မုဒြာခေါ်သံဟာ တောင်းဆိုနေတဲ့အရာတွေနဲ့ ကိုက်ညီသွားတာဆိုတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ

မုဒြာခေါ်သံဟာ တောင်းဆိုနေတဲ့အရာတွေနဲ့ ကိုက်ညီသွားတာဆိုတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ
ဓာတ်ပုံ - သူရ

ရန်ကုန် မတ် ၁၇ ။            ။ ရုံတင်ပြသနိုင်ဖို့ လေးနှစ်ကြာ စောင့်ဆိုင်းခဲ့ရပြီး နိုင်ငံ တကာရုပ်ရှင်ပွဲတော်တွေမှာ ပြသခွင့်ရခဲ့တဲ့ မုဒြာရဲ့ ခေါ်သံဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ တောင်းဆိုနေတဲ့အရာတွေနဲ့ ကိုက်ညီသွားတာလို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

မတ်လ ၁၆ ရက်နေ့က စပြီး ရန်ကုန်မြို့ပေါ်က ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသနေပြီ ဖြစ်ပြီး ရန်ကုန်မြို့ Junction City မှာ ရုံတင်ပြသခဲ့တဲ့ညမှာ ပြောခဲ့တာဖြစ်ပြီး အနုပညာဇနီးမောင်နှံဖြစ်တဲ့ လူငယ်ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ သရုပ်ဆောင်ဇဏ်ခီတို့က ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လက်မှတ်ရေးထိုး ပေးခဲ့ကြတာ ဖြစ်တယ်။

"ရုပ်ရှင်လောကကြီး ပြောင်းပြန်လှန်တယ်တော့ အစ်မလည်း မထင်ပါဘူး၊ အဓိက ကတော့ ပရိသတ်က တောင်းဆိုနေတဲ့အရာတွေကို အစ်မတို့လုပ်တာလေးတွေနဲ့ ကိုက်ညီသွားတာ၊ လူဆိုတာ တစ်ခုခုကို စားချင်နေတဲ့ အချိန်မှာ ကျွေးတဲ့လူက ရှိလိုက်တဲ့အချိန်နဲ့ကိုက်သွားလို့ ရှိရင် အရမ်းစားကောင်းတာမျိုး ဖြစ်သွားတာ၊ ပရိသတ်က အားပေးမှု အရမ်းများသွားတာလည်း ဖြစ်သွားတာ" လို့ လူငယ်ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားအကျဉ်းမှာ ၂နှစ်သား အရွယ်ကတည်းက အမေရိကမှာ ကြီးပြင်းလာခဲ့ရတဲ့ လူငယ် တစ်ယောက် မြန်မာပြည်ပြန်ရောက်လာပြီး သူ့ရဲ့ မိဘဇစ်မြစ်ကို ရှာဖွေတဲ့အကြောင်း ဇာတ်အိမ်ဖွဲ့ထားပြီး အင်္ဂလိပ်စကားပြော ရုပ်ရှင် ဖြစ်ပါတယ်။ လူငယ် ၂ ယောက်ရဲ့ အချစ်ဇာတ်လမ်းကို အခြေခံထား ပြီး မြန်မာရိုးရာ၊ ဓလေ့၊ သဘာဝအလှတွေကို ပိုမိုအသားပေးဖော်ကျုးထားကာ ဒီရုပ်ရှင် အစိတ်အပိုင်းအချို့ နေရာတွေမှာ Documentary မှတ်တမ်းရုပ်ရှင်ဆန်ဆန် ချဉ်းကပ်ထားတာတွေ တွေ့ရပါတယ်။

“မုဒြာရဲ့ခေါ်သံ” ဇာတ်ကားမှာတော့ လှယဉ်ကျေးနဲ့ ဇဏ်ခီတို့ ပါဝင်သရုပ်ဆောင်ထားပြီး မတ်လ ၁၆ ရက်မှ စတင်ကာ ရန်ကုန်ရှိ Junction ရုပ်ရှင်ရုံများ၊ Mega Ace ၊ မြဟံသာ(သန်လျင်) ၊ မန္တလေး၊ တောင်ကြီး၊ နေပြည်တော်၊ မုံရွာ၊ ပခုက္ကူ၊ လားရှိုး၊ မိတ္ထီလာ၊ ရေနံချောင်း၊ ပြင်ဦးလွင်၊ ဘားအံ၊ ဗန်းမော် တို့မှာ မတ်လ ၂၂ ရက်အထိ ပြသသွားမှာပါ။

မုဒြာရဲ့ခေါ်သံ၊ ဥပါယ်တံမျဉ်ဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးခဲ့တဲ့ ဇဏ်ခီကတော့ "ကျွန်တော်ထင်တာ ဥပါယ်တံမျဉ်ရဲ့ကွာလတီတစ်ခုကို အသိမှတ်ပြုတဲ့ ပရိသတ်တွေက ဖန်တီးမှုကိုယုံကြည် သွားတဲ့ အတွက် မုဒြာကို ထပ်ပြီး ဝန်းရံကြတဲ့သဘောပါ၊ ဖန်တီးသူတွေရော၊ ပါဝင်တဲ့ သရုပ်ဆောင်တွေအနေနဲ့ ရော အတိုင်းမသိ ဝမ်းသာတာပေါ့" လို့ ပြောပါတယ်။

ဒီရုပ်ရှင်ဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ၉ ခုမှာ ပြသခွင့် ရရှိခဲ့ပြီး၊ ဒီရုပ်ရှင်ဇာတ်ကားကို ၂ဝ၁၄ ခုနှစ်က လူငယ်ဒါရိုက်တာ ခရစ္စတီးနားခီက ပုံဖော်ရိုက်ကူးထားခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly