အပေါက် အပြဲများနှင့်. . .

.

ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လူ့ယဉ်ကျေးမှုဆိုတာ မရှိမဖြစ်လိုအပ်တဲ့အရာပဲဖြစ်ပါတယ် ။ အကယ်၍ မယဉ်ကျေးတဲ့သူတွေကို ယဉ်ကျေးအောင် ၊ လူ့အဖွဲ့စည်းနဲ့လိုက်လျောညီထွေဖြစ်အောင် ထိန်းကွပ်ထားတဲ့အရာတစ်ခုကတော့ တရားဥပဒေစိုးမိုးရေးပဲဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ ခေတ်အဆက်ဆက် အပေါက်အပြဲတွေနဲ့ချည်းပဲဖြစ်ပါ တယ်။ ကျွန်တော်ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့ ယခင် အာဏာသိမ်းစစ်အစိုးရ ( တပ်မတော်အစိုးရ ) ခေတ်တုံးက မှားယွင်းမှုကြီးတစ်ခုအကြောင်းကို ကျွန်တော်တင်ပြပါရစေ။ ဒီအကြောင်းအရာတွေကို ကျွန်တော်စာအုပ် နှစ်အုပ်လည်းထုတ်ခဲ့ပြီးပါပြီ။ ယခု အပတ်စဉ်ဖော်ပြမယ့် စာစုဆောင်းပါးတွေ ကတော့ ထုတ်ဝေပြီးစာအုပ်( နိုင်ငံတော် မှားယွင်းမှု )ထဲမှာပါဝင်တဲ့ အကြောင်းအရာတွေကို   ပြန်လည်ဖြည့်စွက်ပြီး မဇ္ဈိမ ပရိတ်သတ်ကြီးသိစေရန် နှင့် ကျွန်တော့ရဲ့အတွေ့အကြုံတွေကို မျှဝေစေချင်လို့ပဲဖြစ်ပါတယ် ။

လူရယ်လို့ဖြစ်လာရင် လူနဲ့လူ့ပတ်ဝန်းကျင်မှာနေထိုင်သရွေ့ အသက်တစ်ရာမနေရပေမယ့်အမှုတစ်ရာ ကတော့ ဖြစ်နိုင်ပါတယ် ။ သေးတဲ့ပြဿနာ ကြီးတဲ့ပြဿနာတွေဟာ လူ့ဘ၀မှာတစ်နည်းမဟုတ် တစ်နည်း မလွှဲမသွေရင်ဆိုင်ကြရမှာပဲဖြစ်ပါတယ် ။အဲဒီပြဿနာကြီးငယ်တွေဖြစ်တိုင်းဖြစ်တိုင်းမှာ ရှင်းရ လင်းရတာတွေရှိလာပါတယ် ။တစ်ခါတစ်ခါ ရှင်းလို့မရတာတွေလည်းရှိတတ်ပါတယ် ။ပိုဆိုးတာ ကတော့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေပဲဖြစ်ပါတယ် ။ ကျွန်တော်တို့ ဒီဖက်ခေတ် (တပ်မတော် ၂၅ % ပါဝင်တဲ့ လွှတ်တော်ခေတ် ) မှာတော့ နိုင်ငံရေးကို လွတ်လွတ်လပ်လပ်လုပ်လို့ ရတယ်ဆိုပေမယ့်လည်း ၂၀၀၈ အခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေ ရှုပ်ထွေးမှုတွေ များပြားဆဲပဲ ရှိနေပါသေးတယ် ။

