီတပွဲတော်ကို Gothe-Institut မြန်မာ နှင့် ဥရောပသမဂ္ဂမြန်မာတို့မှ စီစဉ်ပြီး မြန်မာ နိုင်ငံဆိုင်ရာ အီတလီသံရုံးနှင့် ဒိန်းမတ်သံရုံးတို့မှ ပံ့ပိုးကူညီပေးထားကြောင်း သိရသည်။ အဆိုပါ ဖျော်ဖြေ ပွဲတွင် ဗမာဆိုင်ဝိုင်း၊ ကရင်၊ ရခိုင်နှင့် ရှမ်း စသည့်တိုင်ရင်းသား ရိုက်ခတ်တူရိယာ အတီးပညာရှင်များသည် ကနေဒါ၊ တရုတ်၊ ဒိန်းမတ်၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ မလေးရှားနှင့် ပိုလန်နိုင်ငံတိ်ု့မှ ရိုက်ခတ် တူရိယာ အတီး ပညာရှင်များနှင့်အတူတကွ ဖျော်ဖြေသွားကြမည်ဖြစ်သည်။
" ဒီနိုင်ငံမှာရှိတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုဂီတကိုလည်း ကျွန်တော်လေ့လာသင်ယူချင်တယ်။ ကျွန်တော် တို့နိုင်ငံက ရိုးရာယဉ်ကျေးမှု ဂီတကိုလည်း မြန်မာနိုင်ငံကို ယူဆောင်လာချင်တယ်။ အဓိကကတော့ ယဉ်ကျေးမှုတွေ ဖလှယ်တဲ့အနေနဲ့ ဒီပွဲကို စီစဉ်တာဖြစ်ပါတယ်။" ဟု Gongs & Skins အနုပညာ ဖန်တီးရှင်ဒါရိုက်တာ မစ္စတာ Bernhard Wulff က ပြောသည်။
2018 Gongs&Skins ဂီတဖျော်ဖြေပွဲတော်ကြီးကို နိုဝင်ဘာ(၆)ရက် ၊ ညနေ ၆:၃၀ တွင် မဟာဗန္ဓုလပန်းခြံနှင့် နိုင်ဝင်ဘာ (၁၂)ရက်၊ ည ၇ နာရီ တွင် ဘားအံမြို့တို့တွင် အခမဲ့ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်းသိ ရသည်။