နိုင်ငံတကာသယ်ယူပို့ဆောင်ရေးကုမ္ပဏီပေါင်း ၁၀၀ ကျော် ပါဝင်ပြသမည့် စင်ကာပူ LMF 2018 -Last Mile Fulfillment ပြပွဲသို့ ပြည်တွင်းအမြန်ချောပို့နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း UCL က ပထမဆုံးအနေဖြင့် သွားရောက်ပြသမှာဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲကို မတ်လ ၁၅ ရက်မှ ၁၇ ရက်အထိ စင်္ကာပူအိတ်စ်ပို ပြပွဲခန်းမတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
UCL မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးထင်လင်းက " UCL အမြန်ချောပို့နဲ့ သယ်ယူပို့ဆောင်ရေးအနေနဲ့ မြန်မာပြည်တွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရရှိရေး၊ အဆင့်မြင့်နည်း ပညာများ ဖြင့် ပူးပေါင်းဝန်ဆောင်မှုပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး အခုလိုသွားရောက်ပြသခြင်း ဖြစ်ပါတယ်" ဟု ဆိုသည်။
ပြည်တွင်းအွန်လိုင်းဈေးကွက် စီးပွားရေးသယ်ယူပို့ဆောင် ဖြန့်ဝေရေးလုပ်ငန်းများတွင် အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ ကြီးများနှင့် ပူးပေါင်းဆောင်ရွက်ရန် UCL အနေဖြင့် အသင့်ဖြစ်ပြီးဖြစ်ကြောင်း ယင်းက ဆိုသည်။
UCL သည် ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်း မြို့ကြီးများသို့ အမြန်ချောပို့လုပ်ငန်းများ ဝန်ဆောင် မှုပေးခြင်း၊ အမြန်လေကြောင်း ချောပို့လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာသို့ အမြန် ချောပို့ လုပ်ငန်းဝန်နေဆောင်မှုပေးခြင်း၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။