ကျွန်တော်ဟာ ၁၉၈၉ ခုနှစ်က ကိုယ်ကိုယ်တိုင် တကယ်မကျူးလွန်တဲ့ အမှုနဲ့ သေဒဏ်နဲ့ တစ်သက် တစ်ကျွန်းပြစ်ဒဏ်တွေ ကျခဲ့ရကာ ထောင်ထဲမှာ ၂၃ နှစ်နေခဲ့ရပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လို့ ၂၀၁၂ ခုနှစ်ကျမှ ပြန်လည် လွတ်မြောက်လာ ခဲ့ပါတယ် ။နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ကျွန်တော်ဟာ အဲဒီအချိန်က နောက်ဆုံးလွတ်လာခြင်း ပဲဖြစ်ပါတယ် ။ကျွန်တော်ဖော်ပြမယ့် ကျွန်တော့ရဲ့ဖြစ်စဉ်မှာတော့ အဲဒီခေတ်က တာဝန်အရှိဆုံးပုဂ္ဂိုလ် ဟာ တပ်မတော်ထောက်လှမ်းရေး တဖြစ်လည်း အမျိုးသားထောက်လှမ်းရေးပဲဖြစ်ပါတယ် ။အဲဒီ အထဲကပါဝင်ခဲ့တဲ့သူတချို့ဟာ ယခုထိ သက်ရှိထင်ရှားရှိဆဲလည်းဖြစ်ပါတယ် ။ကျွန်တော်တို့မြန်မာ နိုင်ငံမှာ အများနဲ့တစ်ယောက် ၊ အများနဲ့ တစ်ဖွဲ့ ၊ ဖြစ်ခဲ့တဲ့ပြဿနာအမှုအခင်းတွေကို ကိုယ်တိုင် သက်ရှိထင်ရှားရှိနေတဲ့အချိန်မှာ အမှန်အတိုင်း ၀န်ခံဖို့လိုပါတယ် ။အမှန်အတိုင်းပြောရဲဆိုရဲတဲ့ သတ္တိရှိ ဖို့လိုပါတယ် ။ဒါမှလည်း အသက်ရှင်ချိန်မှာရော နောင်တမလွန်ဘ၀မှာပါ အဆိုးထဲကအကောင်းတွေ ဖြစ်လာနိုင်မှာဖြစ်ပါတယ် ။ပြည်သူလူထုကို လိမ်လို့ ရကောင်းရနိုင်ပေမယ့် မိမိကိုယ်ကိုတော့ လိမ်လို့ မရပါဘူး ။သံသရာအဆက်ဆက် . . ဆက်သွားပါလိမ့်မယ် ။

အမှန်တရားဆိုတာ ကျွန်တော်တို့ အသက်ရှင်သန်နေတုံး တစ်ခဏအတွင်းမှာ ပေါ်ပေါက်သလို ၊ ကျွန်တော်တို့သေဆုံးကြရင်လည်း အမှန်တရားဟာ အမှန်တရားအတိုင်း ဆက်လက်ရှိနေအုံးမှာဖြစ် ပါတယ် ။ ကျွန်တော် ယခုရေးသားဖော်ပြမယ့် အပတ်စဉ်ဆောင်းပါးအစုရဲ့ အချက်အလက်များဟာ အမှန်အတိုင်းဖော်ပြထားတာကြောင့် စစ်အစိုးရ ( တပ်မတော်အစိုးရ ) အဆက်ဆက်တာဝန် ထမ်းဆောင်ခဲ့သော ပုဂ္ဂိုလ်များနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသော ပုဂ္ဂိုလ်များ၊ အမှန်တရားနဲ့ ပတ်သက်ပြီး တစ်ချိန်ချိန်မှာ အမှန်တရားဟာ ဆက်လက်ရှင်သန်နေတယ်ဆိုတာကို ဆင်ခြင်နိုင်ပြီး သတိပြုမိစေဖို့နဲ့ နောင်မျိုးဆက်များ သင်ခန်းစာယူနိုင်စေဖို့ကို ရည်ရွယ်လိုက်ရခြင်းပဲဖြစ်ပါတယ် ။

ခေတ်တွေများတဲ့ နိုင်ငံ

လူတွေဟာ ခေတ်တစ်ခုကနေ ခေတ်တစ်ခုကိုဖြတ်သန်းကြတဲ့အခါ လူတချို့က အေးအေးဆေးဆေးပဲ ဖြတ်သန်းသွားကြပါတယ် ။ တချို့ကတော့ ခက်ခက်ခဲခဲရုန်းကန်ရင်ဆိုင်ရင်း ကျော်ဖြတ် ပေးဆပ် လိုက်ကြရပါတယ် ။တချို့ကျတော့ အဲဒီခေတ်ရဲ့သားကောင်ဖြစ်သွားပြီး သူ့ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်း ကို ပေးဆပ်လိုက်ကြရပါတယ် ။ တချို့ကျတော့ အသက်ပါပေးဆပ်လိုက်ရတာတွေ ရှိပါတယ် ။ကမ္ဘာ့ သမိုင်းကိုပဲ ကြည့်ကြည့်၊ မြန်မာ့သမိုင်းကိုပဲလေ့လာလေ့လာ အဲဒီအဖြစ်သနစ်တွေကို မလွှဲမသွေ တွေ့ကြရမှာပဲဖြစ်ပါတယ် ။ကျွန်တော်တို့တိုင်းပြည်မှာလည်း ပဒေသရာဇ်ခေတ် ၊ ကိုလိုနီခေတ် ၊ လွတ်လပ်ရေးကြိုးပမ်းမှုခေတ်၊ လွတ်လပ်ပြီးခေတ် ၊ စစ်တပ် (တပ်မတော် ) အာဏာသိမ်းပြီး မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ၊ န-ဝ-တ ခေတ် ၊ န-အ-ဖ ခေတ် ၊ ခုတော့ တပ်မတော် ၂၅% ပါတဲ့ လွှတ်တော်ခေတ် စတဲ့ခေတ်တွေ ပြောင်းလဲခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ် ။ ခေတ် တစ်ခေတ် ကနေ ခေတ်တစ်ခေတ်ကိုပြောင်းတိုင်း ကျွန်တော်တို့ ပြည်သူပြည်သား ၊ နိုင်ငံသူ နိုင်ငံသားတွေက တော့ ကျွန်တော့အမြင် ခံဖက်ကချည်းပဲဖြစ်ပါတယ် ။

ခေတ်ကို အေးအေးဆေးဆေးဖြတ်သန်းကြတဲ့သူတွေကတော့ အတိတ်ကံ ၊ ပစ္စုပ္ပန်ကံတွေ အလွန်အမင်းကောင်းနေတာ သို့မဟုတ် မိမိရဲ့အတ္တအကျိုးစီးပွားကို ရှေ့တန်းတင်ပြီး ဘယ်သူ သေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်ရှိသူတွေဖြစ်ကြပြီး လုပ်ပိုင်ခွင့်တွေကို ကိုယ်ကျိုးအတွက် အသုံးချကာ ချဲ့ထွင်ဖန်တီး၊ တိုင်းပြည်ကို ချစ်သယောင်ဆောင်ကာ ပြည်သူပြည်သားတွေရဲ့ ဂုတ်ကို ခွစီးပြီး မတော်မတရားနည်းလမ်းတွေနဲ့ ဘ၀ကိုအဆင်ပြေစွာ ဖြတ်သန်းသွားကြသူ ၊ ဖြတ်သန်းနေကြ သူတွေပဲဖြစ်ပါတယ် ။ ခေတ်ရဲ့သားကောင်ဆိုတာကတော့ အဲဒီခေတ်မှာ ချမ်းသာသည်ဖြစ်စေ ၊ ဆင်းရဲသည်ဖြစ်စေ ၊ ပညာတတ်သည်ဖြစ်စေ ၊ ပညာမတတ်သည်ဖြစ်စေ ၊ အုပ်ချုပ်သူလူတန်းစား တွေက သူတို့ကို မဟုတ်မတရားစွပ်စွဲပြီး ရက်စက်ကြမ်းကြုတ်စွာ စတေးခံရသူတွေပဲဖြစ်ပါတယ် ။ သူတို့ဟာ သူတို့ရဲ့ဘ၀တွေကို တစ်စိတ်တစ်ပိုင်းအားဖြင့် ပေးဆပ်ခဲ့ရသူတွေ ၊သို့မဟုတ် နိုင်ငံအတွက် ပြည်သူလူထုဖက်က ရပ်တည်ရင်း ဘ၀ကိုပေးဆပ်လိုက်ရတဲ့သူတွေပဲ ဖြစ်ပါတယ် ။အဲဒီလူတွေထဲက သေကြေကြတဲ့သူတွေရဲ့ ဘ၀တွေဟာလည်း လွန်စွာမှ ကြေကွဲစရာ ၊ ရင်နာစရာကောင်းပါတယ် ။  ။

သန့်ဇော် ( သန်လျင် )

( ဆက်လက်ဖော်ပြပါမည် )