ရန်ကုန်၊ သြဂုတ်လ ၂ရက် ။ ။ Miss အလှမယ် ပြိုင်ပွဲတွေကို စိတ်နာသည့်အတွက် Miss ပြိုင်ပွဲတွေ ဝင်မပြိုင်တော့ဘူးဟု ဆုံးဖြတ်ချက် ချခဲ့တဲ့ Miss အလှမယ် ရွှေအိမ်စည်သည် Miss Golden Land Myanmar 2018 ပြိုင်ပွဲအတွက် နိုင်ငံကိုယ်စားပြု ပြည်နယ်နှင့်တိုင်း အလှမယ် အယောက် ၂၀ စာရင်းထဲမှာ ပါဝင်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။
Miss Golden Land Myanmar 2018 ပြိုင်ပွဲကနေပြီး Winner ဆုရရှိတဲ့ သူအနေဖြင့် ပိုလန်နိုင်ငံမှာ ကျင်းပ မယ့် ကမ္ဘာ့အကြီးဆုံး Miss ပြိုင်ပွဲသုံးပွဲထဲမှ Miss Supranational ပြိုင်ပွဲကြီးကို နိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ရမှာလည်းဖြစ်သည်။
ရခိုင်ပြည်နယ် ကိုယ်စားပြု အလှမယ် ရွှေအိမ်စည် ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး လက်ရှိ ပြိုင်ပွဲကို စီစဉ်ထားတာမရှိဘဲ ဝင်ပြိုင်ဖြစ်ခဲ့ကြောင်း Miss အလှမယ် ပြိုင်ပွဲဝင် ရွှေအိမ်စည်က ပြောသည်။
" စီစဉ်ထားတာ မရှိပါဘူး။ ပြိုင်တော့ပြိုင်ဖြစ်မယ် ။ နောက်ထပ်တစ်နှစ် နှစ်နှစ်လောက်နေပြီးမှ ဝင်ပြိုင်မယ်ဆိုပြီး စဉ်းစားထားတာပေါ့နော်။ အခုက Fun တွေကလည်း ကိုယ့်ကိုအားပေးတယ်။ ပြီးတော့ ကိုယ်တိုင်လည်း လုပ်သင့်တယ်ထင်တယ် ။ ပူပူနွေးနွေးဖြစ်နေတဲ့ အခုလိုအချိန်မှာ ပြိုင်သင့်တယ်ထင်လို့ ဝင်ပြိုင်ခဲ့တာပါ” ဟု ပြောသည်။
ပြိုင်ပွဲဝင်သော ခံစားချက်နှင့် ပတ်သက်ပြီး “ ပျော်ပါတယ်။ ပျော်တယ်ဆိုတာ အားပေးမှုလည်းရတယ် ။ ပြီးတော့ အိမ်စည်အနေနဲ့ ကြိုတင်ပြီးပြောထားတာ မရှိဘူး ။ မပြိုင်ဘူးလုပ်ပြီးမှ ချက်ချင်းကြီး ပြိုင်ဖြစ်ခဲ့တယ်။ အရမ်းကိုအားပေးမှုတွေ ဖြစ်တဲ့အတွက်ကြောင့် ပရိသတ်တွေကြောင့် ထပ်ပိုပြီး စိတ်လှုပ်ရှားမှုတွေ ဖြစ်တာကြောင့်လည်း ပျော်ပါတယ်။ ယုံကြည်ချင်ပါတယ်။ ယုံကြည်လို့လည်း ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်ခဲ့တာပါ။” ဟု ရွှေအိမ်စည်က ဆိုသည်။
ယခင်က ယှဉ်ပြိုင်ခဲ့သော ပွဲတစ်ခုတွင် နေရှင်နယ်ဒါရိုက်တာက Miss ကိုယ်စားပြုမှ ရုတ်သိမ်းပြီး သရဖူ သိမ်းခံရခဲ့ဖူးသော ရွှေအိမ်စည်က အဆိုပါကိစ္စသည် သူ့အမှား မဟုတ်ဘူးဟု ပြောသည်။
“ အရှေ့က တစ်ခုမှာ ပြဿနာတက်သွားတယ်ဆိုတာကလည်း ပြောရမယ်ဆိုရင် အိမ်စည် အမှားမှမဟုတ်တာ။ အချင်းချင်း လေးစားမှုထားပြီး ဆက်လုပ်သွားမယ်ပေါ့နော်။ ပြီးတော့ ကလေးလူကြီး ဖိနှိပ်ချုပ်ချယ်မှုမရှိဘဲနဲ့ ကိုယ်ရဲ့ Organization က Miss တစ်ယောက်ပဲ ၊ တစ်ခါတစ်လေ မှားတာရှိမယ် ၊မှန်တာရှိမယ်ဆိုပြီး နားလည်မှုနဲ့ ဆက်သွားရင်တော့ ဘာပြဿနာမှ ဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။ ဝေဖန်မှုတွေအနေနဲ့တော့ ကောင်းတာရှိမယ် ၊ဆိုးတာရှိမယ် ။ တိုက်ခိုက်တာတွေတော့ အိမ်စည်က လျစ်လျူရှုသွားမယ်ပေါ့နော်။ ဝေဖန်တယ်။ အကြံပြုတယ်ဆိုရင်တော့ ထိုက်သင့်သလောက် လက်ခံသွားမယ်ပေါ့နော် ။ ဒီကဏ္ဍမှာတော့ အိမ်စည်ထက် ပိုပြီးသိမြင်တဲ့ သူတွေကနေပြီးတော့ အကြံပြုတယ်ဆိုရင်တော့ လက်ခံသွားမယ်။အခြားသူတွေ ပြောတာကိုတော့ လက်ခံသွားဖို့ အစီစဉ်မရှိပါဘူး " ဟု အလှမယ် ရွှေအိမ်စည် ကပြောသည်။
၂၀၁၆ ခုနှစ်က အလှမယ် ရွှေအိမ်စည်ကို Miss Grand Myanmar မှ Miss Grand International ပြိုင်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ရခိုင်အရေးနှင့် ပတ်သက်ပြီး Miss Grand Myanmar သရဖူအသိမ်းခံရကာ Miss Grand International ပြိုင်ပွဲကို လက်လွှတ်ခဲ့ ရခြင်းလည်းဖြစ်သည်။