ရန်ကုန် ဇွန် ၂၅ ။ ။ တစ်ချိန်က ဂီတလောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ ၀ါရင့်အဆိုတော် အောင်ရင်က ၁၅ ခွေမြောက် တေး စီးရီးသစ်ဖြစ်တဲ့ ဒီရက်ပိုင်းလို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော် တေးစီးရီးသစ်ကို မိတ်ဆက်လိုက်ပါတယ်။
ဇွန်လ ၂၅ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ Orchit ဟိုတယ်မှာ အောင်ရင်က စာနယ်ဇင်းမိတ်ဆက်ပွဲ ပြုလုပ်ခဲ့တာပါ။
“ပထမဆုံးတစ်ခေါက် မြန်မာပြည်ပြန်လာတဲ့အချိန်မှာ တေးရေး၊ တေးဆိုဖိုးကာက တေးစီးရီးသစ်ထုတ်လုပ်ဖို့ တွန်းအားပေးခဲ့ရာက ဒီတေးစီးရီးကို ကြိုးစားဖြစ်ခဲ့တယ်” လို့ အဆိုတော်အောင်ရင်က ပြောပါတယ်။
ဒီတေးစီးရီးကို အချိန် ၁ နှစ်ခွဲလောက် ကြိုးစားပြင်ဆင်ခဲ့ရပြီး တေးရေးအဖြစ် ဖိုးကာ၊ ညီမင်းခိုင်၊ ရွှေဂျော်ဂျော်၊ ရယ်ဂျီနဲ့ ဝေလတို့ ရေးသားထားတယ်လို့ သိရပါတယ်။
တေးစီးရီးခေါင်းစဉ်ကို တေးရေး ရယ်ဂျီရဲ့ ဒီရက်ပိုင်း ဆိုတဲ့ သီချင်းခေါင်းစဉ်ကို အဓိပ္ပါယ်လိုသလို ကောက်ယူလို့ ရသလို နာမည်ဆန်းတဲ့အတွက် စီးရီးခေါင်းစဉ် ပေးထားတာ ဖြစ်တယ်လို့ အောင်ရင်က ပြောပါတယ်။
ဆိုနေကျပုံစံထဲက အနည်းငယ်ခွဲထွက်ထားတဲ့ အောင်ရင်ရဲ့ ဒီရက်ပိုင်းတေးစီးရီးထဲမှာ မပြန်တဲ့ရထား၊ အဝေး ရောက်မှာတမ်း၊ အမုန်းယောင်ဆောင်သောအလွမ်း၊ ဒီရက်ပိုင်း၊ ဟေး ညီလေး၊ အဖေ့စကား၊ မင်းနဲ့တူတဲ့သူနဲ့ ခဏဆိုတဲ့ တေးသီချင်း ၈ ပုဒ်ပါ၀င်ပြီး The SUN Music Production ကနေ အောင်ရင်ရဲ့ မွေးနေ့မတိုင်မီ ဇွန်လ ၂၅ ရက်နေ့မှာ စတင်ဖြန့်ချိသွားမယ်လို့ သိရပါတယ်။
အဆိုတော်အောင်ရင်ဟာ ဇွန်လ ၂၆ ရက်နေ့မှာ အသက် ၅၄ နှစ်ပြည့်ပြီဖြစ်သလို မွေးနေ့အထိမ်းအမှတ်အနေနဲ့ ကောင်းမှုကုသိုလ်အလှူအတန်းတွေ ဆောင်ရွက်သွားဖို့လည်းရှိနေတယ်လို့ သိရပါတယ်။