ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.
ခန္ဓာကိုယ်မှာ အများဆုံးပါဝင်ဖွဲ့စည်းထားတာက ရေပါ။ ဒါကြောင့် ကျန်းကျန်းမာမာနေချင်တယ်ဆိုရင် ရေသောက်ပါ။ ကားတွေ၊ စက်ယန္တရားတွေလည်ပတ်ဖို့ လောင်စာဆီလိုအပ်သလို ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကောင်းမွန်ဖို့အတွက် သောက်သုံးရေလိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာ လုံလောက်တဲ့ ရေပမာဏ မပြည့်ဝဘူးဆိုရင် ရေတိုမှာပဲဖြစ်ဖြစ် ရေရှည်မှာပဲဖြစ်ဖြစ် ကျန်းမာရေးထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။
ရေရှည် ခန္ဓာကိုယ်မှာ ရေဓာတ်မလုံလောက်ရင် ဘာဖြစ်မလဲ
ခန္ဓာကိုယ် ကျန်းမာဖို့ လိုအပ်တဲ့ရေဓာတ်ကိုပြည့်ပြည့်ဝဝမရရှိဘူးဆိုရင် အချိန်ကြာလာနဲ့အမျှ ချို့ယွင်းမှုလေးတွေဖြစ်လာမှာပါ။
- လေးဖက်နာ
- ခေါင်းတစ်ခြမ်းကိုက်
- နှလုံးသွေးကြောကျဉ်း
- အူမကြီးအနာပေါက်ရောဂါ
- အစာမကြေခြင်း
- သွေးတိုးရောဂါ
- အဝလွန်တာ
- လိပ်ခေါင်း
- ရင်သားကင်ဆာ
- တီဘီအဆုတ်ရောင်
- ကျောက်ကပ်ကျောက်တည်ခြင်း
- ထိပ်ကပ်နာ
- သားအိမ်ကင်ဆာ လိုမျိုးရောဂါတွေခံစားရနိုင်ပါတယ်။
ဒီဝေဒနာတွေကို မခံစားရစေဖို့အတွက် လုပ်လို့ရမယ့် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတစ်ခုကတော့ မနက်အိပ်ရာက နိုးနိုးချင်း ရေတစ်ခွက် ပြည့်ပြည့်ဝဝသောက်ပေးဖို့ပါ။
မနက်ခင်းရေတစ်ခွက်သောက်ပေးရင် ရလာမှာတွေက
မနက်ခင်းမှာရေတစ်ခွက်သောက်သုံးမယ်ဆိုရင် အရင်ဆုံးရလာမယ့် အကျိုးကျေးဇူးက တစ်နေ့တာမှာ ကောင်းကောင်းလှုပ်ရှားနိုင်မှာပဲဖြစ်ပါတယ်။ ရေဓာတ်ပြည့်ဝတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေမှာတော့ အသေအချာပါပဲ။
အသားအရေကို ကြည်လင်စေတယ်
တကယ်လို့ သင့်အနေနဲ့ ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ရေသောက်ပေးပါ။ မနက်နိုးနိုးချင်းမှာ ရေသောက်လိုက်တဲ့အခါ အူလမ်းကြောင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို အညစ်အကြေးကနေတဆင့် ခန္ဓာကိုယ်ပြင်ပကို ရောက်ရှိသွားစေပါတယ်။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်လေလေ အသားအရေက ပိုကြည်လင်ကျန်းမာလေလေပါ။ အစာအိမ်ထဲမှာ အစာမရှိခင်ရေသောက်ချပေးတာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို အထောက်အကူပြုပေးပါတယ်။
ကိုယ်ခံအားကောင်းစေနိုင်တယ်
ခန္ဓာကိုယ် ကျန်းမာသန်စွမ်းဖို့ ရေကမရှိမဖြစ်အရေးပါတဲ့ အရာပါ။ မနက်ခင်း အိပ်ရာကနေ ထထချင်း ဘာမှမလုပ်သေးခင် ရေတစ်ခွက်လောက် သောက်ပေးလိုက်တာက ကိုယ်ခံအားကို ကောင်းမွန်စေနိုင်သလို မကြာခဏဖျားနာတာနဲ့ ရောဂါတွေ ကူးစက်ခံရတဲ့အန္တရာယ် ကနေကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။
မနက်ခင်းရေသောက်တာက ရောဂါတော်တေ်ာများများကို ကာကွယ် ကုသရာရောက်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ခန္ဓာကိုယ်မှာ ဖြစ်ရတဲ့ ရောဂါအများစုက အစာအိမ်ကနေ အစပြုလာကြတာပါ။ ဒါကြောင့် အစာအိမ်နဲ့အစာခြေစနစ်ကို ကျန်းမာနေအောင် ဂရုစိုက်လိုက်မယ်ဆိိုရင် ရောဂါအများစုကနေ ကာကွယ်ပြီးသားဖြစ်သွားမှာပါ။ ဒါကြောင့် မနက်နိုးနိုးချင်း ရေတစ်ခွက် သောက်ပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုက်ပါ။
အစားနည်းနည်းပဲ စားမိစေနိုင်တယ်
ရေက အနံ့အရသာမရှိပေမယ့် သောက်ရတာလွယ်ပါတယ်။ ဘာမှမစားသေးခင်ရေကို ပြည့်ပြည့်ဝဝသောက်ထားမယ်ဆိုရင် မလိုအပ်ဘဲ အစားတွေ အများကြီးမစားမိအောင် အန္တရာယ်ကင်းကင်းနဲ့ကာကွယ်နိုင်မှာပါ။ ဘော်ဒီလှလှလေးပိုင်ချင်သူတွေအတွက်လည်း နည်းလမ်းကောင်းပေါ့။ အစားနည်းနည်းပဲ စားမိအောင် ရေများများသောက်ပေးပါ။
အူမကြီးကို သန့်စင်စေနိုင်တယ်
ရေသောက်တာက အူမကြီးကို သန့်စင်စေနိုင်ပါတယ်။ မနက်အိပ်ရာထထချင်းမှာ အရင်ဆုံး ရေတစ်ခွက်သောက်လိုက်မယ်ဆိုရင် အစာအိမ်၊အူလမ်းကြောင်း နဲ့ အူမကြီးနံရံတွေမှာ ရှိနေတဲ့ အညစ်အကြေးတွေကို ဆေးကြောလိုက်သလိုဖြစ်သွားပြီး အူနံရံက အစာအာဟာရတွေ စုပ်ယူမှုကို ပိုမိုကောင်းမွန်အောင် အထောက်အကူပြုနိုင်မှာပါ။
အားရှိစေနိုင်တယ်
ခြေကုန်လက်ပန်းကျသလို ဖြစ်နေရင် ရေတစ်ခွက်သောက်လိုက်ပါ။ မနက်ခင်းမှာ ဘာမှမစားခင် ရေတစ်ခွက်သောက်လိုက်တာက သွေးနီဥဆဲလ်တွေ ကြီးထွားလာအောင်လှုံ့ဆော်ပေးနိုင်ပါတယ်။ သွေးနီဥဆဲလ်တွေ များလာတာက သွေးတွင်းအောက်ဆီဂျင် ပမာဏကိုတိုးလာစေနိုင်ပါတယ်။ နောက်ဆုံးရလာမယ့် အကျိုးကျေးဇူးက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝလာစေမှာဖြစ်ပါတယ်။
ခန္ဓာကိုယ်က အဆိပ်တွေကို ဖယ်ရှားပေးနိုင်တယ်
ရေသောက်လိုက်တဲ့အခါ ဆီးသွားတယ်လေ။ ဒီလိုဆီးသွားတဲ့အခါ ခန္ဓာကိုယ်က အဆိပ်အတောက်တွေက ထွက်သွားပြီး ကိုယ်တွင်းအင်္ဂါတွေမှာရှိနေတဲ့ အဆိပ်အတောက်တွေကိုဖယ်ရှားပြီးသားဖြစ်သွားပါတယ်။ မနက်ခင်းရေသောက်တာက သဘာဝအတိုင်း အဆိပ်အတောက်ဖယ်ရှားတဲ့ နည်းတစ်ခုပါ။
ခေါင်းကိုက်တာ ကင်းဝေးစေနိုင်တယ်
လူတွေခေါင်းကိုက်ရတဲ့ အကြောင်းအရင်းက ရေအလုံအလောက် မသောက်မိတာကြောင့်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်နည်းလာတာကလည်း ခေါင်းကိုက်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။ ဒါကြောင့် တစ်နေ့တာလုံး ခေါင်ကိုက်တဲ့ ပြဿနာနဲ့ ခပ်ကင်းကင်းနေဖို့ဆိုရင် ရေကိုလုံလောက်အောင်သောက်မိဖို့ ဂရုစိုက်ပါ။ ရေသောက်ပေးတာက ခေါင်းကိုက်တာတင် သက်သာစေတာမဟုတ်ဘဲ ခံတွင်းအနံ့ဆိုးထွက် တာကိုပါသက်သာစေနိုင်တာပါ။
ဒီလောက်ကျန်းမာရေး အကျိုးကျေးဇူးတွေများနေမှတော့ အပန်းလည်းမကြီးဘဲ အလွယ်တကူလုပ်လို့ရမယ့် မနက်နိုးတိုင်း ရေတစ်ခွက်သောက်တာကို လုပ်သင့်တယ်မထင်ဘူလား……